ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကော်ဖီအကြောင်း သိကောင်းစရာ

          ကော်ဖီပင်သည် ပူနွေးသော တိုင်းပြည်များ၌ အထူးသဖြင့်ပင်လယ်ပြင်အထက်ပေပေါင်း ၁၂ဝဝ နှင့်ပေ၂ဝ⁠ဝဝ ကြားရှိ ရေကောင်းစွာရသော ကုန်းမြင့်ဒေသများတွင် ကောင်းစွာဖြစ်ထွန်းလေ့ရှိသည်။ ကော်ဖီပင်သည် အမြဲစိမ်းအပင်မျိုးဖြစ်၍ အလိုအလျောက် ပစ်ထားလျှင် ပေ ၂ဝ ကျော် မြင့်တတ်သည်။ ကော်ဖီပင်တွင် အရွက်နှင့်အကိုင်းများဆုံသည့် အရွက်ညှာခွများတွင်အလွန် မွှေးကြိုင်သည့်ပန်းဖြူများ အစုလိုက်ပွင့်တတ်ကြသည်။ ကော်ဖီပင်များသည် ၃ နှစ်သားအရွယ်ခန့်တွင်စတင်သီးပွင့် လာကြ၍ ၅ နှစ်သားအရွယ်တွင်သီးအား ပြည့်စုံလာသည်။  တစ်ပင်လျှင်အနှစ် ၂ဝမျှကြာအောင် သီးပွင့်လေ့ရှိသည်။ အသီးများသည်ပထမ၌ အစိမ်းရောင်ဖြစ်၏။ ထိုနောက် ဝါလာပြီးလျှင်နောက် ဆုံးတွင်နီသွားသည်။ ရာသီဥတုကောင်းသောဒေသများတွင် ကော်ဖီပင်သည် တစ်နှစ်လျှင်နှစ်ကြိမ် သုံးကြိမ်တိုင်အောင် ပွင့်နိုင်သီးနိုင်၍ တစ်ပင်တည်းမှာပင်အပွင့်နှင့်အသီးစိမ်း၊ အသီးမှည့်များကိုတစ် ပြိုင်နက် တွေ့ရတတ်သည်။   ကော်ဖီကို အဖျော်ယမကာအဖြစ် မြှင့်တင် ဂုဏ်ပြုသောအားဖြင့်နှစ်စဉ် အောက်တိုဘာ ၁ ရက်ကို “International Coffee Day - အပြည်ပြည်ဆိုင်ရာကော်ဖီနေ့” အဖြစ် သတ်မှတ်ထားသည်။ ကော်ဖီတွင်ရောဂါပိုးမွှားများကို တိုက်ဖျက်ကာကွယ်ပေးနိုင်သည့်ခန္ဓာကိုယ် အကျိုးပြု ဓာတ်တိုးဆန့်ကျင်ပစ္စည်း ( ခေါ် ) antioxidant အာဟာရဓာတ်သတ္တုများစွာပါဝင်နေသည်။ ကော်ဖီသည် ခန္ဓာကိုယ်တွင်းအဆီလောင်ကျွမ်းမှုကို ကော်ဖီကအားပေးကူညီပေးနိုင်သည်။ အသည်းကိုအားကောင်းလာစေသည်။ မြန်မာနိုင်ငံ၏ကော်ဖီစိုက်ပျိုးမှုကို တိုးချဲ့ဆောင်ရွက်နိုင်ပါက ၂၀၃၀ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုသည် တန်ချိန်ခြောက်သောင်းအထိရှိလာမည်ဖြစ်သည်။ မြန်မာနိုင်ငံထွက်ကော်ဖီတို့ကို အမေရိကန်နိုင်ငံ၊ ဥရောပ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့အထိပါတင်ပို့ရောင်းချလျက်ရှိသည်။  အမေရိကန်နိုင်ငံကဲ့သို့သော တင်ပို့သည့် အရည်သွေးမြင့်မြန်မာကော်ဖီသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၇၀၀၀ခန့်ရရှိသည်။  လက်ရှိချိန်၌ မြန်မာနိုင်ငံ၏နှစ်စဉ်ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုသည် တန်ချိန်၇၀၀၀ခန့်ရှိ၍ထက် ဝက်ခန့်ကိုပြည်ပနိုင်ငံများသို့တင်ပို့ရောင်းချလျက်ရှိသည်။[      ကော်ဖီသည် စိုက်ပျိုးသည့် ရေမြေရာသီဥတုပထဝီအနေအထားတို့ကို လိုက်၍ ကော်ဖီစေ့၏အနံ့အရသာတို့အမျိုးအမျိုးကွဲပြားခြားနားလျက် ရှိရာမြန်မာ့ကော်ဖီသည်လည်း ကမ္ဘာ့ကော်ဖီစျေးကွက်တွင်အမည်ကောင်းရရှိထားပြီး ဖြစ်သလိုအရေးပါသည့်တန်ဖိုးမြင့်သီးနှံအဖြစ်တိုးချဲ့စိုက်ပျိုးထုတ်လုပ်တင်ပို့နိုင်ရန်ဆောင်ရွက်လျှက်ရှိသည်။ ကဖိန်း ဓာတ်ကသွေးထဲရှိ ဖက်တီးအက်ဆစ်ပမာဏကိုတိုးပွားစေကာ၊ ထိုအက်ဆစ်တွေကို ခန္ဓာကိုယ် ကြွက်သား များကစုပ်ယူလောင်မြိုက်ပေးသဖြင့်ကိုယ်လက်ကိုက်ခဲ နာကျင်ခြင်း ကိုသက်သာစေသည်။ ထိုနောက် သုတေသန ကော်ဖီကအရေပြားကင်ဆာနှင့်ရင်သားကင်ဆာဖြစ်နိုင်ခြေလွန်စွာ နည်းပါး စေနိုင်ပါသည်။ ကော်ဖီအမျိုးပေါင်း ၈ဝ ခန့်ရှိ၏။  နိုင်ငံတကာတွင် ကော်ဖီကို တန်ဖိုးထားမက်မောစွာ သောက်သုံးကြသလိုမြန်မာနိုင်ငံတွင်လည်း ကော်ဖီသောက်သုံးသည့်အလေ့အထရှိကြသည်။  မြန်မာနိုင်ငံ၌ စျေးကွက်ဝင်ကော်ဖီမျိုးစိုက်ပျိုးလျက်ရှိပါသည်။

       လက်ရှိကော်ဖီစိုက်ဧကသုံးသောင်းကျော်ရှိပြီး ဒေသအလိုက်ကော်ဖီစေ့မှကော်ဖီမှုန့်ဖြစ်လာသည့် အာရေဘီကာနှင့်ရိုဘက်စတာမျိုးနှစ်မျိုးကိုအဓိကစိုက်ပျိုးကြသည်။  ပြင်ဦးလွင်ဒေသသည် ကော်ဖီစိုက်ပျိုးမှုအများဆုံးဖြစ်ပြီးစျေးကွက်အတွင်းနာမည် ရရှိပြီးဖြစ်ပါသည်။   အမေရိကန်တွင် အရက်စွဲနေသူ လူဦးရေတစ်သိန်းနှစ်သောင်းကျော်ကို ၂၂နှစ်ကြာသုတေသနပြုချက်များအရ နေ့စဉ် ကော်ဖီတစ်ခွက်ပုံမှန် သောက်သူတွေမှာ အရက်ကြောင့်ဖြစ်သည့် အသည်းခြောက်ရောဂါဖြစ်နိုင်ခြေ အလားအလာ၂၀ရာခိုင်နှုန်းလျော့ကျစေကြောင်းလေ့လာသိရသည်။  အင်္ဂလန်နိုင်ငံရှိ စမ်းသပ်ချက်အရ အမျိုးသမီးဦးရေ၄၅၆၀၀၀ကို လေ့လာခဲ့ရာ တစ်နေ့ကော်ဖီသုံးခွက်သောက်သုံးလေ့ရှိသော အမျိုးသမီးများမှ သားအိမ်ကင်ဆာဖြစ်ပွားနိုင်မှုအန္တရာယ်ကို ၁၈ရာခိုင်နှုန်းလျှော့ချပေးနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့သည်။  ကော်ဖီသည် စိတ်ကျရောဂါကိုပျောက်ကင်းစေသည်ဟု သုတေသနမှတ်တမ်းများအရ ဆိုနိုင်သည်။ နေ့စဉ်ကော်ဖီစစ်စစ်နှစ်ခွက်သောက်သုံးခြင်းဖြင့် ဦးနှောက်၏စွမ်းအင်ကိုတိုးတက်လာစေနိုင်ကြောင်းနှင့် အဆိုပါတွေ့ရှိမှုကို ဦးနှောက်အမေ့လွန်ရောဂါနှင့်ပတ်သက်သည့် အယ်လ်ဇိုင်းမားဖြစ်ပွားမှုကို လျော့ချပေးနိုင်သည် ပညာရှင်များကဆိုကြပါသည်။ ကော်ဖီတွင်ပါဝင်သောကဖင်းဓါတ်က ခါးသက်သောဓါတ်တစ်မျိုးဖြစ်ကြောင်း ဖော်ပြထားသောလေ့လာမှုများရှိသည်။ ကဖင်းဓါတ်သည် ခန္ဓာကိုယ်၏ဇီဝဖြစ်ပျက်မှုအပေါ်တွင် အကျိုးသက်ရောက်မှုများစွာ ရှိပါတယ်။ ပင်မအာရုံကြောမကိုလှုံ့ဆော်ခြင်းကဲ့သို့သော အာနိသင်များရှိသည့်အတွက် ကော်ဖီသောက်ခြင်းသည် ပိုမိုလန်းဆန်းတက်ကြွစေပြီး အင်အားတက်စေပါသည်။

DOCA(ကယား)

 

မကွေးမြို့ပေါ်၌ အိမ်သုံးဆေးဝါးများ၏ စျေးနှုန်းအခြေအနေ

       မကွေးတိုင်းဒေသကြီးသည် ပူပြင်းခြောက်သွေ့သော အပူပိုင်းဇုံ၌တည်ရှိပြီး ဒီဇင်ဘာလ( ၂၅ )ရက်နေ့မှစ၍ အအေးပိုလာခဲ့ရာ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များမှာ နှာစေးချောင်းဆိုးများ၊ ဖျားနာမှုများ ဖြစ်ပွားလျက်ရှိရာ မကွေးမြို့ပေါ်ရှိဆေးဆိုင်များတွင် ဖျားနာမှုအတွက် အဓိကဝယ်ယူလျက်ရှိရာ အိမ်သုံးဆေးဝါးများမှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ပထမအပတ်နှင့် ဒုတိယအပတ်တွင် ဆေးဝါးစျေးနှုန်းများ အတက်အကျရှိကြောင်း သိရှိရပါသည်။

       မကွေးမြို့ပေါ်ရှိ စျေးကွက်အတွင်းဖြစ်ပေါ်လျက်ရှိသော အိမ်သုံးဆေးဝါးနှင့် အိမ်သုံးအားဆေးများ၏စျေးနှုန်းများမှာ ဇန်နဝါရီလပထမအပတ်နှင့် ဒုတိယအပတ်တို့တွင် စျေးနှုန်းပြောင်းလဲလျက်ရှိပြီး အိမ်သုံးဆေးဝါးများ၏ စျေးနှုန်းများမှာ Paracetamol (၁၀) လုံးပါ တစ်ကဒ်လျှင် ကျပ်(၃၅၀)၊ Biogesic (၁၀) လုံးပါ တစ်ကဒ်လျှင် ကျပ်(၁၃၀၀)၊  Cetrine (၁၀) လုံးပါ တစ်ကဒ်လျှင် ကျပ်(၂၅၀)၊ ဓါတ်ဆား MPF တစ်ထုပ်လျှင် ကျပ်(၃၀၀)၊  Sara (၁၀) လုံးပါ တစ်ကဒ်လျှင် ကျပ်(၉၀၀)၊ Flemex (၁၀) လုံးပါ တစ်ကဒ်လျှင် ကျပ်(၃၂၅၀)၊    Alexal (၁၀) လုံးပါ တစ်ကဒ်လျှင် ကျပ်(၂၅၀၀)၊ Mexagrip (၄) လုံးပါ တစ်ကဒ်လျှင် ကျပ်(၇၅၀)တို့ဖြင့် အသီးသီးစျေးနှုန်းတည်ငြိမ်လျက်ရှိပြီး Solumx (၄)လုံးပါ တစ်ကဒ်လျှင် ယခင်အပတ်တွင် ကျပ်(၁၅၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၁၄၅၀)ဖြစ်ပြီး ကျပ်(၅၀)စျေးလျော့ခဲ့ကြောင်း၊ Decogin (၁၀)လုံးပါ တစ်ကဒ်လျှင် ယခင်အပတ်တွင် ကျပ်(၂၀၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၁၄၀၀)ဖြစ်ပြီး ကျပ်(၆၀၀) စသည်ဖြင့် စျေးလျော့ခဲ့ကြောင်းသိရပါသည်။Bermeton အလုံး (၁၀၀) ပါတစ်ဘူးလျှင် ယခင်အပတ်တွင် ကျပ်(၁၀၀၀)ဖြစ်ပြီး၊ ယခုအပတ်တွင် ကျပ်(၁၆၀၀)ဖြစ်၍ ကျပ်(၆၀၀) စျေးမြင့်ခဲ့ကြောင်း၊ Amoxacillin အလုံး (၁၀၀) ပါတစ်ဘူးလျှင် ယခင်အပတ်တွင် ကျပ်(၃၅၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၅၀၅၀)ဖြစ်၍ ကျပ်(၁၅၅၀) ‌စျေးမြင့်ခဲ့ကြောင်း၊ Civit အလုံး( ၁၀၀ )ပါ တစ်ဘူးလျှင် ယခင်အပတ်တွင် ကျပ်(၁၄၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၀၀၀)ဖြစ်၍ ကျပ်(၆၀၀)ဖြင့် စျေးမြင့်တက်လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)

ဈေးကွက်အတွင်း ဈေးနှုန်းတည်ငြိမ်နေသော အုန်းသီးဈေးနှုန်း

         ကယားပြည်နယ်တွင် အုန်းသီးကို လွိုင်ကော်မြို့၊လောပိတကျေးရွာ၊ မှုံပြာကျေးရွာ၊ ဘောလခဲ ခရိုင်ရွာသစ်မြို့ ဖားဆောင်မြို့တို့တွင် မိသားစုအပိုဝင်ငွေရရှိစေရေးအတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုး ကြပြီး ဒေသအတွင်းထွက်ရှိသော အုန်းသီးကို မြန်မာရိုးရာမုန့်များပြုလုပ်ရာတွင် အသုံးပြုရန်အတွက်လည်းကောင်း၊ အုန်းသီးကို အုန်းဆီ အဖြစ် ထုတ်လုပ်၍ရောင်းချကြပါသည်။ ယခုဇန်နဝါရီအတွင်း ဖြစ်ပေါ်နေသောအုန်းသီးဈေးနှုန်းမှာ အုန်းသီးအလုံးသေးတစ်လုံးလျှင် ( ၈၀၀ )ကျပ်အုန်းသီး အလုံးကြီး တစ်လုံးလျှင်(၁၀၀၀)ကျပ်ခန့်ရှိပြီး ယခင်ဒီဇင်ဘာလနှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်းပြောင်းလဲသွားခြင်း မရှိဘဲ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း အုန်းသီးရောင်းချနေသူတစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)

ချောက်မြို့နယ်၌ ဆီထွက်သီးနှံတိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ဆောင်းနေကြာများ စိုက်ပျိုးမှုအခြေအနေ

        မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ဆီထွက်သီးနှံကဏ္ဍ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ယခုနှစ်တွင် ဆောင်းနေကြာအား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှ စတင်စိုက်ပျိုးခဲ့ရာ (၄၀၃)ဧက စိုက်ပျိုးထားပြီးဖြစ်ကြောင်း ချောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနစာရင်းများအရ သိရှိရပါသည်။

        ချောက်မြို့နယ်အနေဖြင့် သဲဆန်သည့် မြေအနေအထားဖြစ်သည့်အတွက် ဆောင်းနေကြာစိုက်ပျိုးမှုအား ယခုနှစ်မှစတင်၍ ဆီထွက်သီးနှံကဏ္ဍ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက်ရည်ရွယ်ပြီး စလေဥမင်ကိုးပေါက်ကို လျှပ်စစ်မြစ်ရေတင်မှလည်းကောင်း၊ ပခန်းငယ်မြစ်ရေတင်မှလည်းကောင်း ရေသွင်းပြီး ယာမြေ၊ ကိုင်းကျွန်းမြေများတွင် သီးထပ်၊ သီးညှပ်စိုက်ပျိုးခြင်းအပြင် သီးသန့်စိုက်ပျိုးခြင်းများဖြင့်လည်း စိုက်ပျိုးလျက်ရှိကြောင်း၊ ဆောင်းနေကြာစိုက်ပျိုးမှုအား ယခုနှစ်တွင် (၁၃၂၂)ဧက စိုက်ပျိုးရန်လျာထားပြီး ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှ စတင်၍စိုက်ပျိုးခဲ့ရာ ဇန်နဝါရီလ(၁၀)ရက်နေ့အထိ ဆောင်းနေကြာ (၄၀၃) ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မျိုးများမှာ ဆင်းရွှေကြာ(၂)၊ ရေဆင်း(၁)စပ်မျိုး နေကြာတို့ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

မန္တလေးလိုင်းသမားများဝယ်ယူမှုရှိသဖြင့် နှမ်းဈေးများပြန်မြင့်လာ

ပြည်ဈေးကွက်၌ ၂၀၂၃ ခုနှစ်၏ နှစ်စဖြစ်သော ဇန်နဝါရီလ ဒုတိယပတ်တွင် နှမ်းနက်နှင့် စမုံနက်နှမ်းများ ဝယ်လိုအားများလာသဖြင့် ဈေးပြန်မြင့်လာခဲ့ပါသည်။ တရုတ်နိုင်ငံသို့ တင်ပို့ရန်အတွက် မန္တလေးလိုင်းသမားများက ဝယ်ယူမှုရှိသဖြင့် ဈေးနှုန်းများမြင့်တက်လာသည်ဟု သိရှိရပါသည်။ နှမ်းနီမှာ ဒေသတွင်းဆီစက်သမားများက ဆီကြိတ်ရန်အဝယ်ရှိသော်လည်း ပြည်ခရိုင်တွင် နှမ်းနီစိုက်ပျိုးမှုနည်းသွားသဖြင့် အခြားတိုင်းများသို့သွားရောက်၍ ဝယ်ယူကြိတ်ခွဲရသည်ဟု သိရှိရပါသည်။ နှမ်းဈေးများမှာ ယခင်နှစ်ကထက်စာလျှင် ယခုနှစ်အစတွင် ဈေးနှုန်းများမြင့်တက်လာခဲ့ပါသည်။ နှမ်းစိုက်ဧကမှာ ယခင်နှစ်တွင် ၆၉၃၃၉ ဧကစိုက်ပျိုးခဲ့ပြီး၊ ယခုနှစ်တွင် ၇၃၉၄၈ ဧကစိုက်ပျိုးနိုင်ခဲ့သဖြင့် ယခုနှစ်တွင် စိုက်ဧကများပြီး ဈေးနှုန်းများလည်း မြင့်တက်လာခဲ့ပါသည်။

DOCA(ပဲခူး)

ပြည်ကုန်စည်ဒိုင်၏ ဇန်နဝါရီလပဲဈေးနှုန်းဈေးကွက်အခြေအနေ

       ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲဈေးနှုန်းများတွင် ပြည်ပသို့တင်ပို့သော မတ်ပဲ၊ ပဲတီစိမ်းဈေးများမှာ ကျဆင်းလျက်ရှိနေပါသည်။ ပဲစင်းငုံနှင့် ကုလားပဲဈေးမှာ မြင့်တက်လာခဲ့ပါသည်။

     ပြည်ကုန်စည်ဒိုင်တွင် ဇန်နဝါရီလ ပထမတ်တွင် မတ်ပဲတစ်တင်းကို ၅၅၀၀၀-၅၅၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး တစ်ရက်ကို အိတ် ၁၀၀/၂၀၀ ခန့် ရန်ကုန်အဝယ်ရှိပါသည်။ ပဲအသစ်များလည်း အဝင်ရှိပြီး တစ်ရက်လျှင် အိတ် ၂၀၀ ခန့် ပန်းတောင်းနှင့်ကံမဘက်မှ အဝင်ရှိပါသည်။ ဇန်နဝါရီလ ဒုတိယပတ်မှာ မတ်ပဲတစ်တင်းကို ၅၃၃၀၀-၅၃၅၀၀ ကျပ်ဖြင့် တစ်ရက်လျှင် အိတ် ၁၀၀/၂၀၀ ခန့် အရောင်းအဝယ်ရှိပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ပဲတစ်တင်းကို ၁၅၀၀-၂၀၀၀ ကျပ်ခန့် ဈေးလျော့ခဲ့ကြောင်း သိရှိရပါသည်။

      ဇန်နဝါရီလ ပထမပတ်တွင် ပဲတီစိမ်းတစ်တင်းကို ၄၅၀၀၀ ကျပ်ဖြင့် ရန်ကုန်၊ မန္တလေးဝယ်လက်တစ်ရက်လျှင် အိတ် ၅၀၀-၆၀၀ ခန့်အဝယ်ရှိပါသည်။ ဒုတိယပတ်တွင် ပဲတီစိမ်းဈေးတက်လာပြီး ပဲတစ်တင်းကို ၄၅၀၀၀-၄၆၀၀၀ ကျပ်ဖြင့် မန္တလေးအဝယ်တစ်ရက်လျှင် အိတ် ၂၀၀/၃၀၀ ခန့်တင်ပို့မှုရှိပါသည်။ ယခင် ပထမပတ်ထက် ဒုတိယပတ်တွင် ပဲတီစိမ်းတစ်တင်းလျှ်း ၁၀၀၀ ကျပ်ခန့်မြင့်တက်လာခဲ့ပါသည်။

      ပြည်ကုန်စည်ဒိုင်တွင် ဇန်နဝါရီလ ပထမပတ်၌ ပဲစင်းငုံတစ်တင်းကို ၅၅၀၀၀-၅၅၂၀၀ ကျပ်ဖြင့် တစ်နေ့လျှင် အိတ် ၂၀၀/၃၀၀ ခန့်အဝယ်ရှိပါသည်။ ပဲသစ်များအဝင်ရှိပြီး တစ်ရက်လျှင် အိတ် ၂၀၀ ခန့် ပန်းတောင်း၊ ကံမဘက်မှအဝင်ရှိပြီး ပဲတစ်တင်းကို ၅၅၀၀၀ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပါသည်။ ဒုတိယ ပတ်တွင် ပဲစင်းငုံတစ်တင်းကို ၅၆၀၀၀-၅၆၁၀၀ ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် ၂၀၀/ ၃၀၀ ခန့်အဝယ်ရှိခဲ့ပါသည်။ ပထမပတ်နှင့် ဒုတိယပတ်နှိုင်းယှဉ်လျှင် ပဲစင်းငုံတစ်တင်းလျှင် ၁၀၀၀ ကျပ်ခန့် ဈေးမြင့်ခဲ့ကြောင်း သိရှိရပါသည်။

    ပြည်ကုန်စည်ဒိုင်တွင် ဇန်နဝါရီလ ပထမပတ်တွင် ကုလားပဲ (Hl) တစ်တင်းကို ၆၆၀၀၀-၆၆၅၀၀ - ၆၇၅၀၀ ကျပ်၊ ကုလားပဲ (မြကြေးမှုံ) တစ်တင်းကို ၆၅၀၀၀- ၆၆၀၀၀- ၆၇၀၀၀- ၆၇၅၀၀ ကျပ်ဖြင့် တစ်ရက်လျှင် အိတ် ၃၀၀/၄၀၀ ခန့် မြို့တွင်းအဝယ်ရှိခဲ့ပါသည်။ ဇန်နဝါရီလ ဒုတိယပတ်တွင် ကုလားပဲ (HL) တစ်တင်းကို ၆၆၀၀၀-၆၆၅၀၀-၆၇၀၀၀ ကျပ်၊ ကုလားပဲ (မြကြေးမှုံ) တစ်တင်းကို ၆၅၀၀၀-၆၆၀၀၀ ကျပ်ဖြင့် ခွဲစက်သမားနှင့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။

      ပြည်ကုန်စည်ဒိုင်၏ ဇန်နဝါရီလ ပထမပတ်တွင် ဘိုကိတ်တစ်တင်းကို ၃၉၀၀၀-၃၉၅၀၀ ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်လျှင် အိတ် ၅၀/၁၀၀ ခန့် မြို့တွင်းအဝယ်ရှိခဲ့ပါသည်။ ဇန်နဝါရီလ ဒုတိယပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၃၉၀၀၀၊ ၃၉၅၀၀၊ ၄၀၀၀၀ ကျပ်ဖြင့် မြို့တွင်းအဝယ်နှင့် ရန်ကုန်ဝယ်လက် အဝယ်တစ်ရက်လျှင် အိတ် ၅၀/၁၀၀ ခန့်အဝယ်ရှိခဲ့ပါသည်။

       ပြည်ကုန်စည်ဒိုင်တွင် ဇန်နဝါရီလ ဒုတိယပတ်တွင် မတ်ပဲဈေးကျနေခဲ့ပါသည်။ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ ဘိုကိတ်ပဲ အရောင်းအဝယ်များမှာ အေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

         ၂၀၂၃ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်(ဟောင်း) တစ်ပြည် ၃၇၀၀ကျပ်၊ ဧရာမင်းဆန်(ဟောင်း) တစ်ပြည် ၂၈၀၀ကျပ်၊ရွှေဘိုပေါ်ဆန်းဆန်(သစ်) တစ်ပြည် ၂၅၀၀ကျပ်၊ ဧရာမင်းဆန်(သစ်) တစ်ပြည် ၂၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ကြက်သွန်နီ(သစ်) လက်လီဈေးမှာ (ကြီး) တစ်ပိဿာ ၂၃၀၀ကျပ်၊ (လတ်) တစ်ပိဿာ ၁၈၀၀ကျပ်၊ (သေး)တစ်ပိဿာ ၁၃၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျင် ၃၅၀၀ကျပ်မှ ၄၀၀၀ကျပ်ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၄၅၀၀ကျပ်မှ ၅၀၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာ ၅၀၀၀ကျပ်မှ ၆၀၀၀ကျပ်ထိ၊ ချင်းတစ်ပိဿာ ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်ထိ ၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၇၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ အာလူးတစ်ပိဿာ ၁၈၀၀ကျပ်မှ ၂၆၀၀ကျပ်ထိ ၊ခရမ်းချဉ်သီး တစ်ပိဿာ ၁၆၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။

         ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံး ၂၅၀ကျပ်၊ (သေး) တစ်လုံး ၂၀၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံး (၃၀၀)ကျပ်၊ (သေး)တစ်လုံး (၂၅၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာ ၇၀၀၀ကျပ်မှ ၉၀၀၀ကျပ်ထိ၊ကြက်သား (ဗမာ)တစ်ပိဿာ ၁၀၀၀၀ ကျပ်မှ ၁၃၀၀၀ကျပ်ထိ၊  ဝက်သား တစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊  ငါးမြစ်ချင်း တစ်ပိဿာ ၇၀၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာ ၆၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။

          စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျင် ၁၀၀၀၀ကျပ်မှ ၁၁၀၀၀ကျပ်ထိ၊  စားအုန်းဆီ တစ်ပိဿာလျင် ၆၀၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျင် ၉၅၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

         

                                                                              

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ ဇန်နဝါရီလ ဒုတိယအပတ် ဘိလပ်မြေနှင့် ဓာတ်မြေဩဇာဈေးနှုန်းအခြေအနေ

         ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ဈေးကွက်တွင် ဇန်နဝါရီလ ဒုတိယအပတ်၌ ဘိလပ်မြေ ဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၄၃၀၀)ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၅၅၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၅၅၀၀)ကျပ် ဖြစ်ပါသည်။ တာချီလိတ် မြို့အတွင်းရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၃၄၀၀)ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၄၈၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၄၈၀၀)ကျပ် ဖြစ်ပါသည်။

         ဇန်နဝါရီလ ဒုတိယအပတ်တွင် ကျိုင်းတုံမြို့အတွင်းရှိ ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ(MEP) (50)kg တစ်အိတ်လျှင် (၉၇၀၀၀)ကျပ်၊ တီဆူပါ (လေဆာ) (50)kg တစ်အိတ်လျှင် (၁၉၀၀၀)ကျပ်၊ တီဆူပါ (may) (50)kg တစ်အိတ်လျှင် (၁၉၀၀၀)ကျပ်၊ ချာန (သုံးမျိုးစပ်) (50)kg တစ်အိတ်လျှင် (၁၄၂၀၀၀)ကျပ် ဖြစ်ပါသည်။ တာချီလိတ်မြို့အတွင်းရှိ ဓာတ်မြေဩဇာ ဈေးနှုန်းများမှာ ပုလဲ (၄၆%) (50)kg တစ်အိတ်လျှင် (၁၃၇၄၀၀)ကျပ်၊ ကွန်ပေါင်း (၁၅ပတ်လည်) (50)kg တစ်အိတ်လျှင် (၁၂၉၁၀၀) ကျပ်၊ ကွန်ပေါင်း (50)kg တစ်အိတ်လျှင် (၁၂၉၁၀၀)ကျပ် ဖြစ်ပါသည်။

          ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ဘိလပ်မြေဈေးနှုန်းများမှာ ယခင် ဒီဇင်ဘာလ ဒုတိယအပတ် ထက် ဈေးနှုန်းအနည်းငယ် ကျဆင်းလာပါသည်။ ဓာတ်မြေဩဇာဈေးနှုန်းအနေဖြင့် ပုလဲ (၄၆%) နှင့် ကွန်ပေါင်း (၁၅ပတ်လည်)သည် ယခင် ဒီဇင်ဘာလ ဒုတိယအပတ်ထက် ဈေးနှုန်းအနည်းငယ် မြင့်တက်ပါကြောင်းနှင့် ကွန်ပေါင်း၊ ပုလဲ (MEP)၊ တီဆူပါ (လေဆာ)၊ တီဆူပါ (may)၊ ချာန (သုံးမျိုးစပ်)များမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

မုံရွာမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

         ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်အတွင်း မုံရွာမြို့နယ်တွက် အခြေခံစားကုန်များ ဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် (၃၄၀၀)ကျပ်၊ ဧရာမင်းဆန်တစ်ပြည်အဟောင်း (၂၆၀၀) ကျပ်နှင့် ဧရာမင်းဆန်တစ်ပြည်အသစ်(၂၁၀၀)ကျပ်ဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိဿာလျှင်(၅၇၅၀)ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင်(၉၅၀၀) ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၉၅၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီ တစ်ပိဿာလျှင် (၂၈၀၀)ကျပ်မှ (၃၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူလက်လီ(ဗမာ) တစ်ပိဿာ လျှင် (၅၅၀၀)ကျပ်မှ (၆၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်း)တစ်ပိဿာလျှင် (၅၀၀၀)ကျပ်မှ (၅၅၀၀)ကျပ်ထိ၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် (၅၀၀၀)ကျပ်မှ(၅၅၀၀)ကျပ်ထိ၊ ချင်း တက်တစ်ပိဿာ လျှင် (၁၅၀၀)ကျပ်မှ (၁၆၀၀) ကျပ်ထိ၊ ငရုတ်ခြောက်အမျိုးအစားအလိုက်  (၁၆၀၀၀)  ကျပ် မှ (၁၇၀၀၀)ကျပ်ထိ၊ အာလူး (၂၃၀၀)ကျပ်မှ (၂၄၀၀) ကျပ်ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၂၃၀၀)ကျပ်မှ (၂၄၀၀)ကျပ်တို့ ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

        ကြက်ဥလက်လီဈေးနှုန်းမှ ကြီး တစ်လုံး(၂၅၀)ကျပ်၊ အသေးတစ်လုံး(၂၀၀)ကျပ်၊ ဘဲဥ(ကြီး) တစ်လုံး (၃၀၀)ကျပ်၊ သေးတစ်လုံး(၂၅၀)ကျပ်ရှိသည်။ မုံရွာမြို့၏ သား/ ငါးဈေးနှုန်းမှ ကြက်သား (CP) တစ်ပိဿာ( ၈၅၀၀)ကျပ်မှ  (၉၀၀၀)ကျပ်ထိ ၊ ကြက်သား(ဗမာ) တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာ(၁၅၀၀၀)ကျပ်မှ (၁၆၀၀၀) ကျပ်ထိ၊ အမဲသားတစ်ပိဿာ (၁၆၀၀၀) ကျပ်မှ (၁၈၀၀၀)ကျပ်ထိ၊ ငါးမြစ်ချင်းတစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၆၀၀၀) ကျပ် တို့ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

          ဇန်နဝါရီလ ဒုတိယပတ်တွင် အခြေခံစားကုန်များဖြစ်သည့် စားအုန်းဆီနှင့်  ခရမ်းချဉ်သီး ဈေးနှုန်းများသည် ယခင်ပတ်ထက်  ဈေးအနည်းငယ်တက်ပြီ ကျန်အခြေခံစားကုန်များသည် ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့နယ်ရှိ ကွမ်းဈေးနှုန်းဈေးကွက်အခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တပိုင်အနေဖြင့် လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုး ခွဲစိုက်ပျိုးကြပြီး မိုးစိုက်သည် ပိုးကျလွယ်သည့် အတွက် အစိုက်နည်းပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်းသိရသည်။

        ကွမ်းပင်များကို  ဝါဆိုလ(ဇွန်လ)တွင် စိုက်ပျိုးကြပြီး ကွမ်းပျိုးပင် တစ်ပင်လျှင် ကျပ်(၄၀၀-၅၀၀)ပေးဝယ်ရပြီး တစ်ဧကလျှင် ကွမ်းပင် (၃၀၀၀)ခန့် စိုက်ပျိုးရသည်။ စိုက်ပျိုးပြီး လေးလခန့် အရွယ်တွင် ခူးဆွတ်နိုင်ပြီး အစမ်းခူးသည့် အချိန်တွင် ပိဿာ(၄၅-၅၀)ထွက်ရှိကာ တစ်နှစ်ကျော်လျှင် အထွက်နှုန်းတိုးလာပြီး ပိဿာ(၂၀၀-၂၅၀)အထိထွက်ရကြောင်း၊ မြေပြုပြင်ခြင်း၊ မျိုး၊ စိုက်ပျိုးခြင်း၊ သွင်းအားစုနှင့် လုပ်သားခများအပါအဝင် ကွမ်းအပင်ရေ ၁၀၀၀ ခန့် စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျ စရိတ်မှာ ကျပ် ၁၅ သိန်းခန့် ကုန်ကျပြီး မြေဆီမြေသားကောင်းမွန်မှုနှင့် ဂရုစိုက်မှုပေါ်မူတည်၍ ကွမ်းသက်တမ်း ( သုံးနှစ်မှ ခုနှစ်နှစ်အထိ )ကြာမြင့်သောကြောင့် အကျိုးအမြတ်အနေဖြင့် ငွေကျပ် သိန်း ၃၀ နှင့်အထက်ရရှိကြောင်း သိရသည်။     

        မုံရွာမြို့နယ် ကွမ်းဈေးကွက်အနေဖြင့် ဇန်နဝါရီ ပထမအပတ်တွင် ကွမ်းတစ်ပိဿာလျှင် ကျပ်(၁၀၅၀၀-၁၁၀၀၀) ဈေးရရှိပြီး ယခု ဇန်နဝါရီ ဒုတိယအပတ်တွင် အရည်အသွေးအပေါ် မူတည်ပြီး တစ်ပိဿာလျှင် အနိမ့်ဆုံးဈေး ငွေကျပ် ၉၀၀၀ မှ အမြင့်ဆုံးဈေး ကျပ်(၁၂၀၀၀-၁၃၀၀၀) အထိရောင်းချရပြီး အရောင်းအဝယ်သွက်နေကြောင်း ကွမ်းစိုက်ပျိုးသူများထံမှ သိရှိရပါသည်။   

DOCA (စစ်ကိုင်း)                                                                   

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း