ပြည်ပကုန်သွယ်မှုသတင်းများ
ထိုင်းဆန်စျေးနှုန်းများမှာ ၁၀၀မှတ်ဘီဂရိတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၆၄၄ဖြင့်လည်းကောင်း၊ ၂၅မှတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၅၉၉ဖြင့်လည်းကောင်း ပေါင်းဆန်စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ၆၃၃ဖြင့် စျေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်းသိရှိရသည်။
ဗီယက်နမ်ဆန်ဈေးနှုန်းများမှာ ၅မှတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၅၈၈ဖြင့်လည်းကောင်း၊ ၂၅မှတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၅၆၇ဖြင့် ဈေးအနည်းငယ်ကျဆင်းသွားပြီး ဆန်ကွဲစျေးနှုန်းတို့ကိုဖော်ပြထားခြင်းမရှိပါ။

မွန်ဘိုင်းဈေးကွက်ဖွင့်ချိန်တွင် မြန်မာ့မတ်ပဲ FAQ မှာ ၁ကွမ်တယ် ၈၆၅၀ရူပီးနှင့် မြန်မာ့ပဲစင်းငုံနီမှာ ၁ ကွမ်တယ် ၁၀၂၅၀ရူပီးဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်ခဲ့သည်။ ၂၀၂၄ခုနှစ်၊ မတ်လ ၁၁ရက်နေ့ အပိတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ပဲစင်းငုံနီမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်းသိရှိရသည်။ (၁ကွမ်တယ်ဈေးဖြစ်ပြီး ၁၀၀ကီလိုဂရမ်နှင့်ညီမျှသည်)
မွန်ဘိုင်းဈေးကွက်ပိတ်ချိန်တွင် မြန်မာ့မတ်ပဲ FAQ မှာ ၁ကွမ်တယ် ၈၇၅၀ရူပီးနှင့် မြန်မာ့ပဲစင်းငုံနီမှာ ၁ကွမ်တယ် ၁၀၂၀၀ရူပီးဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်ခဲ့သည်။ ၂၀၂၄ခုနှစ်၊ မတ်လ ၁၃ရက်နေ့၏ အဖွင့်ဈေးနှင့်နှိုင်းယှဉ်ပါက မတ်ပဲ FAQ မှာ ၅၀ရူပီးဈေးနှုန်းမြင့်တက်လာပြီး ပဲစင်းငုံနီမှာ ၁၀၀ရူပီးဈေးနှုန်းကျဆင်းနေကြောင်းသိရှိရသည်။ (၁ကွမ်တယ်ဈေးဖြစ်ပြီး ၁၀၀ကီလိုဂရမ်နှင့်ညီမျှသည်)

ဥရောပသမဂ္ဂသို့ ကမ္ဘောဒီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ အင်ဒီကာအုပ်စုဝင်ဆန်များ တင်သွင်းမှု မြင့်တက်လာသဖြင့် ပြည်တွင်းလုပ်ငန်းကာကွယ်ရေး အစီအမံများကို ချမှတ်ကျင့်သုံးမည်ဟု ဥရောပကော်မရှင်က ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရပါသည်။
မလေးရှားစားအုန်းဆီဈေးကွက်၌ ကမ္ဘာ့ထိပ်တန်း ဝယ်လက်နိုင်ငံများ၏ ဝယ်လိုအား ကောင်းမွန်သည့်အတွက် ၂၀၂၄ ခုနှစ်တွင် အပေါင်းလက္ခဏာဆောင်မည့် ဈေးကွက်အခြေအနေ ဖြစ်ပေါ်နိုင်ကြောင်း၊ စားအုန်းဆီ တင်ပို့မှုဈေးကွက်ဝေစုတွင် အိန္ဒိယသည် ၁၇.၄%၊ တရုတ်သည် ၉.၁% နှင့် ဥရောပသမဂ္ဂ(EU)သည် ၇.၄% ပါဝင်နိုင်ကြောင်းဖြင့် မလေးရှား ဥယျာဉ်ခြံ စိုက်ခင်းနှင့် ကုန်စည်ရေးရာဝန်ကြီး Mr. Datuk Seri Johari Abdul Ghani က ပြောကြားခဲ့ပါသည်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကုန်တွင် မလေးရှားစားအုန်းဆီ လက်ကျန်အခြေအနေမှာ ယခင်လထက် ၅% ကျဆင်းခဲ့ပြီး ပမာဏအားဖြင့် တန်ချိန် ၁.၉၂ သန်းရှိရာ ၇ လတာ အတွင်း အနိမ့်ဆုံး ဖြစ်ပေါ်ခဲ့သည်ဟု ၁၁-၃-၂၀၂၄ ရက်နေ့တွင် မလေးရှားစားအုန်းဆီဘုတ်အဖွဲ့ (MPOB) က သတင်းထုတ်ပြန်ခဲ့ကြောင်း မလေးရှားအခြေစိုက် The Star သတင်းဌာနက ဖော်ပြပါသည်။
ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာပြီး အရည်အသွေးမြင့်ဆန်ကို ဦးစားပေးမှုကြောင့် ယခုနှစ်တွင် အထူးသဖြင့် ငချိတ်ဆန်နှင့် ဆန်လုံးညိုတို့အား ဟောင်ကောင်နှင့် တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှု တိုးလာမည်ဟု ထိုင်းနိုင်ငံအနေဖြင့် မျှော်လင့်ထားကြောင်း၊ ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံ၊ ရှန်ကျင်းပြည်နယ်တွင် ဖြန့်ဖြူးရေးစင်တာတစ်ခု တည်ထောင်လိုကြောင်း သိရှိရသည်။
ပြည်တွင်း၌ စပါးရိတ်သိမ်းထွက်ရှိမှု ကြီးမားစွာ လျော့နည်းကျဆင်းဖွယ်ရှိသည့် အခြေအနေတွင် ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာ့ဈေးကွက်၌ ဆန်အများဆုံး ဝယ်ယူသည့်နိုင်ငံအဖြစ် ဆက် လက်တည်ရှိပြီး ယခုနှစ်အစောပိုင်းတွင် ခန့်မှန်းထားသည့် ပမာဏထက် ပိုမို၍ ဆန်တင်သွင်းရနိုင်ကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အရှေ့အလယ်ပိုင်းရှိ အကြီးဆုံး နိုင်ငံတကာ အစားအစာနှင့် အဖျော်ယမကာ ကုန်စည်ပြပွဲဖြစ်သည့် Gulfood 2024 ပြပွဲ၌ ထိုင်းဆန်အရောင်းမြှင့်တင်သည့်ပွဲကို စီစဉ်ကျင်းပခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်ရုံး၏ ပြော ရေးဆိုခွင့်ရှိသူ Chai Watcharong က မကြာသေးမီက ထုတ်ဖော်ပြောကြားခဲ့သည်။
အိန္ဒိယ လယ်ယာစိုက်ပျိုးရေးနှင့် လယ်သမားများဖူလုံရေးဝန်ကြီးဌာနမှ နောက်ဆုံး ထုတ် ပြန်သော သီးနှံအထွက်ပမာဏ ခန့်မှန်းချက်များအရ အိန္ဒိယနိုင်ငံတွင် ထိပ်တန်း စပါးစိုက်ပျိုး သည့် အနောက်ဘင်ဂယ်ဒေသသည် ၂ဝ၂၃-၂၄ ခုနှစ် သီးနှံရာသီ (ဇူလိုင်လ-ဇွန်လ) အတွင်း ဆန်စပါးထုတ်လုပ်မှု စတုတ္ထနေရာသို့ ကျဆင်းခဲ့ကြောင်း၊ နွေစပါးသီးနှံ ထွက်ရှိမှုကို ထည့်သွင်း တွက်ချက်လျှင်ပင် ထုတ်လုပ်မှု အနည်းငယ်တိုးတက်ရုံသာရှိပြီး ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနိုင် မည် မဟုတ်ကြောင်း၊ တဲလန်ဂါနာပြည်ကမူ နှစ်စဉ် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်လျက် ဥတာပရာဒေ့ရှ်ပြည်နယ်၏ နောက်တွင် ဒုတိယနေရာသို့ တက်လှမ်းလာခဲ့ကြောင်း သိရှိရပါသည်။
ကမ္ဘာ့ရော်ဘာဈေးနှုန်းများ မြင့်တက်လျက်ရှိသော်လည်း အိန္ဒိယပြည်တွင်း၌ ဈေးနှုန်းများ လိုက်ပါပြောင်းလဲမှု ရပ်တန့်နေသဖြင့် ပြည်တွင်းဈေးကွက် ခိုင်မာအားကောင်းစေရေးအတွက် ပြည်ပတင်ပို့မှုကို မြှင့်တင်ဆောင်ရွက်ရန် အိန္ဒိယတောင်သူများက တောင်းဆိုလျက်ရှိကြောင်း သိရှိရသည်။

ပြည်တွင်းဈေးကွက်၌ လိုအပ်ချက်မြင့်မားလျက်ရှိမှုအပေါ် အရန်ရိက္ခာဖြည့်တင်းနိုင်ရေးအတွက် မြန်မာနိုင်ငံရှိ ပုဂ္ဂလိကကဏ္ဍထံမှ ဆန်နှင့် အခြားလယ်ယာထွက်ကုန်များ ဝယ်ယူရရှိနိုင်ရန် ဘင်္ဂလားဒေ့ရှ် အစိုးရက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
