ပြည်ပကုန်သွယ်မှုသတင်းများ
အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၃ ခုနှစ်အတွင်း ဆန်တန်ချိန် ၂ သန်းကို ပြည်ပမှ တင်သွင်းရန် စီစဉ်လျက်ရှိရာ ဗီယက်နမ်ဆန်ကုန်သည်များအနေဖြင့် နိုင်ငံတကာဈေးကွက် အခြေအနေကို အနီးကပ် စောင့်ကြည့်လျက် ဖြစ်ပေါ်လာသည့်အခွင့်အလမ်းကို ရယူနိုင်ရေးလိုအပ်သော အစီအမံများ ပြင်ဆင်ဆောင်ရွက်ရန် ဗီယက်နမ် ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနက တိုက်တွန်း နှိုးဆော်ထားပါသည်။
ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့အစည်း (Organization for Petroleum Exporting Countries-OPEC) အိုပက်အဖွဲ့ဝင်နိုင်ငံများက တစ်ရက်လျှင် ရေနံစည်ပေါင်း ၁.၁၆ သန်း လျော့ချ ထုတ်လုပ်မည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့အပြီးတွင် ရေနံစိမ်းဈေးနှုန်းများမှာ ၈% အထိ မြင့်တက်လာကြောင်း သိရှိရပါသည်။
အိန္ဒိယနိုင်ငံ၌ တောင်သူများအနေဖြင့် သင့်တင့်သည့် ဈေးနှုန်းရရှိနိုင်စေရေးအတွက် ယခုနှစ် ဆောင်းသီးနှံရာသီစိုက်ပျိုးမှုမှ ထွက်ရှိမည့် ကြက်သွန်နီသီးနှံ တန်ချိန် ၃ သိန်းကို အစိုးရ၏ ဝယ်ယူရေးအေဂျင်စီများက ဝယ်ယူမည်ဖြစ်ကြောင်း အိန္ဒိယစားသုံးသူရေးရာ၊ စားနပ်ရိက္ခာနှင့် ပြည်သူ့ဖြန့်ဖြူးမှုရေးရာ ဝန်ကြီး Mr.
တင်းကျပ်သောမူဝါဒ စည်းမျဉ်းစည်းကမ်းများကြောင့် စားအုန်းဆီပင်သစ်များ တိုးမြှင့်စိုက်ပျိုးမှု လျော့ကျလာမှုနှင့်အတူ လတ်ဆတ်သောသီးနှံအခိုင်များ (Fresh fruit bunches - FFB) ဖြစ်ထွန်းမှုနည်းပါးလာခြင်းနှင့် ကုန်ကျစရိတ်များ မြင့်တက်လာခြင်းတို့ကြောင့် ကာလရှည်တွင် စားအုန်းဆီတိုးချဲ့ထုတ်လုပ်နိုင်မှု အလားအလာများ လျော့ကျသွားနိုင်ကြောင်း မလေးရှားနိုင်ငံ အခြေစိုက် Kenanga သုတေသနအဖွဲ့က အသိပေးထားပါသည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း အင်ဒိုနီးရှားနိုင်ငံ၌ စားအုန်းဆီလက်ကျန်အခြေအနေသည် ထုတ်လုပ်မှုကို လျော့နည်းစေသော်လည်း တန်ချိန် ၃.၀၉၉ သန်းအထိ တင်ပို့နိုင်ခဲ့ကြောင်း အင်ဒိုနီးရှားစားအုန်းဆီအသင်းက မတ်လ ၂၇ ရက် (တနင်္လာနေ့)တွင် ဖော်ပြသောအချက်အလက် များအရ သိရပါသည်။ ယခုနှစ် ဇန်နဝါရီလ တင်ပို့မှုပမာဏသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလနှင့် နှိုင်းယှဉ်ပါက ၁၃ % လျော့နည်းခဲ့ပြီး ကာလတူ ဇန်နဝါရီလနှင့်နှိုင်းယှဉ်ပါက ၃၄ % လျော့နည်း တင်ပို့ခြင်းဖြစ်သည်။

ရုရှားနိုင်ငံရှိ အကြီးမားဆုံးရေနံထုတ်လုပ်သည့်ကုမ္ပဏီဖြစ်သော Rosneft မှ အမှုဆောင် အရာရှိချုပ် Mr. Igor Sechin နှင့် အိန္ဒိယ ထိပ်တန်းရေနံသန့်စင်သည့် ကုမ္ပဏီ ဖြစ်သော India Oil Corp မှ ဥက္ကဌဖြစ်သူ Mr. Shrikant Madhav Vaidya တို့သည် အိန္ဒိယနိုင်ငံသို့ ရေနံ အဆင့်အတန်း အမျိုးမျိုးဖြင့် အမျိုးစုံစွာ တိုးမြှင့်ရောင်းချနိုင်ရန်အတွက် စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးခဲ့ကြ ကြောင်း သိရှိရသည်။

အိန္ဒိယနိုင်ငံ၌ ဂျုံအဓိကစိုက်ပျိုးသည့် ပန်ဂျပ်၊ ဟာရီယာနာနှင့် ရာဂျပ်စတန် ပြည်နယ်များ တွင် မတ်လ နောက်ဆုံးရက်သတ္တပတ်အတွင်း အချိန်အခါမဲ့ မိုးရွာသွန်းမှုနှင့် မိုးသီးများကျရောက်မှု ကြောင့် ဂျုံစိုက်ပျိုးထားရှိမှု၏ ၂၅% မှ ၅၀% ခန့်အထိ ထိခိုက်ဖွယ်ရှိကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံတွင် ပဲစင်းငုံနှင့် မတ်ပဲတို့၏ ဈေးနှုန်းများသည် တစ်လတာအတွင်း ၈% မှ ၁၀% အထိ မြင့်တက်ခဲ့ပြီး ကုလားပဲဈေးနှုန်းသည်လည်း ၄% မှ ၅% ခန့် မြင့်တက်ခဲ့ရာ ဗဟိုအစိုးရ အနေဖြင့် ဈေးကွက်အခြေအနေ စောင့်ကြည့်ကြပ်မတ်ရေးကော်မတီတစ်ရပ်အား ဖွဲ့စည်း၍ ဈေးကွက်အတွင်း ပဲစင်းငုံ ဝယ်ယူရရှိနိုင်မှုမြှင့်တင်ရေး အစီအမံများကို စတင် လုပ်ဆောင်လျက်ရှိ ကြောင်း သိရှိရသည်။

မကြာသေးမီက ထွက်ရှိလာသည့် သတင်းများအရ တရုတ်နိုင်ငံရှိ စက်ရုံ (၃) ခုက ထိုင်း စံပယ်ဆန်ကို အတုအပပြုလုပ်ခဲ့ကြောင်းနှင့် အခြားသောဆန်များကို အရသာမြှင့်တင်သည့် အနံ့၊ ပစ္စည်းများဖြင့် ပြုပြင်ရောင်းချနေသောကြောင့် ကုန်စည်ထုပ်ပိုးမှုများပေါ်တွင် အသိအမှတ်ပြု တံဆိပ်များအား စစ်ဆေးလျက် ဝယ်ယူသုံးစွဲရန် ထိုင်းနိုင်ငံခြားကုန်သွယ်မှုဌာန (DFT) က စားသုံးသူများအား အကြံပြု ပြောကြားထားပါသည်။

ထိုင်းအာဏာပိုင်များသည် တရုတ်နိုင်ငံ Anhui ပြည်နယ်ရှိ စက်ရုံသုံးခုအပေါ် စံပယ်ဆန်အတုများ ရောင်းချခဲ့မှုအတွက် စွဲချက်တင်ရန် ဆောင်ရွက်လျက်ရှိပြီး တရုတ်နိုင်ငံမှ ဝယ်ယူသူများ ထိုင်းစံပယ်ဆန်စစ်စစ်၏ အရည်အသွေးကို သိရှိနားလည်စေရန်အတွက် စွဲချက်တင်ထားခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ပရာယွန်း အင်ဆာကူ က ပြောကြားခဲ့ပါသည်။

ကမ္ဘာ့စားအုန်းဆီ ဒုတိယအများဆုံးထုတ်လုပ်သည့် မလေးရှားနိုင်ငံအတွင်း ရေလွှမ်းမိုးမှုများနှင့် ဆီအုန်းအပင်အိုများ ရှိခြင်းကြောင့် စားအုန်းဆီဈေးကွက် အကျပ်အတည်းဖြစ်နိုင်ကြောင်း မလေးရှားနိုင်ငံ ဆီအုန်းစိုက်ပျိုးသူများအဖွဲ့က ခန့်မှန်းထားပါသည်။

အိန္ဒိယနိုင်ငံတွင် ၂ဝ၂၂-၂၃ သီးနှံရာသီ (အောက်တိုဘာလ-စက်တင်ဘာလ) အတွင်း ဝါဂွမ်း စိုက်ပျိုးသည့်ဒေသများဖြစ်ကြသော တီလန်ဂါနာ၊ မဟာရာရှ်ထရာ၊ ဟာရီယာနာ၊ ကာနာတကာ၊ ပန်ဂျပ်နှင့် တမီနာဒူ ဒေသများတွင် အထွက်နှုန်း ကျဆင်းမှုနှင့်အတူ ဝါဂွမ်းထွက်ရှိမှုမှာ မူလခန့်မှန်းထားသည့် တစ်ထုပ်လျှင် ၁၇ဝ ကီလိုဂရမ်ဝင် ဝါဂွမ်းထုပ်ရေ (bales) ၃၂၁.၅ သိန်းမှ ၈.၅ သိန်းလျော့ချလျက် အထုပ်ရေ ၃၁၃ သိန်းခန့်သာ ထွက်ရှိနိုင်မည်ဟု ခန့်မှန်းရပါသည်။ ထိုသို့ အထွက်လျော့နည်းမှုကြောင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး မတ်လ ၁၆ ရက်နေ့၌ ဂူဂျရတ်ပြည်နယ်၊ Rajkot ဈေးကွက်တွင် ဝါဂွမ်း တစ်ကွင်တယ် (ဝ.၁ တန်) လျှင် ရူပီး ၈ဝဝဝ သို့မြင့်တ
