ဆီးပင်သည် ပူအိုက်စွတ်စိုသောဒေသများတွင် အလေ့ကျပေါက်ရောက်သော အပင်မျိုးဖြစ်သည်နှင့်အညီ ပူပြင်းသောရာသီဥတုရှိသည့် ပခုက္ကူဒေသတွင်လည်း ယာမြေများဘေး၌ အများအပြား ပေါက်ရောက်လျက်ရှိပါသည်။ အလေ့ကျပေါက်ရောက်သော အပင်မျိုးဖြစ်သော်လည်း ပင်စည်မှစ၍ အသီး၊ အသီးဖတ်များနှင့် အဆံအထိ အသုံးဝင်သော အပင်မျိုးဖြစ်သည်။
ပခုက္ကူဒေသတွင် ဆီးသီးကုန်ကြမ်း ပေါများသဖြင့် ဆီးခွဲစက်လုပ်ငန်းရှင်များ၊ ဖျော်ရည် လုပ်ငန်းရှင်များ၊ ဆီးယိုလုပ်ငန်းရှင်များမှ ဝယ်ယူအသုံးပြုမှု များပါသည်။ ကြိတ်ခွဲ၍ ထွက်ရှိလာသော ဆီးခွဲခြမ်းများအား ပဲကြော်လုပ်ငန်းရှင်၊ နှမ်းလှော်လုပ်ငန်းရှင်၊ ကြက်သွန်ကြော်လုပ်ငန်းရှင်နှင့် မြေပဲဆားလှော်လုပ်ငန်းရှင်များမှ လောင်စာအဖြစ် အသုံးပြုရန်အတွက် အရောင်းဝယ်ဖြစ်နေသလို ဆီးသီးမှ ထွက်ရှိသော ဆီးဆံသည်လည်း ဆေးဘက်ဝင်၍ အခြားနိုင်ငံများမှ ဝယ်ယူနေကြောင်း သိရှိရပါသည်။
ဈေးနှုန်းများအနေဖြင့် ယခင်နှစ်မေလက ဆီးသီးခြောက် တစ်တင်းလျှင် (၅၅၀၀-၆၀၀၀)ကျပ်၊ ဆီးဆံ တစ်ပိဿာလျှင် (၂၅၀၀၀)ကျပ် ရှိခဲ့ပါသည်။ ယခုနှစ်မေလ ပထမပတ်တွင် ဆီးသီးခြောက် တစ်တင်းလျှင် (၁၄၀၀၀)ကျပ်၊ ဆီးဆံ တစ်ပိဿာလျှင် (၆၄၀၀၀) ကျပ်ဖြစ်ပြီး ယခုဇွန်လ ပထမပတ်တွင် ဆီးသီးခြောက် တစ်တင်းလျှင် (၁၆၀၀၀) ကျပ်၊ ဆီးဆံတစ်ပိဿာလျှင် (၈၀၀၀၀)ကျပ်ထိ ရှိသောကြောင့် ဈေးကောင်းရနေကြောင်း ဆီးခွဲစက် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။
ပြည်တွင်းဈေးကွက်အနေဖြင့် ဆီးယိုလုပ်ငန်းရှင်များ၊ ဖျော်ရည်လုပ်ငန်းရှင်များမှာ ဝယ်ယူအသုံးပြုနေသည့်အပြင် ပြည်ပဈေးကွက်အနေဖြင့် တရုတ်နိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့မှ အဝယ်ရှိနေသောကြောင့် ဒေသတွင်း ဆီးသီးတောင်သူများနှင့် ဆီးခွဲစက်လုပ်ငန်းရှင်များပါ အကျိုးအမြတ် ရရှိ နေကြောင်း သိရှိရပါသည်။
DOCA(မကွေး)