မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပတ်ဝန်းကျင်ရှိ ကျေးရွာများသည် မိရိုးဖလာ လယ်ယာလုပ်ငန်းအပြင် သီးနှံစားပင်မျိုးစုံကို စီးပွားဖြစ်စိုက်ပျိုးကြပြီး မြန်မာနိုင်ငံအနှံ့ စားသုံးမှုများပြား၍ ဈေးကွက် အခိုင်အမာရှိသော အာဟာရဓာတ်များစွာပါဝင်သည့် နှစ်ရှည်ခံသီးနှံစားပင်တစ်မျိုးဖြစ်သော ပိန္နဲပင်များကိုလည်း စိုက်ပျိုးကြကြောင်းသိရသည်။ ပိန္နဲပင်များကို ပွင့်ဖြူမြို့နယ်ရှိ ယောစု၊ ပိန္နဲတော၊ ဒေးဒရဲ၊ ညောင်ကုန်း၊ ရွာသစ်၊ မုန်းနားစု စသောကျေးရွာများတွင် စိုက်ပျိုးကြကြောင်း၊ ပိန္နဲတစ်ပင်လျှင် အသီး ဆယ်ဂဏန်းမှ ရာဂဏန်းအထိ သီးလေ့ရှိသောကြောင့် တောင်သူအများစုမှာ မိမိတို့ခြံဝန်းကျယ်များထဲတွင် ငါးပင်မှဆယ်ပင်ခန့်အထိ တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြကြောင်း သိရသည်။
ပိန္နဲပင်သည် အိမ်မာနှင့် အိမ်ပျော့ဟူ၍ နှစ်မျိုးရှိရာ ဈေးကောင်းပိုရသော အိမ်မာမျိုးများကို ပိုမိုအားထားစိုက်ပျိုးကြကြောင်း သိရသည်။ ပိန္နဲပင်အများစုမှာ အသီးသီးရန် ၆နှစ်မှ၈နှစ်ခန့်အထိ ကြာတတ် သော်လည်း ပွင့်ဖြူမြို့နယ်ရှိ ပိန္နဲပင်မျိုးများမှာ (၂၀၁၅)ခုနှစ်တွင် ရေဘေးဖြစ်စဉ်ကာလက အစိုးရမှပေးသော ယိုးဒယားမျိုးများဖြစ်၍ (၂)နှစ်ခန့်အကြာတွင် အသီးစတင်သီးကြောင်းသိရသည်။ ပိန္နဲပင်သည် ပူနွေးစိုစွတ်သော ရာသီဥတုရှိသည့် ဒေသများတွင် စိုက်ပျိုးရန်သင့်တော်ပြီး မြေအမျိုးအစားမရွေး စိုက်ပျိုး နိုင်ကြောင်း၊ နေရောင်ခြည်ကောင်းစွာရရှိရန်လိုအပ်ပြီး မိုးဦးကျတွင် မျိုးစေ့မြေချစိုက်ပျိုးလျှင် အကောင်းဆုံးဖြစ်ကြောင်း၊ ပိန္နဲပင်ကို များသောအားဖြင့် အစေ့မှမျိုးပွား၍ စိုက်ပျိုးလေ့ရှိကြောင်း၊ ကိုင်းဆက်နည်းဖြင့်လည်းစိုက်ပျိုးနိုင်ကြောင်း၊ ရေငတ်ခြင်း၊ ရေဝပ်ခြင်းနှင့် ပူပြင်းခြောက်သွေ့မှုဒဏ်ကိုလည်း မခံနိုင်ကြောင်း၊ အပင်ကြီးများကိုလည်း ပန်းပွင့်ချိန်နှင့် အသီးကြီးထွားချိန်အတွင်း ရာသီဥတု ပူပြင်းခြောက်သွေ့ လျှင် ပုံမှန်ရေသွင်းပေးသင့်ကြောင်း သိရှိရပါသည်။
ပိန္နဲပင်သည် ပန်းပွင့်ချိန်မှစ၍ (၃)လမှ(၈)လကြာလျှင် အသီးရင့်မှည့်ကြောင်း၊ အသီးသည် အပင်၏ ပင်စည်နှင့် ပန်းပွင့်များထွက်သော ကိုင်းရင့်များ၏အခြေနားတွင် အသီးသီးလေ့ရှိသောကြောင့် အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် ပိန္နဲပင်ဘေးမှ သားတက်များကို ခုတ်ပေးရကြောင်း၊ သို့မှသာ အသီးများများသီးကြောင်း၊ ဇန်နဝါရီလတွင် သီးကင်းများစတင်သီးလေ့ရှိကြောင်း၊ မတ်လတွင် အသီးစိမ်းများကို ခုတ်ယူ ရောင်းချနိုင်ကြောင်း၊ မေလမှစ၍ အသီးမှည့်များကို ခုတ်ယူရောင်းချနိုင်ပြီး ဇွန်လတွင် အသီးလှိုင်လှိုင် သီးကြောင်း၊ ပိန္နဲတစ်ပင်လျှင် အသီး(၅၀)မှ(၂၀၀)လုံးခန့် အသီးသီးကြောင်း၊ ပိန္နဲသီး အစိမ်းများကို ဟင်းစားအတွက် ခုတ်ယူရောင်းချပြီး တစ်လုံးလျှင် ကျပ်(၁၅၀၀)မှ(၂၀၀၀)ခန့်အထိရရှိကြောင်း၊ ပိန္နဲသီး အမှည့်တစ်လုံးလျှင် ကျပ်(၈၀၀၀) မှ (၁၀၀၀၀)အထိ ဈေးကောင်းရ၍ လုံးပတ် (၄၀)လက်မ၊ အမြင့်(၂၀) လက်မခန့်ရှိ ပိန္နဲသီးအကြီးတစ်လုံးလျှင် ကျပ်(၁၅၀၀၀)ခန့်အထိ ဈေးကောင်းရရှိကြောင်း၊ ပွင့်ဖြူဒေသထွက် ပိန္နဲသီးများကို မကွေး၊ မင်းဘူး၊ စလင်း၊ တညောင်၊ ချောက်နှင့် အခြားသောမြို့များသို့တင်ပို့ ရောင်းချလျက်ရှိကြောင်း ပိန္နဲစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(မကွေး)