Main menu

ပခုက္ကူမြို့၌ ဆုံဆီလုပ်ငန်းများ တွင်ကျယ်စွာလုပ်ကိုင်လျက်ရှိ

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူရုံးမှ ဦးစီးမှူး ဒေါ်စန်းမြင့်ရီသည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှနှင့်အတူ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ပြည်တွင်းထုတ်ကုန်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် (၂၀-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဒေသတွင်းထုတ်ကုန်လုပ်ငန်းတစ်ခုဖြစ်သည့် မြေပဲဆုံဆီလုပ်ငန်းရှင်ထံသို့ သွားရောက်တွေ့ဆုံမေးမြန်းခြင်းများပြုလုပ်ခဲ့ပါသည်။

    မကွေးတိုင်းဒေသကြီးကို ဆီအိုးကြီးတိုင်းဟု သတ်မှတ်ခေါ်ဆိုသည့်အတိုင်း မကွေးတိုင်းအတွင်းရှိ  ပခုက္ကူခရိုင်သည်လည်း ဆီထွက်သီးနှံများစိုက်ပျိုး၍ ဆီများကြိတ်ခွဲထုတ်လုပ်ရောင်းချတင်ပို့လျက်ရှိသော ဒေသတစ်ခုဖြစ်ပါသည်။ ပခုက္ကူခရိုင်အတွင်း မြေပဲစိုက်ဧက (၁၅၂၇၄၆) ဧက၊ နှမ်းစိုက်ဧက (၁၆၀၂၂၅) ဧကရှိပြီး ဒေသတွင်းစားသုံးမှု/ဖူလုံမှုရှိသည့်အပြင် အခြားတိုင်းဒေသကြီးများသို့ပါ တင်ပို့ရောင်းချလျက်ရှိပါသည်။

    မြေပဲဆံများအား စက်ကြီးများဖြင့်ကြိတ်ခွဲ၍ စားသုံးကြသည့်အပြင် ဆုံဖြင့်ကြိတ်သောဆုံဆီများကိုလည်း စားသုံးလာသောကြောင့် ယခုအချိန်တွင် ဆုံဆီလုပ်ငန်းများ တွင်ကျယ်စွာလည်ပတ်နေရကြောင်း၊  ဆုံဆီလုပ်ငန်းရှင်၏ ပြောကြားချက်အရသိရှိရပါသည်။ ကြိတ်ခွဲရာတွင် ဆုံကြိတ်သည့်အိမ်သို့ မြေပဲဆံကိုဝယ်၍ လာရောက်ကြိတ်ခွဲသူများရှိသည့်အပြင် မြေပဲဆံကို ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချပေးပြီး ကြိတ်ခွဲရသည်များလည်းရှိကြောင်း၊ ဆုံဆီကြိတ်ခွဲရာတွင် မြေပဲလုံးဆံ၊ ပြန့်ဆံ၊ (၆) လပဲများကို အစိုဓာတ်မကျန်စေရန်အလို့ငှာ ခြောက်သွေ့အောင်နေလှန်းရကြောင်း၊ ခြောက်သွေ့သွားသောပဲများကို ကြီး/လတ်/ငယ် ခွဲခြမ်းများ အဆင့်ဆင့်ရောက်အောင် ပြာတီးသန့်စင်ရကြောင်း၊ ပြာတီးသန့်စင်ရာတွင် အမျိုးသမီးလုပ်သားများကိုငှားရကြောင်း၊ တစ်နေ့လျှင် တစ်ဦးလုပ်သားခမှာ (၅၀၀၀-၆၀၀၀) ကျပ်ပေးရကြောင်းသိရှိရပါသည်။ မြေပဲဆံအောင်လျှင် အောင်သလို ဆီထွက်ကောင်းသောကြောင့် မြေပဲလုံးဆံချောများကိုသာကြိတ်ခွဲကြောင်း၊ ဆုံ (၄) ဆုံရှိကြောင်း၊ တစ်ဆုံကြိတ်ခွဲလျှင် (၁း၀၀) နာရီမှ (၁:၃၀) နာရီခန့်ကြိတ်ခွဲရပါကြောင်း၊‌ မြေပဲအမျိုးအစားပေါ်မူတည်၍ ကြိတ်ခွဲချိန် မတူညီကြောင်း၊ မြေပဲ (၄၀) ပိဿာကြိတ်လျှင် ကုန်ချောပဲဆီ (၁၆) ပိဿာခန့်ထွက်ရှိကြောင်းသိရှိရပါသည်။

    လုပ်သားခအနေဖြင့် (၁) ဆုံအတွက် လုပ်သားခမှာ (၇၀၀) ကျပ်နှုန်းပေးရပြီး ကြိတ်ခွဲခအနေ ဖြင့် (၅) ပိဿာ (၁) ဆုံလျှင် (၁၈၀၀) ကျပ်၊ ပဲဖက်တစ်ပိဿာလျှင် (၃၀၀၀-၃၁၀၀) ကျပ်၊ ဆုံဆီတစ်ပိဿာလျှင် ယခုအချိန်တွင် (၁၄၀၀၀) ကျပ်ရှိသောကြောင့် ယခုနှစ်တွင် ပိုမိုကြိတ်ခွဲထုတ်လုပ်ရောင်းချရပါကြောင်း၊‌ ဈေးကွက်အနေဖြင့် ပခုက္ကူဒေသတွင်းနှင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မုံရွာမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

     ပခုက္ကူဒေသအတွင်း မြေပဲယို၊ မြေပဲဆားလှော်၊ မြေပဲကြော် အစရှိသော အသေးစားလုပ်ငန်းများစွာရှိသောကြောင့် မြေပဲတောင့်၊ မြေပဲဆံများလည်း အရောင်းအဝယ်ဖြစ်နေသည့်အပြင် စက်ပဲဆီ၊ ဆုံပဲဆီများလည်း  ထုတ်လုပ်တင်ပို့နိုင်ခြင်းဖြင့် ဒေသခံပြည်သူများနှင့် လုပ်ငန်းရှင်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး ပြည်တွင်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)