Main menu

ရှမ်းပြည်နယ်တောင်ပိုင်းမှ ဂျူးဖူး

Powered by Drupal

    ရှမ်းတောင်ဈေးကွက်ထဲသို့ ဂျူးဖူးများဝင်ရောက်လျက်ရှိပါသည်။ ဂျူးဖူးကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်းတယနှင့် တီကျစ်တွင် အများဆုံးစိုက်ပျိုးကြသည်။ ဂျူးဖူးမှာ ကြက်သွန်မျိုးရင်းတစ်မျိုးဖြစ်ပြီး ထိပ်ဖျားမှာ အဖူးလေးများနှင့် အပွင့်လေးများရှိပါသည်။ အရိုးတံစိမ်းစိမ်းရှည်လေးရှိပါသည်။ အရင်းနားလေးများမှာ ဖြူပြီး လှီးဖြတ်သည့်အခါ မွှန်သည်ဟုခံစားရပါသည်။ အရသာမှာ အတော်လေးချိုပါသည်။ ရှမ်းပြည်နယ်၏ ဒေသထွက်ရာသီသီးနှံတစ်မျိုးဖြစ်ကာ ရှမ်းဒေသအစားစားဖြစ်သော ဟင်းထုပ်၊ ဝက်သားချဉ်၊ ငါးထမင်းနယ်တို့နှင့် တွဲဖက်စားသောက်ရာတွင်လည်း အလွန်လိုက်ဖက်ပါသည်။ ဂျူးဖူးကို စားသုံးပေးခြင်းဖြင့် ရရှိနိုင်သောကျန်းမာရေးအကျိုးကျေးဇူးများမှာ အစာခြေစနစ်ကောင်းမွန်ခြင်း၊ နှလုံးကျန်းမာစေခြင်း၊ ကိုယ်ခံအားကောင်းစေခြင်း၊ အရိုးများကြံ့ခိုင်စေခြင်း၊ ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်ခြင်း၊ အမြင်အာရုံကျန်းမာစေခြင်းနှင့် ကိုယ်တွင်းအဆိပ်အတောက်များကိုဖယ်ရှားပေးခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်ပါသည်။ စိုက်ပျိုးသူတောင်သူများကိုပေးသော ဗဟုသုတအနေဖြင့် ဂျူးဖူးပင်မှာ ဂျပန်ပိုးတောင်မာနှင့် ခါကြက်ဥ(မုန်လာဥနီ)မှ ကျရောက်တတ်သော “သံချေးရောဂါ” ကို ကာကွယ်ဟန့်တားနိုင်သောကြောင့် စိုက်ခင်း၏ဘေးပတ်ပတ်လည်တွင် စိုက်ပျိုးပေးကြပါသည်။ ဥယျာဉ်ခြံပိုင်ရှင်တော်တော်များတွင်လည်း ဂျူးဖူးပင်ကို ပန်းသီးပင်စိုက်ပျိုးမှုကြားထဲတွင်ညှပ်၍ စိုက်ပျိုးကြပါသည်။ ထိုသို့စိုက်ပျိုးခြင်းဖြင့် ပန်းသီးပင်တွင် ဖြစ်လေ့ရှိသည့် “အကြေးခွံရောဂါ” ကိုကာကွယ်ရာလည်း အကူအညီဖြစ်စေပါသည်။ ယနေ့ဒေသပေါက်ဈေးအနေဖြင့် ဂျူးဖူးကို အစည်းသေး(၁၀)စည်းပါ တစ်ထုံးလျှင် ၃၀၀ဝိ/ကျပ်နှုန်းဖြင့်ရောင်းချလျက်ရှိပါသည်။ ယခုချိန်တွင် ဂျူးဖူးသည် ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက်ကြောင့် စားသုံးရန်အကောင်းဆုံးဖြစ်ပြီး ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့ကြီးများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)