မလေးရှားနိုင်ငံ၏ ဆီအုန်းအကြီးဆုံးထုတ်လုပ်သည့် ဆာဗားပြည်နယ်ရှိ ဆီအုန်းနယ်မြေများသည် အယ်လ်နီညို၏ အစောပိုင်းကာလ အရိပ်ငွေ့များကြောင့် စိုက်ပျိုးရေပြတ်လပ်မှုကို ကြုံတွေ့လာရခြင်း၊ အထွက်နှုန်းများ လျော့ကျလာခြင်း၊ အစေ့အဆံ ဖြစ်ထွန်းမှု ပိုမိုဆိုးရွားစွာ လျော့ကျလာခြင်းတို့အပြင် လွန်ခဲ့သော ၃ နှစ်ကတည်းက လုပ်သားအင်အားမှာလည်း ပြတ်လပ်လာကြောင်း The Edge Malaysia သတင်းဌာနက ဖော်ပြထားသည်။
ကမ္ဘာ့ဒုတိယအကြီးဆုံး စားအုန်းဆီထုတ်လုပ်သည့် မလေးရှားနိုင်ငံသည် မိုးရေချိန်လျော့ နည်းမှုနှင့် အပူချိန် ၀.၅ ဒီဂရီ စင်တီဂရိတ်မှ ၁.၀ ဒီဂရီ စင်တီဂရိတ်အကြား မြင့်တက်လာမှုတို့နှင့်အတူ ယခုနှစ် ဇွန်လမှ နိုဝင်ဘာလအထိ ဖြစ်ပေါ်နိုင်မည့် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်၏ သက်ရောက်ထိခိုက်ကို အားအနည်းငယ်မှ အသင့်အတင့်သာရှိရန် မျှော်လင့်လျက်ရှိသည်။
ရာသီဥတုဆိုင်ရာ စိုးရိမ်ပူပင်မှုများကြောင့် ၎င်းတို့အနေဖြင့် အထွက်ပမာဏ ခန့်မှန်းချက်ကို လျော့ချခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်၌ ထုတ်လုပ်မှု ၁၀% မှ ၁၅% အထိ ကျဆင်းနိုင်ကြောင်းဖြင့် ဆာဗားပြည်နယ်မှ အလယ်အလတ်အဆင့် စိုက်ပျိုးရေးကုမ္ပဏီတစ်ခု၏ အကြီးတန်းမန်နေဂျာဖြစ်သူ Mark Adrian က ပြောဆိုပါသည်။
ဆာဗားပြည်နယ်ရှိ ဆီအုန်းစိုက်ပျိုးသူများက ဖေဖော်ဝါရီလမှ စတင်၍ ရာသီဥတုပူပြင်းမှုကြောင့် ရိတ်သိမ်းရရှိသည့် ဆီအုန်းသီးနှံများ၏ အလေးချိန်မှာ ၁၀% မှ ၁၅% အကြား ကျဆင်းခဲ့ကြောင်း၊ ဤဖြစ်စဉ်သည် သီးနှံအများအပြားထွက်ရှိမည့် လာမည့် ဇူလိုင်မှ စက်တင်ဘာလအထိ သက်ရောက်မှုရှိနိုင်ကြောင်း ပြောဆိုလျက်ရှိကြသည်။
ခြံမြေမန်နေဂျာတစ်ဦးဖြစ်သူ Fabian Lim က ၎င်း၏ ဆီအုန်းသီးနှံများ အရွယ်အစားမှာ သေးငယ်လာသည့်အပြင် ရေပြတ်လပ်မှုအရိပ်အငွေ့ ကြုံတွေ့လာရကြောင်း၊ နှစ်စဉ်ပျမ်းမျှအားဖြင့် ဆီအုန်းတစ်ခိုင်လျှင် ၂၂ ကီလိုဂရမ်ရှိရာမှ မေလခူးဆွတ်ရရှိမှုတွင် တစ်ခိုင်လျှင် ၂၀ ကီလိုဂရမ်သာရှိကြောင်း ပြောကြားခဲ့သည်။
ဘော်နီယိုကျွန်းရှိ အဆိုပါဆာဗားပြည်နယ်သည် မလေးရှားနိုင်ငံ ဆီအုန်းစိုက်ပျိုးဧရိယာ၏ ၂၇ ရာခိုင်နှုန်းရှိကြောင်း၊ ကမ္ဘာ့ဈေး အသက်သာဆုံး စားသုံးဆီအတွက် ဝယ်လိုအားမှာ ကြီးထွားလာသော်လည်း လွန်ခဲ့သော ၄ နှစ်ကျော်ကတည်းက မလေးရှားဆီအုန်းထုတ်လုပ်မှုမှာ တိုးတက်မှုမရှိကြောင်း၊ ကိုဗစ်ကပ်ရောဂါဖြစ်ပွားခြင်းနှင့် ရုရှား-ယူကရိန်းအရေးခင်းကြောင့် ကုန်ကျစရိတ်များ ဖောင်းပွလာခြင်းတို့ ဖြစ်ပေါ်လာခဲ့သည့်အပြင် ဓာတ်မြေဩဇာ တစ်စိတ်တစ်ပိုင်း ပြတ်လပ်မှုကြောင့် ဆီအုန်းစိုက်ပျိုးသူများအနေဖြင့် ရောင်းလိုအားကျပ်တည်းမှု နောက်ထပ် ၁ နှစ် ကြုံတွေ့ လာနိုင်ချေအပေါ် အားတင်းနေကြရကြောင်း The Edge Malaysia သတင်းဌာနက ဖော်ပြသည်။
မလေးရှားအစိုးရအနေဖြင့် အလုပ်ခန့်ထားခြင်းဆိုင်ရာကန့်သတ်ချက်များကို ဖြေလျှော့ပြီးသည့်နောက် ၂၀၂၃ ခုနှစ်တွင် မလေးရှားသို့ ရွှေ့ပြောင်းခိုလှုံသူများ၌ ကပ်ရောဂါကြောင့် ဖြစ်ပေါ် လာသော ဆိုးရွားလာသည့် လုပ်သားပြဿနာသည် စတင်သက်သာလာခဲ့သော်လည်း ဆီအုန်းလုပ်ငန်းသည် အဓိကရိတ်သိမ်းရာသီဖြစ်သည့် ဇူလိုင်မှ စက်တင်ဘာလအထိ မတိုင်မီတွင် လုပ်သားလိုအပ်မှုကို ကြုံတွေ့လျက်ရှိကြောင်း သိရသည်။
Source: The Edge Malaysia, 15 Jun 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)