ပြည်ခရိုင်၊ ရွှေတောင်မြို့၊ ကြို့ကုန်းအုပ်စု၊ ကြို့ကုန်းကျေးရွာတွင် ခဝဲသီးများစိုက်ပျိုးထားရှိကြောင်း သိရရှိပါသဖြင့် (၂၂-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ခဝဲသီးစိုက်ပျိုးသောတောင်သူနှင့်တွေ့ဆုံရန် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်ခဲ့ပါသည်။
ရွှေတောင်မြို့နယ်၊ ကြို့ကုန်းအုပ်စု၊ ကြို့ကုန်းကျေးရွာတွင် ခဝဲသီးစိုက်ပျိုးသော တောင်သူ ဦးတင်ထွဋ်နှင့်တွေ့ဆုံ၍ ခဝဲသီးစိုက်ပျိုးမှုနှင့် အကျိုးအမြတ်ဈေးနှုန်းဈေးကွက်များအားမေးမြန်းခဲ့ရာ ခဝဲသီးကို မိုးရာသီဖြစ်သော ဇွန်လ၊ ဇူလိုင်လနှင့် ဩဂုတ်လများတွင် စိုက်ပျိုးကြောင်းသိရပါသည်။ တချို့ ဒေသများ၌ ဆောင်းရာသီနှင့် နွေရာသီတွင် စိုက်ပျိုးကြပြီး ရေလောင်းပေးရကြောင်းသိရပါသည်။ ခဝဲသီးကို ဝါးစင်ပြုလုပ်၍စိုက်ပျိုးရပြီး ခဝဲသီးမျိုးမှာ မျှားနီတံဆိပ်ဖြစ်ပြီး အစေ့(၁၀၀)ပါတစ်ထုပ်လျှင် (၁၁၀၀၀) ကျပ်ဖြင့် တစ်ထုပ်ခွဲခန့်ဝယ်ယူ၍စိုက်ပျိုးကြောင်းသိရပါသည်။ ခဝဲပင်စိုက်ပျိုးရာတွင် ဝါးစင်အပါ ကုန်ကျငွေမှာ (၁၀၀၀၀၀) ကျပ်ခန့်ကုန်ကျသည်ဟု သိရပါသည်။ ခဝဲသီးကို စိုက်ပျိုးပြီး (၂) လအကြာတွင် အသီးများခူးဆွတ်၍ ရောင်းချရပါသည်။ ခဝဲသီးကို တစ်ရက်ခြားတစ်ခါ ခူးဆွတ်ရပြီး တစ်ကြိမ်ခူးဆွတ်လျှင် အတောင့်ရေ (၂၀၀) ခန့်ရရှိသည်ဟု သိရပါသည်။ ကုန်စိမ်းဒိုင်များက စိုက်ခင်းထဲအထိ လာရောက်ဝယ်ယူမှုရှိပြီး တစ်တောင့်လျှင် ပေါ်စအချိန်တွင် (၂၀၀) ကျပ်ခန့်ရရှိပြီး ယခုအချိန်တွင် တစ်တောင့်လျှင် (၁၆၀) ကျပ်ခန့်ရရှိကြောင်းသိရပါသည်။ ခဝဲသီးများတုံးသည့်အချိန်အထိ တောင်သူအကျိုးအမြတ်မှာ ကျပ် (၅) သိန်းခန့်ရရှိသည်ဟု သိရပါသည်။
DOCA(ပဲခူး)