စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်ရိုးကိုင်းမြေနုများပေါ်တွင် ညောင်ဖြူပင်၊ သစ်ဆိမ့်၊ ထနောင်းတော၊ နဂါးတွင်းကျေးရွာတို့မှ တောင်သူများသည် ဥယျာဉ်ခြံလုပ်ငန်းနှင့် ရာသီပေါ်သီးနှံ စိုက်ပျိုးလျက်ရှိရာ ခဝဲစိုက်ပျိုးခြင်းမှ ပေါ်ဦးပေါ်ဖျားခဝဲသီးများမှာ ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။
ခဝဲပင်ကို မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးကြပါသည်။ ခဝဲသီးအမျိုးအစားတွင် အပုမျိုးနှင့် အရှည်မျိုးဟူ၍ (၂)မျိုးရှိရာ အပုမျိုးသည် (၅) လက်မ၊ (၆) လက်မခန့်ရှိပြီး အသီးပုံမှာ အမြီးပိုင်းတုတ်ပြီး အဖျားပိုင်းရှူးသွားပါသည်။ အရှည်မျိုးသည် တစ်ပေခန့်ရှည်၍ အရင်းအဖျား ညီညာပြီး တစ်ဖြောင့်တည်းသေးသွယ်ပါသည်။ ဇွန်၊ ဇူလိုင်နှင့် ဩဂုတ်လများတွင် စိုက်ပျိုးကြသော်လည်း နွေရာသီတွင် ရေဝအောင်သွင်း၍ စိုက်ပျိုးကြပါသည်။ ယခုအချိန်ထွက်ရှိသော ခဝဲသီးများသည် ရေသွင်းစိုက်ပျိုးသော အပင်များမှထွက်ရှိသည့် အရှည်သီးအမျိုးအစားအသီးများ ဖြစ်ပါသည်။ ပေါ်ဦးပေါ်ဖျားဖြစ်သောကြောင့် ဈေးကောင်းရလျက် ရောင်းချနေကြပါသည်။ ဈေးကွက်တွင် မုံရွာမြို့နယ်ဒေသထွက် ခဝဲသီးများစတင်ရောင်းချနေပြီး ပေါ်ဦးပေါ်ဖျားဖြစ်သောကြောင့် ခဝဲသီးတစ်တောင့်လျှင် ကျပ်(၃၀၀-၄၀၀)နှုန်းဖြင့် ဈေးကောင်းရ ရောင်းချနေကြောင်း သိရသည်။
DOCA(စစ်ကိုင်း)