၂၀၂၃ခုနှစ်၊ “မြန်မာအမျိုးသမီးများနေ့” အထိမ်းအမှတ်အကြိုသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ဇူလိုင်လ၁ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် အမှတ် (၁၂)၊ အခြေခံပညာအထက်တန်းကျောင်း၊ မော်လမြိုင်၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါသစ်ပင်စိုက်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စားသုံးသူရေးရာဦးစီးဌာန၏ ပြည်နယ်ဦးစီးမှူးအပါအဝင် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ အသင်းအဖွဲ့များ၊ အမျိုးသမီးရေးရာအသင်းအဖွဲ့များတက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်တွင် သစ်တော/သစ်ပင်ပြုန်းတီးမှုများကို ပြန်လည်အစားထိုးနိုင်ရန်၊ သစ်တောစိုက်ခင်းများထူထောင်နိုင်ရန်ရည်ရွယ်ကာ သစ်တော/သစ်ပင်ပြုန်းတီးမှုများကို ပြည်လည်အစားထိုးနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်ပြောင်းလဲလာမှုနှင့် ဂေဟစနစ်ပြောင်းလဲမှုများကို ပြုပြင်ထိန်းသိမ်းဆောင်ရွက်နိုင်ရန်တို့အတွက် အလေးထားဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသူများက ဒေသမျိုးရင်းအဖိုးတန်သစ်မျိုးများ၊ ရာသီအလိုက်ဖူးပွင့်နိုင်သည့်အပင်များ၊ ကြီးမြန်သစ်မျိုးများ၊ အမြဲစိမ်းသစ်မျိုးများ၊ အရိပ်ရသစ်မျိုးများ စသည့် အပင်အမျိုးမျိုးကိုစိုက်ပျိုးခဲ့ကြကြောင်း သိရှိရပါသည်။
DOCA(မွန်)