မွန်ပြည်နယ်၊ သထုံခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်းကာ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းရေးအတွက် သထုံမြို့နယ်၊ မြို့မဈေးအတွင်းရောင်းချလျက်ရှိသည့် စားသုံးဆီအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၁၂ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ဆောင်ရွက်ခဲ့ပါသည်။
ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်း၊ သထုံမြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ တာဝန်ရှိသူများပူးပေါင်းကာ သထုံမြို့မဈေးအတွင်း ရောင်းချနေသည့်ဆိုင်များ၌ စားသုံးဆီအမျိုးမျိုးတို့ကိုဘေးအန္တရာယ်ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များပါဝင်မှုရှိ/မရှိ စသည်တို့ကို စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ လိုက်လံစစ်ဆေးခဲ့ကြပါသည်။
သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဈေးကွက်အတွင်းရောင်းချလျက်ရှိသည့် ကုန်စည်များနှင့်စပ်လျဉ်း၍ ယခုကဲ့သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအပြင် စားသုံးသူကာကွယ်ရေးဥပဒေပါအချက်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် အသိပညာပေးခြင်း၊ ဟောပြောခြင်းတို့ကို သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းကာ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(မွန်)