ဆန်းသစ်သောအသွင်သဏ္ဍာန်ကြောင့် ဒီဇိုင်းလက်ရာအမျိုးမျိုးကိုပြုလုပ်နိုင်သော ပန်းထိမ် ပညာရှင်တို့ပင် ငိုကြွေးရသည်အထိ တုပ၍မပြုလုပ်နိုင်သောကြောင့် “ပန်းထိမ်ငိုပန်း”ဟု ခေါ်တွင် ကြောင်း ငယ်စဉ်ကပင်ကြားဖူးခဲ့ပါသည်။ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည့် ပန်းထိမ်ငိုပန်းမှာ အရောင်အသွေးစုံလင်သဖြင့် လူအများကြိုက်နှစ်သက်သလို၊ ဘုရားပန်းအဖြစ်လည်းကောင်း၊ အလှ ပန်းအိုးထိုးအဖြစ်လည်းကောင်း အသုံးပြုကြပါသည်။
ယခုအခါ “ပန်းထိမ်ငိုပန်း”များကို ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်၊ ဦးမိုး၏ခြံတွင် တပိုင်တနိုင်စိုက်ပျိုးလျက်ရှိရာ ကန့်ဘလူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတစ်ဦးသည် (၁၆.၇.၂၀၂၃) ရက်နေ့တွင် ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။ ခြံပိုင်ရှင်၏ ပြောပြချက်အရ ပန်းထိမ်ငိုပန်းကို ဥ ဖြင့်သော်လည်းကောင်း၊ ကိုင်းများကိုဖြတ်၍လည်း စိုက်ပျိုးနိုင်ပါသည်။ ဥများကို မတ်လတွင် စတင်စိုက်ပျိုးပြီး မေလကုန်တွင် ပန်းများကို စတင်ခူးဆွတ်ရောင်းချရသည်။ ဇွန်၊ ဇူလိုင်လများတွင် လှိုင်လှိုင်ထွက်ရှိပြီး ဩဂုတ်လကုန် စက်တင်ဘာလဆန်းပိုင်းအထိ ခူးဆွတ်ရကြောင်း သိရှိရသည်။ ပန်းထိမ်ငိုပန်းအမျိုးအစား(၃)မျိုးအနက် တစ်ထပ်ပန်းထိမ်ငို၊ နှစ်ထပ်ပန်း ထိမ်ငိုများကို ဥပိဿာချိန် (၃၀)စိုက်ပျိုးထားရှိသည်။ ပန်းထိမ်ငိုပန်းများကို တစ်ကြိမ် စိုက်ပျိုးပြီးလျှင် (၃)နှစ်အထိ ခူးဆွတ်ရောင်းချရသည့်အတွက် စီးပွားဖြစ်စိုက်ပျိုးသင့်သော ပန်းတစ်မျိုးဖြစ် ကြောင်း သိရသည်။
ခြံမှထွက်ရှိသော ပန်းထိမ်ငိုပန်းများကို ဖောက်သည်များပေးသလို ကိုယ်တိုင်လည်း မြို့မစည်ပင်ဈေးသို့ သွားရောက်ရောင်းချလျက်ရှိသည်။ နေ့စဉ်ရောင်းချရာတွင် (၃)ခက်ပါတစ်စည်းလျှင် ကျပ် (၅၀၀)နှုန်းဖြင့်ရောင်းချ၍ တစ်ရက်လျှင် ပန်းအစည်း(၃၀)ရောင်းချရပြီး တစ်ရက်ဝင်ငွေကျပ် (၁၅၀၀၀)ရရှိသဖြင့် စိုက်ပျိုးရန်သင့်တော်သော ပန်းတစ်မျိုး ဖြစ်ပါသည်။ ပန်းစိုက်တောင်သူများအနေဖြင့်လည်း ကုသိုလ်လည်းရ ဝမ်းလည်းဝသည့်အလုပ်ဖြစ်သဖြင့် ပန်းထိမ်ငိုပန်းများကို ပိုမိုတိုးချဲ့ စိုက်ပျိုးလျှင် အကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း အကြံပြုရေးသားတင်ပြလိုက်ရပါသည်။
DOCA(စစ်ကိုင်း)