စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးနှင့်ဝန်ထမ်းများအဖွဲ့သည် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွားကိုကာကွယ်ရန်အတွက် (၁၂-၇-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ် (၁) ရပ်ကွက်၊ အ-ထ-က (၅) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီးနောက် ဒုတိယခရိုင်ဦးစီးမှူးက ဌာန၏သမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် ဟောပြောပွဲကျင်းပပြုလုပ်ခြင်း၏ရည်ရွယ်ချက်မှာ စားသုံးသူများအနေဖြင့် စားသုံးသူအခွင့်အရေးများကိုသိရှိနားလည်ပြီး နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားဆောင်ရွက်နိုင်ကြောင်း၊ ကုန်စည်များကိုဝယ်ယူသုံးစွဲရာတွင်လည်း လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များမှာလည်းအရေးပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဒု-ဦးစီးမှူး ဦးဇော်မင်းဦးက စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း (၁၈) မှ ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ ကုန်စည်များတွင်ပါဝင်ရမည့်အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒု-ဦးစီးမှူး ဒေါ်မျိုးသန္တာဝင်းက စားသုံးသူများသည် စားသုံးသူ၏အခွင့်အရေးများသိရှိရန်လိုအပ်ကြောင်း၊ အခွင့်အရေးများသိရှိပြီး ရယူနိုင်မှသာလျှင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲခွင့်နှင့် နစ်နာမှုများအတွက် တိုင်ကြားနိုင်ခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များရှိပြီး နောင်အနာဂတ်တွင် ပတ်ဝန်းကျင်ကောင်းများ၌ နေထိုင် နိုင်မည်ဖြစ်ကြောင်း၊ ထို့နောက် စားသုံးသူများလိုက်နာရမည့်တာဝန် (၄) ချက်ကိုလည်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမ (၆) ဦး၊ ကျောင်းသား/ကျောင်းသူ (၁၃၂) ဦး၊ စုစုပေါင်း (၁၃၈) ဦးတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
DOCA(မကွေး)