စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးစီးမှူးရုံးမှ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးနေဝင်းအောင်ဦးဆောင်၍ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများပါဝင်သောအဖွဲ့သည် (၂၄-၇-၂၀၂၃) ရက်နေ့တွင် တောင်ငူ မြို့နယ်၊ ခပေါင်းတိန်စံပြကျေးရွာရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများသို့သွားရောက်ကြည့်ရှုအားပေးရာတွင် အဖွဲ့ဝင်အဖြစ် လိုက်ပါဆောင်ရွက်ခဲ့ပါသည်။
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌသည် Nilar Forzen Foods Co.,Ltd (NFF) နှင့် ခပေါင်းတိန်ကျေးရွာရှိ တောင်သူလယ်သမားများ အကျိုးတူပူးပေါင်းစိုက်ပျိုးသည့်ဂျပန်နိုင်ငံသို့တင်ပို့မည့် ရုံးပတီသီး (၁၆.၇၅) ဧကစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုများနှင့် ထပ်မံစိုက်ပျိုးမည့်အပင်များပျိုးထောင်ထားရှိမှုများကို ကြည့်ရှုအားပေးခဲ့ပါသည်။ ရုံးပတီသီးကို ဧက၆၀အထိတိုးချဲ့စိုက်ပျိုးရန်လည်း စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ပါသည်။
ခပေါင်းတိန်ကျေးရွာတွင် ‘ဝ’ ဥကိုလည်းစမ်းသပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းနေသဖြင့် စီးပွားဖြစ်စိုက်ပျိုးနိုင်ရေးကိုဆောင်ရွက်သွားနိုင်ရန် စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်းလည်း သိရပါသည်။
ထို့တူ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏အစီအစဉ်ဖြင့် တစ်အိမ်ထောင်လျှင် ဒေသကြက်မ ၆ကောင်နှုန်းမွေးမြူထားရာ အိမ်ထောင်စု ၁၆၅စုရှိသဖြင့် ဒေသကြက်မကောင်ရေ ၉၉၀ကိုလည်းမွေးမြူထားရှိပါသည်။ မကြာတော့သည့်အချိန်ကာလတွင် ခပေါင်းတိန် ကျေးရွာမှ ဒေသကြက်သားများကိုထုတ်လုပ်နိုင်တော့မည်ဖြစ်ကြောင်း သိရပါသည်။
DOCA(ပဲခူး)