Main menu

အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲစာရေး ဦးအောင်ဝင်း (အုတ်တွင်းမြို့နယ်တာဝန်) သည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယကြီးကြပ်ရေးမှူး ဦးကျော်လင်းထွန်း၊ အုတ်တွင်းမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ ကျွဲပွဲဈေးတာဝန်ခံ ဦးအောင်သူထွန်းတို့ဦးဆောင်သော အဖွဲ့ဝင်များနှင့်အတူ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၁ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့တွင်ရောင်းချနေသော အလှကုန်ပစ္စည်းများ၊ အစားအသောက်များနှင့်ဆေးဝါးများ၌ စားသုံးသူများအား အန္တရာယ်ဖြစ်စေနိုင်မှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

 ပူးပေါင်းအဖွဲ့ဝင်များသည် ကျွဲပွဲဈေးနှင့် ကျွဲပွဲမြို့ရှိ ကုန်စုံဆိုင်ကြီးများတွင်ရောင်းချနေသော အလှကုန်ပစ္စည်းများနှင့် အစားအသောက်များ၌ ခွင့်မပြုဓာတုပစ္စည်းများပါဝင်မှုမရှိစေရေးနှင့် သက်တမ်းလွန်ကုန်စည်များမဖြစ်စေရေးကိုလည်းကောင်း၊ ကုန်အညွှန်းအမှတ်အသားများဖော်ပြထားခြင်းများကိုလည်းကောင်း၊ ဆေးဆိုင်များ၌ရောင်းချသော အိမ်သုံးဆေးဝါးများတွင် တရားမဝင်ဆေးဝါးများမဖြစ်စေရေးနှင့် သက်တမ်းလွန်ဆေးဝါးများမဖြစ်စေရေးကိုလည်းကောင်း စစ်ဆေးကြည့်ရှုခဲ့ပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ကုန်စည်နမူနာများကိုကောက်ယူခဲ့ပါသည်။

     စားသုံးသူရေးရာဦးစီးဌာနမှ အဖွဲ့ဝင်အဖြစ် လိုက်ပါဆောင်ရွက်သူ ဌာနခွဲစာရေး ဦးအောင်ဝင်းက စားသုံးသူကာကွယ်ရေးဥပဒေတွင် ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားများဖော်ပြရန် ပြဋ္ဌာန်းထားပါကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ညွှန်ကြားချက်ကို အရောင်းဆိုင်များသို့ ဖြန့်ဝေထားပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အရောင်းဆိုင်များအနေဖြင့် သတ်မှတ်ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသောကုန်စည်များကို ရောင်းချခြင်းမပြုကြရန် အသိပညာပေးပြောကြားခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)