Main menu

တိုးချဲ့မွေးမြူသင့်သော ငါးရံ့နှင့် ငါးရံ့ခြောက်ဈေးကွက်

Powered by Drupal

     ငါးရံ့ငါးဆိုလျှင် ငါးခြောက်ပြုလုပ်ပါက အရမ်းချိုပြီး စားကောင်းသည့်ငါး ဖြစ်သည့်အပြင် မြစ်ချောင်း၊ အင်းအိုင်များပေါများသော ပဲခူးတိုင်းဒေသကြီးတွင် ငါးရံ့ခြောက်ကို ဒေသထွက်ကုန်တစ်ခုအနေဖြင့် ထုတ်လုပ်ရောင်းချလျက်ရှိပါသည်။ ငါးရံ့မျိုးစိတ်ပေါင်းများစွာရှိသည့်အနက် မြန်မာနိုင်ငံတွင် ငါးရံ့ (၅) မျိုးရှိပြီး ရေချိုတွင်သာနေထိုင်ကြကာ ရေချို၌သာ သားပေါက်လေ့ရှိပါသည်။

      ငါးရံ့ကို ငါးရံ့အူဆီပြန်၊ ငါးရံ့ခေါင်းချည်ရည်ဟင်း၊ ငါးရံ့ဒန့်သလွန်ဟင်း၊ ငါးရံ့ပင်စိမ်း၊ ငါးရံ့ဆန်လှော်ဟင်း စသည်ဖြင့် အမျိုးမျိုး ချက်ပြုတ်စားသောက်ကြပါသည်။ ငါးရံ့ငါးသည် ချိုလှသဖြင့် မုန့်ဟင်းခါးပြုလုပ်ရာ၌လည်း အသုံးပြုကြသောကြောင့် ဈေးကွက်တွင် လူကြိုက်များသော ငါးဖြစ်ပါသည်။ ငါးရံ့ငါးသည် မွေးမြူရာတွင်  ရောဂါမရှိဘဲ အကြမ်းခံနိုင်ခြင်း၊ အစာချေးမများခြင်း၊ အသေအပျောက်နည်းခြင်း၊ ကျွေးသလောက်စား၊ စားသလောက်အရွယ်အစားကြီးထွားနိုင်ခြင်းတို့အပြင် ငါးစိုရော ငါးခြောက်ပါ ဝယ်လိုအားကောင်းမွန်ခြင်းကြောင့် စီးပွားရေးတွင်လည်း အရေးပါသောငါးတစ်မျိုး ဖြစ်ခြင်းကြောင့် တိုးချဲ့မွေးမြူသင့်သော ငါးတစ်မျိုးဖြစ်သည်။

      ငါးခြောက်ပြုလုပ်ရာတွင် ငါးရံ့အစိုတစ်ပိဿာကို ၁၈၀၀၀ ကျပ် ဈေးမှ ၂၀၀၀၀ ကျပ်ဈေးအထိ အကောင်၊ အကြီး၊ အသေးပေါ် မူတည်၍ ဝယ်ယူရပြီး အဆိုပါ ငါးအစိုကို ခွဲခြမ်းပြီး နေလှမ်းရာတွင် ငါးခြောက်အဖြစ် ၂၅ ကျပ်သားမှ ၃၀ ကျပ်သားအထိ ထွက်ရှိပါသည်။ ငါးရံ့ခြောက်ထုပ် လုပ်သူများအနေဖြင့် ငါးရံ့အစိုတစ်ပိဿာကို အခြောက်ပြုလုပ်ရာ၌ ခန့်မှန်းကုန်ကျငွေ ၅၅၀၀၀ ကျပ်ဖြစ်ပြီး ငါးရံ့ခြောက်တစ်ပိဿာ ၆၀၀၀၀ ကျပ်မှ ၆၅၀၀၀ ကျပ်ဈေးဖြင့် ရောင်းချရ၍ ငါးရံ့ခြောက်တစ်ပိဿာအပေါ် ၈၀၀၀ ကျပ်ခန့် အမြတ်အစွန်းရရှိသဖြင့် ထုတ်လုပ်သူများအနေဖြင့် တစ်ပိုင်တစ်နိုင် ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

DOCA(ပဲခူး)