တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနကဦးဆောင်၍ မြိတ်မြို့အတွင်း အစားအသောက်ဘေးကင်းလုံခြုံရေးနှင့် ထိုင်းဘာသာနှင့်ပုံစံတူ Spirit အချိုရည်များရောင်းချနေမှုအား ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်နှင့် သက်ဆိုင်ရာဌာနများပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မြိတ်မြို့၊ ဆိပ်ငယ်ရပ်၊ စည်ပင်သာယာစျေးကြီးသို့သွားရောက်၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။
Sprite အချိုရည်ကို Coca-Cola Pinya Beverages Myanmar (CCPBM) ကုမ္ပဏီက မြန်မာနိုင်ငံတွင် ၂၀၁၃ခုနှစ်မှစတင်၍ အချိုရည်များကို ပြည်တွင်း၌ တရားဝင်ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ယခုအခါ ဈေးကွက်အတွင်း ၎င်းကုမ္ပဏီကထုတ်လုပ်သည့် Sprite အမှတ်တံဆိပ်အချိုရည်နှင့်ပုံစံတူ၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) တွင် မှတ်ပုံတင်ထားခြင်းမရှိသော ထိုင်းဘာသာဖြင့်ဖော်ပြထားသည့် Sprite အချိုရည်များ စျေးကွက်တွင် ရောင်းချနေကြောင်းသိရှိရသဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်မြို့၊ ဆိပ်ငယ်ရပ်၊ စည်ပင်သာယာစျေးကြီးအတွင်းရှိ ရောင်းချနေသောကုန်စုံဆိုင်များတွင် ထိုင်းဘာသာဖြင့်ဖော်ပြထားသော Spirit အမှတ်တံဆိပ်နှင့် ပုံစံတူအချိုရည်များရောင်းချနေခြင်းမရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)