မြန်မာနိုင်ငံရှိ ကျေးလက်ဒေသအချို့တွင် တစောင်းပင်ကို ခြံစည်းရိုးအပင်အဖြစ် စိုက်ပျိုးကြပါသည်။ ထိုတစောင်းပင်မှ ထွက်ရှိလာသောတစောင်းဖူးသည် ကြာဖူးနှင့်ဆင်သဖြင့် တချို့က ပဒုမ္မာဖူး၊ ရွှေကြာဖူးဟူ၍ခေါ်ဆိုကြပါသည်။ တစောင်းဖူးကို မိုးရာသီတွင်သာဖူးကြသဖြင့် ရာသီစာအဖူးတစ်မျိုး ဖြစ်ပါသည်။ ထိုတစောင်းဖူးကို အချို့ကအရံဟင်းတစ်ခွက်အဖြစ်ကြော်၍ အဆင်ပြေ သလိုချက်၍လည်း စားသောက်ကြပါသည်။ အရသာမှာ မှိုအရသာကို ချိုသောအရသာရှိပါသည်။ တစောင်းဖူးကိုချက်ပြုတ်၍ စားသုံးပေးခြင်းဖြင့် ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်ပြီး သွေးတိုးရောဂါကို သက်သာစေပါသည်။
တစောင်းဖူးကို ချက်ပြုတ်၍စားသောက်မည်ဆိုလျှင် အဖူးကိုထက်ခြမ်းခွဲ၍ အထဲက ဝတ်ဆံများကို ဖယ်ရှားရပါသည်။ အချို့ကပွင့်ချပ်ကိုလည်း အချွဲဓါတ်ရှိ၍ ဖယ်၍ချက်ပြုတ်ကြပါသည်။ တစောင်းဖူးကိုချက်ပြုတ်ရာတွင် မချွဲအောင် သင်ပြီးသားများကို တစ်နေလောက်နေပြပြီးမှ ချက်ပြုတ်ကြပါသည်။ ထို့ကြောင့် တစောင်းဖူးကို စားဖူးသူများက ဝယ်ယူ၍ စားသောက်ကြသဖြင့် ဈေးကွက်တွင် ချိုးယူ၍ရောင်းချကြပါသည်။ ပြည်ဒေသရှိဈေးများသို့ အနီးတဝိုက်ရှိ ကျေးရွာများမှ တစောင်းဖူးများကိုလာရောက်ရောင်းချကြသဖြင့်ဈေးမှာ အဖူး(၅)ဖူးပါ တစ်စည်းလျှင် (၁၀၀) ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။ အစောင်းဖူးကို အခြားအသီးအရွက်များကဲ့သို့ စိုက်ပျိုးရန်မလိုဘဲ ခြံစည်းရိုးအဖြစ် စိုက်ပျိုးကြသဖြင့် မိမိအိမ်အတွက် အကာအရံ အတားအဆီးလည်းရသလို ရရှိလာသည့် အဖူးများကိုလည်း ဈေးကွက်တင်ရောင်းချကြသဖြင့် မိသားစု ဝင်ငွေများလည်းရရှိကြောင်း သိရပါသည်။ ထိုကြောင့် ခြံစည်းရိုးမှ ဝင်ငွေများရရှိနိုင်သဖြင့် စိုက်ပျိုးရန်သင့်တော်သော အဖူးဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
DOCA(ပဲခူး)