ကယားပြည်နယ်တွင် ပြောင်းကိုအဓိကစိုက်ပျိုးပြီး အစေ့ထုတ်ပြောင်းနှင့် ဖူးစားပြောင်း (၂)မျိုးစလုံးကိုစိုက်ပျိုးကြပါသည်။ ဖူးစားပြောင်းတွင် ရှမ်းပြောင်းဖူးနှင့် သကြားပြောင်းဖူးဟူ၍ရှိရာ အစေ့ထုတ်ပြောင်းကို မိုးရာသီနှင့် ဆောင်းရာသီတွင်စိုက်ပျိုးကြပြီး ဖူးစားပြောင်းများကို (၁၂) ရာသီစိုက်ပျိုးကြကာ (၃)လကြာလျှင် ဈေးကွက်သို့ရောင်းချနိုင်၍ ငွေပေါ်လွယ်သောသီးနှံဖြစ်ပါသည်။
လွိုင်ကော်မြို့ရှိ မှုံပြာကျေးရွာ၊ လင်ဖုံလေးကျေးရွာ၊ လောပိတမြို့ရှိ မိုက်ကန်းကျေးရွာ၊ လောပိတရှမ်းရွာများနှင့် နန်းမယ်ခုံမြို့ရှိ ကျေးရွာများတွင် အများဆုံးစိုက်ပျိုးထွက်ရှိလျက်ရှိရာ ရှမ်းပြောင်းဖူးများပေါများချိန်တွင် ပြုတ်၍သော်လည်းကောင်း၊ မီးနှင့်ဖုတ်၍သော်လည်းကောင်း၊ ကြော်၍သော်လည်းကောင်း နည်းမျိုးစုံဖြင့် ချက်ပြုတ်စားသောက်ကြပါသည်။ ယခုလအတွင်းတွင် ပြောင်းဖူးများပေါများချိန်ဖြစ်သော်လည်း ဈေးနှုန်းများလျော့နည်းခြင်းမရှိဘဲ ကျပ် (၁၀၀၀) လျှင် ပြောင်းဖူး(၄)ဖူးသာရရှိပါသည်။း ယခင်လနှင့်နှိုင်းယှဉ်ကြည့်လျှင် ဈေးနှုန်းများမှာ ကွာခြားခြင်းမရှိဘဲ ဈေးကောင်းရ၍ အရောင်းအဝယ်သွက်လျက်ရှိကြောင်း နောင်ယားဈေးရှိ ပြောင်းဖူးရောင်းချသူတစ်ဦးထံမှသိရပါသည်။
DOCA(ကယား)