ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သကံဝကျေးရွာအုပ်စု၊ ငွေတောင်စံပြကျေးရွာတွင် (၂၂-၈-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်၌ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများဝင်ငွေတိုးရေးစီမံကိန်းအပါအဝင် ခေတ်မီစံပြကျေးရွာရှိ ကျေးလက်နေပြည်သူများဝင်ငွေတိုးရေး ဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်းအတွက် ဖွင့်လှစ်မည့်စက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဘိုကလေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျေးလက်ဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် စီမံကိန်းလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေးအတွက် အခြေခံစက်ချုပ်နည်းပညာသင်တန်းကို ကျေးလက်နေပြည်သူ( ၂၀ )ဦးနှင့် သင်တန်းသား( ၁၀ )ဦး၊ စုစုပေါင်း( ၃၀ )ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။
အဆိုပါဖွင့်ပွဲတွင် ဘိုကလေးမြို့နယ်၊ အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဇင်မာထွေးက MSMEလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် စံပြကျေးရွာရှိ သင်တန်းတက်ရောက်မည့်သင်တန်းသားများအနေဖြင့် စနစ်တကျသင်ယူလေ့လာစေလိုကြောင်း၊ ယခုသင်တန်းသား(၁၀)ဦးထဲမှ (၅)ဦးရွေးချယ်၍ အပ်ချုပ်စက်များနှင့် ဆက်စပ်ပစ္စည်းများ အခမဲ့ပံ့ပိုးပေးပြီး ကျွမ်းကျင်စွာတတ်မြောက်ထားပါက မိမိနေအိမ်၌ပင် အသေးစား လုပ်ငန်းဖွင့်လှစ်နိုင်ပြီး ဝင်ငွေတိုးလာမည်ဖြစ်ကြောင်း၊ ပြင်ပတွင် စီးပွားရေးလုပ်ကိုင်နိုင်သည်အထိ ကူညီပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းကာလကို (၁)လပေးကာ ရွေးချယ်ထားသော ( ၅ ) ဦးကို မွမ်းမံသင်တန်း နောက်ထပ် (၁၅) ရက်ထပ်ဆင့်သင်ကြားသွားမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါသည်။ ဆက်လက်၍ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းက တပိုင်တနိုင်စားသောက်ကုန်လုပ်ငန်းများကိုလုပ်ကိုင်မည်ဆိုပါက မိမိတို့ဌာနအနေဖြင့် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အုန်းစားသောက်ကုန်နှင့်ပက်သက်၍ ထုတ်လုပ်သူများရှိပါက သင်တန်းပေးရန်ရှိသဖြင့် စာရင်းပေးသွင်းနိုင်ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပြီး ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများရှိပါက ဌာနသို့လည်းကောင်း၊ (website) သို့လည်းကောင်း တိုင်ကြားနိုင်ပါကြောင်း အကျယ်တဝင့်ဟောပြောဆွေးနွေးသွားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)