Main menu

ယောဒေသထွက် ယောလုံချည်အကြောင်း တစေ့တစောင်း

Powered by Drupal

          ပြည်ထောင်စုမြန်မာနိုင်ငံတော်၌ လူမျိုးစု(၁၃၅)မျိုးရှိသည့်အနက် ယောလူမျိုးသည်လည်း တစ်ခုအပါအဝင်ဖြစ်ပေသည်။ ယောလူမျိုးတို့သည် ရှေးယခင်မှစ၍ယခုအချိန်ထိ အခြေချနေ ထိုင်ရာဖြစ်သည့်  ယောနကတိုင်း(ရှေးအခေါ်အဝေါ်) ယခုဂန့်ဂေါခရိုင်အတွင်း၌ အများဆုံးနေထိုင် ကြပါသည်။ ယောလူမျိုးတို့သည် ဂန့်ဂေါခရိုင်ရှိ ထီးလင်း၊ ဆော၊ ကျောက်ထုနှင့် ဂန့်ဂေါမြို့နယ် များတွင် အများဆုံးနေထိုင်ကြပါသည်။ ယောလူမျိုးတို့သည် မြန်မာအနွယ်ဝင်ဖြစ်၍ ဒေသအလိုက် ထုံးဓလေ့နှင့် စကားအသုံးအနှုန်းတို့မှာလည်း ခြားနားနေရခြင်းဖြစ်ပေသည်။ ရှေးအခါက ယောနကတိုင်း ဟူသောအမည်ဖြင့် မဇ္ဈိမဒေသမဂဓတိုင်း၊ ရာဇဂြိုဟ်ပြည်ကြီးရှင် ဘုရင်နဂဒါသမင်း၏ သားတော် ဇလာမိက မင်းသားအမှူးပြုသော သကျသာကီဝင်အဆက်အနွယ်တို့ အစပြု၍နေထိုင်ခဲ့ကြသည်ဟုဆိုသည်။

       မြန်မာနိုင်ငံတွင် ဒေသအလိုက်အထင်ကရ(ဒေသထွက်ကုန်) တစ်ခုခုရှိကြပေသည်။ အညာ ဒေသရှိ ပခုက္ကူမြို့နယ်တွင် နှမ်းဖတ်ချဉ်၊ ပုဂံညောင်ဦးမြို့နယ်များတွင် ပုန်းရည်ကြီး၊ မကွေးမြို့တွင်  မကွေးပဲလိပ်၊ မန္တလေးမြို့တွင် မန္တလေးထိုးမုန့် အစရှိသည်ဖြင့် အစားအသောက်များဖြင့် နာမည်ကြီး ပေသည်။ ထို့အတူ ယောဒေသတွင်လည်း ဒေသထွက်ကုန်များရှိပေသည်။ ယောဒေသမှထွက်ရှိသော ယောလုံချည်များမှာ ယောဒေသ၏အထင်ကရအမှတ်အသားဟု ဆိုနိုင်ပေသည်။

        ရှေးယခင်ကယောနယ်၌ အမျိုးသမီးတိုင်းချည်ငင်၊ မဲဆိုး၊ ရက်ကန်းယက် အတတ်ပညာများ ကို တတ်မြောက်ကြရသည်။ ထိုအတတ်ပညာများကိုမတတ်ကျွမ်းပါက အိမ်တွင်းမှုပညာများကို မတတ်သော မိန်းမဖျင်းဟူ၍ အထင်သေးကြပါသည်။ ယောနယ်၏ ပင်နီချောနှင့် ယောထဘီ လုပ်ငန်းသည် ရှေးယခင်ကတည်းကပင် ထင်ရှားကျော်ဇောခဲ့လေသည်။ ယခုအခါတွင် ယောထည် ယက်လုပ်သောလုပ်ငန်းကို ရှေးယခင်ကထက်ပိုမိုတွင်ကျယ်စွာ လုပ်ကိုင်လာကြပါသည်။

       မြန်မာနိုင်ငံတွင် လုံချည်လောကကို တစ်ခေတ်ဆန်းစေခဲ့သော ယောလုံချည်၏ မွေးဖွားရာ ဇာတိမှာ ဂန့်ဂေါခရိုင်ပင် ဖြစ်ပေသည်။ ယောလုံချည်၏ အတိတ်သမိုင်းသည် ခက်ခဲနက်နဲပြီး ယောသူ၊ ယောသားတို့၏ ကြိုးစားအားထုတ်မှု၊ တီထွင်ဖန်တီးမှုများကို ‌တွေ့ရပါသည်။ ကောဇာသက္ကရာဇ် ၁၃၂၀ ခုနှစ် မတိုင်မီကပင် ရက်ကန်းယက်လုပ်ထွန်းကားခဲ့ရာ နောက်ပိုင်းတွင် ယောလုံချည်များ  စတင်ယက်လုပ်လာကြသည်။ ချည်မျှင်ကောင်း မထုတ်လုပ်နိုင်ခြင်းကြောင့် အိန္ဒိယမှ တင်သွင်းသော အိန္ဒိယ(မာစလိုက်ချည်)ဖြင့် ယက်လုပ်ခဲ့ကြသည်။ အရောင်ရရှိရန် မဲနယ်ပင် စိုက်ပျိုး၍ မဲနယ်ရွက်ကို လှောင်အိုးကြီးများဖြင့် ဆေးစပ်ပြီး တစ်ပတ်ခန့် လှောင်ထားကြရသည်။ သို့သော်လည်း အိုးတိုင်း အရောင်မထွက်ပေ။ ဤကဲ့သို့ ခက်ခက်ခဲခဲတီထွင်ကြံဆ၍ ပြုလုပ်ခဲ့ကြပေသည်။

        ယခုအခါ တိုးတက်လာသောခေတ်နှင့်အညီ ပခုက္ကူဘက်မှလာသော ဆေးဆိုးရန် အရောင် အသွေးစုံကို ဝယ်ယူ၍ ပြုလုပ်လာကြပါသည်။ ပထမဆုံး တီထွင်ခဲ့သည့် အပွင့်အဆင်များမှာ မင်းကြီး၊

ကောင်စီ၊ ချည်ကွင်း စသည့်အဆင်များဖြစ်သည်။ လုံချည်ထည်များတွင် ချိတ်လုံချည်၊ အပွင့်အဆင် များမှာ နှင်းဆီပွင့်၊ စံပယ်ပွင့်၊ ကြာပွင့်၊ သဇင်နွယ် စသည့်ဖြင့် ခေတ်နှင့်အညီ အပွင့်အဆင်များကို တီထွင်ဆန်းသစ်၍ ယက်လုပ်လာကြသည်ကိုလည်း တွေ့ရှိရပါသည်။ အမျိုးသားဝတ် ပုဆိုးအဆင်များမှာလည်း အပွင့်အဆင်ဆန်းများဖြင့် ယက်လုပ်နေကြပြီဖြစ်သည်။ ယောလုံချည်တွင် အကွင်းကို ကန့်လန့်ဖြတ်ထားသော အမိတ်တွင် “GANGAW SPECIAL” “HTILIN SPECIAL”ဟူသော အသား တံဆိပ်သည် မပြောင်းလဲဘဲ အစဉ်အမြဲရပ်တည်နေသော တံဆိပ် ဖြစ်ပေသည်။ အပွင့်ဖောက်ခြင်း၊ စာတန်းဖော်ခြင်းများသည် ရက်ကန်းစင်တွင် အဆုံးသတ်ရပါသည်။ ယခုအခါတွင် လုံချည်သာမက အင်္ကျီ၊ လွယ်အိတ်များပါ ယက်လုပ်လာကြပါသည်။

        ယခုအခါ နာမည်ကြီးလုံချည် တံဆိပ်များကပင် ကောင်းသတင်းကျော်ဇောသော ယောလုံချည် ၏မူရင်းဒီဇိုင်းကို အတုခိုးပြီး စက်ဖြင့်ယက်လုပ်လာကြသော်လည်း အိန္ဒိယမှတင်သွင်းသော ချည်သား၊ ယောသူ၊ယောသားတို့၏ ရက်ကန်းအတတ်ဖြင့် ပေါင်းစပ်ထားသော အရည်အသွေးကိုကား မှီနိုင်ကြမည်မဟုတ်ပေ။ ထို့ကြောင့် ယောဒေသ ယောလူမျိုးများ၏ ဝတ်စုံကို တိုင်းရင်းသားလူမျိုး များပြခန်းနှင့် အခြားတိုင်းရင်းသား လူမျိုးများနည်းတူပြသခွင့်ရသည့်နေရာ (၃) ခုရှိနေပြီဖြစ်သည်။ ထို့ကြောင့် အများအမြင်မှာ ယောဟူသော လူမျိုးနှင့်ယောတို့၏ရိုးရာ၊ ယောဒေသထွက် ပင်နီချောနှင့် ယောချိတ်ထဘီကို သိခွင့်ရကြပြီဖြစ်သည်။ ယောရိုးရာဝတ်စုံကို ရန်ကုန်မြို့၊ မန္တလေးမြို့၊နေပြည် တော်မြို၏ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနတွင်လည်းသွားရောက်၍ လေ့လာနိုင်ပေသည်။

     ယခုအခါတွင် ယောပုဆိုးတစ်ထည်လျှင် ကျပ်(၃၀၀၀၀)ဝန်းကျင်ခန့် ရောင်းချကြပြီး၊ ယောလုံချည်တစ်ထည်လျှင် ကျပ်(၁၆၀၀၀)ဝန်းကျင်ခန့်၊ အမျိုးသမီးဝတ်ဝမ်းဆက်တစ်စုံလျှင် ကျပ် (၂၅၀၀၀မှ၂၈၀၀၀)ခန့် ရောင်းချနေကြပြီဖြစ်သည်။ အမျိုးသမီးဝတ်ချိတ်လုံချည်တစ်ကွင်းလျှင် ကျပ်(၃၀၀၀၀မှ ၃၅၀၀၀)ခန့်၊ ချိတ်ဝမ်းဆက်တစ်စုံလျှင် ကျပ်(၄၅၀၀၀ မှ ၅၅၀၀၀)အထိ ဈေးကွက် တွင် ရောင်းချနေကြပြီဖြစ်သည်။ ထို့ကြောင့် ယခုအခါတွင်ဈေးကောင်းရသောကြောင့်  ဈေးကွက် ဝင်ယောထည်များကို ဂန့်ဂေါ၊ ထီးလင်း၊ ပျားရွာစသည့်မြို့နယ်များတွင် ယခင်ကထက်ပိုမို တွင်ကျယ်စွာယက်လုပ်နေကြကြောင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)