Main menu

ပန်းတနော်မြို့နယ်၌ ဆန်စက်အဆင့်မြှင့်တင်မှုကြောင့် ဆန်စပါးဈေးကွက် ဈေးကောင်းရရှိ

Powered by Drupal

   ပန်းတနော်မြို့နယ်တွင် ကျေးရွာအုပ်စု(၅၂) အုပ်စုရှိပြီး စပါးစိုက်ပျိုးထုတ်လုပ်မှုသည် ဒေသစီးပွားရေး၏ (၇၀%) ခန့်ရှိကြောင်း လေ့လာသိရှိရပါသည်။ စိုက်ပျိုးထုတ်လုပ်ပြီးသည့်စပါးများ အရည်အသွေးကောင်းဆန်များရရှိရေးသည်လည်း ဆန်စက်များ၏ ဆန်စက်အဆင့်မြှင့်တင်မှုအပေါ် တွင် မူတည်လျက်ရှိကြောင်း ဆန်စက်ပိုင်ရှင်များ၏ ဆွေးနွေးမှုများအရ ရလဒ်တစ်ခုအဖြစ် သိရှိခဲ့ရပါသည်။

     ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်တွင် မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်ဝန်ထမ်းများသည် ပန်းတနော်မြို့နယ်၊ ရန်ကုန်ပုသိမ်လမ်းမကြီးဘေးရှိ မြသိန်းတန် (၂) ဆန်စက်ပိုင်ရှင် ဦးစအေးမင်းစိုးနှင့်တွေ့ဆုံ၍ ပန်းတနော်မြို့နယ်၏ ဆန်စပါးဈေးကွက်အခြေအနေ၊ ဆန်စက်အဆင့်မြှင့်တင်ရေးနှင့် ရန်ကုန်တင်ပို့မှုအခြေအနေများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

     ပန်းတနော်မြို့နယ်၊ မြသိန်းတန်(၂) ဆန်စက်သည် ပန်းတနော်မြို့နယ်မှထွက်ရှိသော ဆင်းသုခစပါးနှင့် ကရင်မစပါးများကို ဝယ်ယူကြိတ်ခွဲလျက်ရှိပြီး ဆင်းသုခစပါးတင်း (၁၀၀) လျှင် ၁၈၇၀၀၀၀/-ကျပ်နှင့် ကရင်မစပါး တင်း(၁၀၀)လျှင် ၁၈၂၀၀၀၀/-ကျပ်ဖြင့်ဝယ်ယူပြီး စပါးများကို ဆန်စက်ကြိတ်ခွဲရန် သင့်လျော်သောအစိုဓာတ်အထိအခြောက်ခံပြီး ဆန်ကွဲ၊ ဖွဲ၊ မျိုးကွဲများပါခွဲထုတ်သည့် အဆင့်မြင့်ဆန်စက်တစ်ခုအဖြစ် တည်ဆောက်ခဲ့ကြောင်း၊ ထွက်ရှိလာသောဆန်များမှ ထိပ်စ၊ အလတ်စနှင့် အနိမ့်စများကို အလိုက်အလျောက် သီးခြားစီ ခွဲခြားထွက်ရှိကြောင်း၊ ဆန်သား(၇၅%) နှင့် ဆန်သား(၉၀%)  အထိထွက်ရှိအောင် ကြိတ်ခွဲနိုင်သော အဆင့်မြှင့်ဆန်စက်ဖြစ်ကြောင်း ဆန်စက်ပိုင်ရှင် ဦးစအေးမင်းစိုးက ရှင်းပြခဲ့ပါသည်။

      ဆန်ဈေးကွက်အနေဖြင့် ဆင်းသုခစပါးများ ကြိတ်ခွဲရရှိသော ဧည့်မထဆန်အလတ်စများကို ပန်းတနော်နှင့် ကျောင်းကုန်းဒေသများအထိ ဖြန့်ချိလျက်ရှိပြီး ကရင်မစပါးကြိတ်ခွဲထုတ်လုပ်မှုမှ ရရှိသောဆန်များ၊ ထိပ်စဆန်များကို  GoodBrother ကုမ္ပဏီသို့တင်ပို့ပြီး ပိုလျှံသောဆန်များကို ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက်သို့ တင်ပို့လျက်ရှိကြောင်းသိရပါသည်။

   ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းက ဆန်စပါးဈေးနှုန်း၊ ဈေးကွက်ရရှိမှုစေရေးနှင့် အရည်အသွေးမြင့်ဆန်များထုတ်လုပ်ပြီး ဈေးကွက်ခိုင်မာမှုရှိစေရေးတို့အတွက် လိုအပ်သောနည်းလမ်းများကို အသေးစိတ်ဆွေးနွေးရုံသာမက ဒေသတွင်းထုတ်လုပ်သောစပါးများ အရည်အသွေးကောင်းမွန်စေရန်အတွက် သက်ဆိုင်ရာစိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် နည်းပညာလိုအပ်မှုကို သက်ဆိုင်ရာစိုက်ပျိုးရေးအသိပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ပြန်လည်ဆွေးနွေးခဲ့ပါသည်။

      မြသိန်းတန်(၂) ဆန်စက်သည် ပန်းတနော်မြို့နယ်ရှိ တောင်သူများအတွက် အရည်အသွေးကောင်းသောစပါးများကို စိုက်ပျိုးထုတ်လုပ်ရောင်းချနိုင်ရေး၊ ဝင်ငွေတိုးတက်စေရေးနှင့် စပါးမျိုးကောင်းမျိုးသန့်ဖြစ်ပါက ဈေးပိုမိုရရှိကြောင်းကို စပါးအမျိုးအစားအလိုက် ဈေးနှုန်းကွဲပြားစွာဝယ်ယူမှုနှင့် မိမိဆန်စက်မှထွက်ရှိသော ဆန်များကိုလည်း အရည်အသွေးအလိုက် ထိပ်စ၊ အလတ်စ၊ အနိမ့်စ၊ ဆန်၊ ဆန်ကွဲ၊ ဖွဲ စသည်ဖြင့် အရည်အသွေးအလိုက် ဈေးကွက်နှင့် ဈေးကောင်းရရှိနေမှုသည် ဆန်စက်အဆင့်မြှင့်တင်မှုကြောင့်ဖြစ်ကြောင်း ဆန်စပါးဈေးကွက် ဈေးကောင်းရရှိနေမှုကို စံပြုရေးသားတင်ပြလိုက်ရပါသည်။

DOCA(ဧရာဝတီ)