Main menu

တောင်ငူမြို့နယ်တွင် ဆောင်းသီးနှံမတ်ပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် ဒေသခံတောင်သူလယ်သမားများသည် စိုက်ပျိုးမြေများကောင်းမွန်မှုကြောင့် နွေစပါး၊ မိုးစပါး၊ ဆောင်းသီးနှံများဖြစ်သော မတ်ပဲ၊ ပဲတီစိမ်းစိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားဖြစ်လုပ်ကိုင်ကြပါသည်။

   ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီချိန်တွင် သီးနှံမှ ဝင်ငွေတိုးပွားစေရန်နှင့် စားနပ်ရိက္ခာဖူလုံရေးအတွက် မတ်ပဲကို အားထားစိုက်ပျိုးကြပါသည်။ မတ်ပဲစိုက်ပျိုးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးကောင်းမျိုးသန့် ရရှိ ရေး၊ စနစ်တကျ စိုက်ပျိုးရေးနှင့် သွင်းအားစုများ အချိုးကျမှန်ကန်စွာသုံးစွဲနိုင်ရးများကို ကျေးရွာများ၌ သင်တန်းများပေးခြင်း၊ ကြီးကြပ်ကူညီပေးခြင်းများဆောင်ရွက်လျက်ရှိပါသည်။

      တောင်ငူမြို့နယ်တွင် မိုးစပါး၊ မတ်ပဲနှင့် နွေစပါး သုံးသီးစားစိုက်ပျိုးနိုင်သည့် လယ်မြေများလည်းရှိပါသည်။ မိုးစပါးရိတ်သိမ်းပြီးလျှင် အထွက်နှုန်းကောင်းသည့် TBL-9 မတ်ပဲမျိုးများကိုအမျာဆုံးစိုက်ပျိုးရာ မတ်ပဲစိုက်ပျိုးမြေဧရိယာ၏ ၆၀ရာခိုင်နှုန်းခန့်ရှိပါသည်။ ၇၅ရက်သက်တမ်းရှိသည့် ရေဆင်း(၄)မတ်ပဲမျိုးများနှင့် ရေဆင်း(၇)မတ်ပဲမျိုးများကိုလည်း မတ်ပဲစိုက်ပျိုးမြေဧရိယာ၏ ၂၀ရာခိုင်နှုန်းစီခန့်စိုက်ပျိုးကြပါသည်။

      မတ်ပဲစီမံကိန်းကို ၁၆၈၅၃ဧကစိုက်ပျိုးရန် လျာထားဆောင်ရွက်ခဲ့ရာ အမှန်တကယ်စိုက်ပျိုးနိုင်သည့် ဧရိယာမှာ ၂၀၇၉၁ဧကဖြစ်သဖြင့် လျာထားချက်ထက်ကျော်လွန်၍ ၃၉၈၃ဧကပိုမိုစိုက်ပျိုးနိုင်ခဲ့ပါသည်။ ပြီးခဲ့သည့် (၂၀၂၂/၂၀၂၃) ဘဏ္ဍာနှစ်တွင် မတ်ပဲ ၁၆၆၆၆ဧကစိုက်ပျိုးနိုင်ခဲ့သဖြင့် ယခင်နှစ်ထက် ၄၁၂၅ဧကပိုမိုစိုက်ပျိုးနိုင်ခဲ့ပြီး အထွက်နှုန်းမှာ တစ်ဧကလျှင် ၁၉.၇၈တင်းရှိပါသည်။

      ယခုနှစ် မတ်ပဲဈေးနှုန်းမှာ ပိဿာ(၃၀)ဝင်တစ်အိတ်လျှင် ၁၄၅၀၀၀ကျပ်ရှိပါသည်။ တောင်ငူမြို့နယ်ရှိ ကျေးရွာများတွင် မတ်ပဲခင်းများ အောင်မြင်ဖြစ်ထွန်းနေသောကြောင့် စိုက်ပျိုးသူ တောင်သူလယ်သမားကြီးများအနေဖြင့် အပိုဝင်ငွေတိုးမည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)