Main menu

ပခုက္ကူမြို့တွင် မြေပဲဆံဈေးနှုန်းများ ပြန်လည်မြင့်တက်နေ

Powered by Drupal

  မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သော မြေပဲနှင့်နှမ်းကို အဓိကစိုက်ပျိုးကြပါ သည်။ ယခုအခါတွင်  မြေပဲဆံဈေးနှုန်းမှာ ဆက်လက်မြင့်တက်နေကြောင်း၊ ပခုက္ကူခရိုင်အတွင်းသို့ မြိုင်မြို့နယ်ရှိရွာများ၊ ရေတောင်ဘက်ရှိရွာများ၊ ပခုက္ကူမြို့၏ အနောက်ဘက်ရှိရွာများမှ လာရောက်အရောင်းအဝယ်ဖြစ်နေပါသည်။  မြေပဲအခွံပါအတောင့် ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ်(၄၂၀၀-၄၃၅၀)၊ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် မြေပဲ(ပြန့်ဆံ) တစ်ပိဿာလက်ကားဈေးမှာ မြေပဲဆံအလုံး/ အသေးအကြီးပေါ်မှုတည်၍  တစ်ပိဿာလျှင်  ကျပ် (၅၉၀၀-၆၂၀၀-၆၃၀၀)၊ ဒုတိယအပတ်တွင် မြေပဲ(ပြန့်ဆံ) တစ်ပိဿာလျှင်  ကျပ်(၆၃၅၀-၆၄၀၀-၆၅၀၀)ဖြစ်ခဲ့ပြီး တတိယအပတ်တွင် မြေပဲ(ပြန့်ဆံ) တစ်ပိဿာလက်ကားဈေးမှာ တစ်ပိဿာလျှင်  ကျပ် (၆၆၀၀-၆၇၀၀-၆၈၀၀)ဖြင့်အရောင်းအဝယ်ဖြစ်နေပြီး တစ်ပိဿာလျှင်  ကျပ် (၄၀၀မှ ၅၀၀)ထိဈေးနှုန်းမြင့်တက်ကာ အရောင်းအဝယ်သွက်နေကြောင်း  ကုန်သည်များထံမှသိရှိရပါသည်။

      ထိုသို့ မြေပဲဆံဈေးနှုန်းမြင့်တက်လာသည်နှင့်အမျှ မြေပဲဆုံဆီဈေးနှုန်းမှာလည်း ဆက်လက်မြင့်တက်နေပြီး ယခင်ဇန်နဝါရီလ(ပထမပတ်)တွင် မြေပဲဆုံဆီဈေးနှုန်းမှာ ကျပ်(၁၃၅၀၀- ၁၄၀၀၀)၊ မြေပဲဖတ်ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ်(၂၂၀၀) ရှိခဲ့ပြီး ယခုဇန်နဝါရီလ (တတိယပတ်)တွင် မြေပဲဆုံဆီဈေးမှာ ကျပ်(၁၄၅၀၀- ၁၅၀၀၀)၊ မြေပဲဖတ်ဈေးမှာ တစ်ပိဿာလျှင် ကျပ်(၂၃၀၀) ဖြစ်ကြောင်း၊ ဆုံဆီတစ်ပိဿာလျှင် ကျပ်(၁၀၀၀-၁၅၀၀)၊ ပဲဖတ်တစ်ပိဿာလျှင် ကျပ်(၁၀၀)ခန့်ဈေးနှုန်းမြင့်တက်နေကြောင်း၊ တင်ပို့မှုမှာလည်း ယခင်လများထက် ဝယ်ယူမှုများပြားနေကြောင်း၊ ဈေးနှုန်းမြင့်တက်လာသည်နှင့် အမျှ အရောင်းအဝယ်လည်းသွက်နေကြောင်း ကုန်သည်များထံမှသိရှိရပါသည်။

DOCA(မကွေး)