ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ ၂ဝ၂၂-၂၃ (အောက်တိုဘာ-စက်တင်ဘာ) ဈေးကွက် ရာသီနှစ်အတွက် ပြုလုပ်သောဆွေးနွေးပွဲတွင် ပြည်တွင်းရှိလယ်သမားများသို့ သတ်မှတ်ထားသော ဆန်စပါးထုတ်လုပ်မှု အထောက်အပံ့ထက် ကျော်လွန်ပေးအပ်ခဲ့သဖြင့် သက်သာခွင့်ပေးရန် အိန္ဒိယ နိုင်ငံက ၅ ကြိမ်မြောက် ဆက်တိုက်တောင်းဆိုမှုအဖြစ် အရေးဆိုခဲ့ပါသည်။
အိန္ဒိယနိုင်ငံသည် ၂ဝ၂၂-၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅၂.၈ ဘီလီယံ တန်ဖိုးရှိသည့် ဆန်စပါးထုတ်လုပ်ခဲ့ပြီး အဆိုပါကာလအတွင်း လယ်သမားများသို့ ဆန်စပါးထုတ်လုပ်မှုအတွက် ဒေါ်လာ ၆.၃၉ ဘီလီယံ ထောက်ပံ့ကြေးပေးအပ်ခဲ့ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ အသိပေး ကြေညာခဲ့ပါသည်။ အိန္ဒိယ၏ ထိုသို့ထောက်ပံ့မှုသည် ဆန်ထုတ်လုပ်မှုတန်ဖိုး၏ ၁၂ ရာခိုင်နှုန်းရှိ ပြီး ကမ္ဘာ့ကုန်သွယ်မှုစည်းမျဉ်းများအရ ဆန်ထုတ်လုပ်မှုအတွက် ပြည်တွင်း၌ ထောက်ပံ့ပေးနိုင် သည့် အများဆုံးပမာဏမှာ ၁ဝ ရာခိုင်နှုန်းဖြစ်သဖြင့် စည်းမျဉ်းချိုးဖောက်သကဲ့သို့ဖြစ်နေပါသည်။ သို့ရာတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ၂ဝ၁၃ ခုနှစ် ဘာလီဝန်ကြီးများအဆင့် အစည်းအဝေးမှ သဘောတူညီချက်အရ ဆန်ထုတ်လုပ်မှုအတွက် အထောက်အပံ့ပေးမှုအပေါ် သက်သာခွင့်ပေးရေး အဆို (peace clause) ကို အိန္ဒိယနိုင်ငံက တောင်းဆိုခဲ့သဖြင့် အဆိုပါ စည်းမျဉ်းချိုးဖောက်မှု အတွက် လက်ငင်းဂယက်ရိုက်မှုများ ဖြစ်ပေါ်မှုမရှိသေးကြောင်း သိရှိရပါသည်။
ထိုကဲ့သို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် သက်သာခွင့်တောင်းဆိုသည့်နိုင်ငံသည် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် တွေ့ကြုံရလေ့ရှိသည့် ဂျုံနှင့်ဆန်ထုတ်လုပ်မှုတို့အတွက် သတ်မှတ်ထားသော အမြင့်ဆုံးအထောက်အပံ့ပေးမှုပမာဏကို ကျော်လွန်ထောက်ပံ့ပေးသည့် ချိုးဖောက်မှုကို ပြုလုပ်မိပါက တိကျသောအဖြေကို ရှာဖွေဖော်ထုတ်နိုင်မှု မရှိမချင်း ခုခံကာကွယ်မှုကို ပြုလုပ်ဆောင်ရွက်နိုင်ပါသည်။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ အိန္ဒိယနိုင်ငံမှ သက်သာခွင့်တောင်းဆိုသောစာတွင် ပြည်တွင်း ရှိ ဆင်းရဲနွမ်းပါးသောပြည်သူများ၏ စားနပ်ရိက္ခာ ဖူလုံမှုရှိစေရေးအတွက် အရန်ဆန် အစီအစဉ် အောက်၌ လယ်သမားများသို့ အထောက်အပံ့များပေးလျက် ဆန်များအား စုဆောင်းရယူခဲ့ပြီး ပြန်လည်ထုတ်ပေးမှုကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရှိ အဖွဲ့ဝင်နိုင်ငံ များ၏ ကုန်သွယ်မှုကို ကမောက်ကမဖြစ်စေရန် သို့မဟုတ် စားနပ်ရိက္ခာဖူလုံမှုကို ဆိုးရွားစွာ အကျိုးသက်ရောက်မှုဖြစ်ပေါ်စေရန် ဆောင်ရွက်ခြင်းမဟုတ်ကြောင်း ဖော်ပြခဲ့ပါသည်။
အိန္ဒိယနိုင်ငံခြားကုန်သွယ်မှုသိပ္ပံရှိ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဘာသာရပ်ဆိုင်ရာ လေ့လာရေး ဌာန (Centre for WTO Studies) မှ ပါမောက္ခတစ်ဦးဖြစ်သူ Sachin Kumar Sharma က အိန္ဒိယ နိုင်ငံ၏ ပြည်တွင်းဆန်လုပ်ငန်းအပေါ် အထောက်အပံ့ပေးအပ်မှုမှာ ၂ဝ၁၈-၁၉ ခုနှစ်မှ စတင်၍ သတ်မှတ်ထားသောပမာဏထက် ကျော်လွန်မှုရှိခဲ့ကြောင်း၊ သို့သော် အိန္ဒိယနိုင်ငံသည် ဈေးနှုန်း အထောက်အပံ့ပေးရေးကို နောက်ခံပြုသည့် အများပြည်သူဆိုင်ရာ အရန်ဆန်သိုလှောင်မှု မူဝါဒ များ ချမှတ်ဆောင်ရွက်ခြင်းအပေါ် မည်သည့်ဥပဒေကြောင်းအရ စိန်ခေါ်မှုကိုမဆို ဘာလီ သက်သာခွင့်ပေးမှု အစီအစဉ်အရ ကာကွယ်နိုင်ခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် အကြိမ်ကြိမ် စည်းမျဉ်းချိုးဖောက်မှု ဖြစ်ပေါ်ရခြင်းမှာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၌ ချမှတ်ထားသည့် ခေတ်နောက် ကျပြီး ချို့ယွင်းချက်ရှိနေသော တွက်ချက်မှုစနစ်ကြောင့်ပင် ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၌ ဆန်စပါးထုတ်လုပ်မှုအတွက် အစိုးရကအထောက်အပံ့ပေးနိုင် သည့် သတ်မှတ်ထားသောပမာဏဖြစ်သည့် ၁ဝ ရာခိုင်နှုန်းဟူသော တွက်ချက်မှုမှာ ယခင် ၁၉၈၆-၈၈ ခုနှစ် ကာလများရှိ ရည်ညွှန်းဈေးအပေါ် အခြေခံထားသဖြင့် ၎င်းတွက်ချက်ပုံစနစ်သည် ခေတ် နှင့် လျော်ညီခြင်းမရှိတော့ပဲ ပြန်လည်ပြင်ဆင်ရန် လိုအပ်မည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံက တောင်း ဆိုထားပါသည်။
အိန္ဒိယနိုင်ငံ၏ ကောက်ပဲသီးနှံများ စိုက်ပျိုးထုတ်လုပ်မှုအပေါ် အနိမ့်ဆုံး အထောက်အပံ့ပြု ပေးအပ်သည့် ဈေးနှုန်းအစီအစဉ်အောက်တွင် အထူးသဖြင့် ဆန်စပါးထုတ်လုပ်ရာ၌ အထောက် အပံ့ပေးမှုသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စံနှုန်းအရ ၂၀၁၈-၁၉ ခုနှစ်မှစတင်၍ ၅ နှစ်ဆက်တိုက် သတ်မှတ်ထားသောပမာဏထက် ကျော်လွန်ချိုးဖောက်နေသဖြင့် အဆိုပါအစီအစဉ်ကို အချို့သော ဖွံ့ဖြိုးပြီးနိုင်ငံများက မေးခွန်းထုတ်လျက်ရှိနေကြသဖြင့် ခိုင်မာတိကျသော အဖြေတစ်ရပ်ရရှိရန် လိုအပ်လျက်ရှိကြောင်း အိန္ဒိယ Business Standard သတင်းဌာနက ဖော်ပြထားပါသည်။
Source: Business Standard, April 8, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)