Main menu

စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အသေးစားစက်မှုလက်မှု ဦးစီးဌာနမှ ဖွင့်လှစ်သော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း ဆွေးနွေးဟောပြော

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အသေးစားစက်မှုလက်မှုဦးစီးဌာနမှဖွင့်လှစ်သော လူသုံကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် ၂၀၂၄ခုနှစ် မေလ ၁၄ရက်နေ့ နေ့လယ် (၁၃း၀၀)နာရီအချိန်တွင် စားသုံးသူ‌ရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းသိကောင်းစရာများကို သင်တန်းတစ်ချိန်ဟောပြောဆွေးနွေးခဲ့ရာ သင်တန်းသူ/ သင်တန်းသား (၂၁) ဦးတက်ရောက်ခဲ့ပါသည်။

       စစ်ကိုင်းခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်က စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံအဆင့်ဆင့်ကိုပြောကြားခဲ့ပြီး၊  စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့၌ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်၉ဖြင့် ပြဋ္ဌာန်းခဲ့ပြီး၊ အခန်း(၂၅)ခန်းနှင့် ပုဒ်မ၈၄ခုပါဝင်ကြောင်း၊ စားသုံးသူကာကွယ်ရေးနည်းဥပဒေကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့ကပြဋ္ဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၉)၊ ပုဒ်မ(၁၉)နှင့်ပုဒ်မ(၂၀)တွင် ပြဋ္ဌာန်းထားသည့် စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူ၏တာဝန်များကို ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ(၄၁)တွင် စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့် အချက်(၈) ကို အသေးစိတ်ရှင်းလင်းပြောကြားခြင်း၊ ပုဒ်မ ၄၁၊ ပုဒ်မခွဲ (ခ)နှင့် ပုဒ်မခွဲ(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ ပုဒ်မ(၄၃)ပါ ပြဋ္ဌာန်းချက်နှင့် ကိုက်ညီမှုမရှိသည့်ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း သို့မဟုတ် ရောင်းချခြင်းမပြုရန် ပုဒ်မ(၆၈)၌ ပြဋ္ဌာန်းထားပြီး၊ ပုဒ်မ(၆၈)ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူ ကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း၂၀၀ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေသည် စားသုံးသူများကိုကာကွယ်ပေးခြင်းနှင့် လုပ်ငန်းရှင်များကိုထိန်းကြောင်းပေးသည့်ဥပဒေတစ်ခုဖြစ်ပါကြောင်း၊ ပြည်သူတိုင်းသည်စားသုံးသူများဖြစ်ပြီး စားသုံးသူတိုင်းမှာစားသုံးသူအခွင့်အရေးများရှိကြောင်း၊ စားသုံးသူအခွင့်ရေး နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက  မိမိတို့ဌာနသို့လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့် ဖြစ်စေ၊ Website ၊ Gmail တို့ဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း ရှင်းလင်းပြောကြားပြီး တိုင်ကြားရန်လိပ်စာများပါသည့် ပန်းဖလက်များဖြန့်ဝေခဲ့ကြောင်းသတင်းရရှိပါ သည်။

DOCA(စစ်ကိုင်း)