Main menu

ဈေးကောင်းရရှိနေသော ရုံးပတီသီး

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊  အုတ်ဖိုမြို့နယ်သည် စိုက်ပျိုးရေးကိုအဓိကထား၍ အသက်မွေးဝမ်းကြောင်းလုပ်ကိုင်ကာ စီးပွားရေးဖွံ့ဖြိုးလျက်ရှိသော မြို့နယ်ဖြစ်ပါသည်။ ဆန်စပါး၊ မတ်ပဲတို့ကို အဓိကထား၍ စိုက်ပျိုးသည့်အပြင် ရာသီပေါ်သီးနှံများဖြစ်သော ငရုတ်၊ ဂေါ်ဖီ၊ သခွား၊ ရုံးပတီ၊ ချဉ်ပေါင်တို့ကိုလည်း‌ ဒေသတွင်းစားသုံးရန်သာမက အခြားမြို့နယ်များသို့တင်ပို့နိုင်သည်အထိ စိုက်ပျိုးလျက်ရှိပါသည်။

          အုတ်ဖိုမြို့အတွင်းရှိ လင်းလွန်းပင်ရွာ၊ ဥတိုရွာ၊ ကြက်ဆူတောရွာ၊ နနွင်းကုန်း၊ ငါးရှဉ့်ရိုး၊ သရက်ကုန်း၊ ကွေ့ချောင်း၊ ချောင်းနားရွာများသည် ရုံးပတီသီးကို အများဆုံးစိုက်ပျိုး၍ ဈေးကောင်းရရှိလျက်ရှိသည်။ ရုံးပတီပင်သည် ရာသီဥတုဒဏ်အကြမ်းခံနိုင်သဖြင့် ရွေးချယ်စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးချိန်မှ သီးနှံဆွတ်ခူးချိန်ထိ ၄၅ရက်ခန့်သာရှိသဖြင့် အချိန်တိုတိုနှင့် ဝင်ငွေရရှိနိုင်ကြောင်း ရုံးပတီသီးစိုက်တောင်သူတစ်ဦးထံမှသိရှိရပါသည်။ သွင်းအားစုအနေဖြင့် စိုက်ခင်းမြေထွန်ယက်ခ  (၁၆၀၀၀၀)၊ ပေါင်တင်ခ (၁၆၀၀၀၀)ကျပ်၊ စိုက်ပျိုးပင်စိုက်ရန် ကျင်းတူးခ  (၁၅၀၀၀၀)၊ မြက်ကောက်ခ (၁၅၀၀၀၀)ကျပ်၊ အပင်အားဆေး (၂၄၀၀၀၀)ကျပ်၊ အသီးအားဆေး (၂၄၀၀၀၀ကျပ်)၊ မျိုးစေ့ဖိုး(၈ထုပ်)(၃၆၀၀၀၀)ကျပ်၊ ခူးဆွတ်ခ(၃၅)ကြိမ်အတွက် လုပ်သားခ (၃၅၀၀၀၀)ကျပ်၊ သယ်ယူခ (၃၅ကြိမ်)အတွက် လုပ်သားခ (၁၄၀၀၀၀)ကျပ်၊ ရေသွင်းခြင်းအတွက် (၁၂ကြိမ်)လျှင် (၁၁၀၀၀၀၀) ကျပ်ကုန်ကျပါသည်။ မျိုးစေ့ဖိုး၊ ဆေးဖိုး၊ ရေသွင်းခ၊ ပေါင်းရှင်းခနှင့် အပင်စိုက်ပျိုးချိန်မှ ခူးဆွတ်ချိန်ထိ ကုန်ကျစရိတ်    ( ၃၀၅၀၀၀၀)ကျပ်ကုန်ကျနိုင်ပါသည်။ အောက်တိုဘာလအတွင်း ရုံး ပတီသီးတစ်တောင့်လျှင် ၂၅ကျပ်မှ ၂၈ကျပ်ကြားရရှိပါသည်။ ရုံးပတီသီးကို တစ်ရက်ခြားခူးဆွတ်ရပြီး တစ်ခါခူးဆွတ်လျှင် အတောင့်(၅၀၀၀)ခန့်ကို (၃၅)ရက်ခန့်ခူးဆွတ်ရပြီး အတောင့်ရေ  (၁၇၅၀၀၀)တောင့်ရသဖြင့် တစ်ဧကလျှင် ဝင်ငွေ (၄၅၅၀၀၀၀)ကျပ်ရရှိပါသည်။ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင်(၁၅၀၀၀၀၀)ကျပ်အမြတ်ဝင်ငွေရရှိနိုင်ကြောင်း စိုက်ပျိုးသူတောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(ပဲခူး)