Main menu

ကဝမြို့နယ်ဒေသထွက် ငါးရံ့ငါးပိ ဈေးကွက်အတွင်း ဈေးကောင်းရရှိနေ

Powered by Drupal

          မြန်မာလူမျိုးတို့၏ ထမင်းဝိုင်းများတွင် မပါမဖြစ်စားသုံးကြသည့်ငါးပိသည် မြစ်ဝကျွန်းပေါ် ဒေသများနှင့် ပင်လယ်ကမ်းရိုးတမ်းဒေသများတွင် ပေါများစွာထွက်ရှိလေ့ရှိရာ မြစ်ချောင်းများပေါများသည့် ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်အတွင်းထွက်ရှိသည့် ငါးပိအမျိုးအစားများစွာထဲမှ ငါးရံ့ငါးပိသည် ဈေးကွက်အတွင်း ဈေးကောင်းရရှိလျက်ရှိပြီး ဝယ်လိုအားအင်မတန်ကောင်းသည့် ထုတ်ကုန်ပစ္စည်းတစ်ခုအနေဖြင့် ရပ်တည်လျက်ရှိသည်။ ကဝမြို့နယ်တွင် ငါးရံ့ငါးပိကို ရေကျိုငါးပိနှင့် ငါးရံ့ငါးပိကောင်ဟူ၍ (၂)မျိုးပြုလုပ်လေ့ရှိပြီး ဈေးကွက်အတွင်း ရောင်းချမှုအားကောင်းမှုနှင့် လူကြိုက်များလေ့ရှိသည်မှာ ငါးရံ့ရေကျိုငါးပိဖြစ်ရာ ၎င်းရေကျိုငါးပိအား ငါးပိကြော်အဖြစ်လည်းကောင်း၊ ငပိချက်အဖြစ်လည်းကောင်း၊ ဟင်းခပ်အဖြစ်သော်လည်းကောင်း အမျိုးမျိုးစားသုံးလေ့ရှိကြသည်။

         ငါးရံ့ငါးပိပြုလုပ်ရန် ငါးရံ့ကောင်များကို ရေချိုအရပ်များဖြစ်သည့် အင်း၊ အိုင်၊ ချောင်း၊ မြောင်းများ၊ လယ်ကွင်းများထဲမှ ရရှိလေ့ရှိပြီး နှစ်ဆယ်ကျပ်သား၊ နှစ်ဆယ့်ငါးကျပ်သားရှိသည့် အကောင်များကို ရေကျိုငါးပိပြုလုပ်လေ့ရှိကြောင်းနှင့် အရွယ်အစားကြီးမားသည့်ငါးများအား ငါးပိကောင်အဖြစ် ပြုလုပ်လေ့ရှိကြောင်း ငါးရံ့ငါးပိပြုလုပ်သူတစ်ဦးထံမှသိရသည်။

         ငါးရံ့ငါးပိပြုလုပ်သူများသည် ငါးရံ့ပေါများချိန် ဆောင်းဦးကာလခန့်တွင် တစ်ပိဿာလျှင် (၅၀၀၀) ကျပ်နှုန်းဖြင့်ဝယ်ယူ၍ ငါးပိပြုလုပ်ထားရှိခဲ့ပြီး ယခုစက်တင်ဘာလ၊ တတိယအပတ်တွင် ဈေးကွက်အတွင်း ငါးရံ့ရေကျိုငါးပိတစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်နှုန်းနှင့် ငါးပိကောင်(၁)ပိဿာလျှင် (၁၀၀၀၀) ကျပ်နှုန်းအထိ ဈေးကွက်အတွင်း ဈေးကောင်းရရှိလျက်ရှိကြောင်းနှင့် မြန်မာလူမျိုးများ၏ ထမင်းဝိုင်းများတွင် ထမင်းကို အသားငါး၊ ဟင်းလျာနှင့်တွဲဖက်၍ စားသောက်ရသည့်တိုင်အောင် ငါးပိ၊ တို့စရာမပါရှိပါက တင်းတိမ်ကျေနပ်မှုမရှိကြသဖြင့် အခြားငါးပိများထက် အနံ့၊ အရသာလွန်စွာကောင်းမွန်ပြီး အာဟာရမျှတလှသည့် ငါးရံ့ငါးပိမှာ ဈေးကွက်အတွင်း၌ ဝယ်လိုအား၊ ရောင်းလိုအားကျဆင်းသွားမှုမရှိဘဲ ဈေးကွက်အတွင်း ခိုင်မာစွာရပ်တည်နိုင်သည့် ကုန်ပစ္စည်းတစ်ခုဖြစ်ကြောင်း ငါးပိပြုလုပ်သူများနှင့် ငါးပိကုန်သည်များထံမှသိရှိရပါသည်။

DOCA(ပဲခူး)