Main menu

စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်းစစ်တမ်း မှန်ကန်တိကျရေး စားသုံးသူပြည်သူများ ပူ:ပေါင်းဆောင်ရွက်ပေး

Powered by Drupal

           နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အညွှန်းကိန်းကို တိုင်းတာရာတွင် နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် နေထိုင်စားသောက်မှုပုံစံများကလည်း များစွာအရေးပါပါသည်။ ကျန်းမာရေးစောင့်ရှောက်မှု မြင့်မားသည်နှင့်အမျှ သေဆုံးမှု လျော့နည်းခြင်းက စားသောက်မှုပုံစံမြင့်မားခြင်းနှင့် တိုက်ရိုက်အချိုးကျပါသည်။

              မြန်မာနိုင်ငံတွင်လူဦးရေ ၆၄ သန်းကျော်သော ပြည်သူများ၏ ကျန်းမာရေးကို တစ်ဖက်တစ်လှမ်းမှ ကာကွယ်စောင့်ရှောက်ရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ပေးရေးဥပဒေ ပြဌာန်း၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

        စားသုံးသူဆိုသည့် ဝေါဟာရကို အဓိပ္ပါယ်ဖွင့်ဆိုမည်ဆိုပါက “ စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန် မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက် သော်လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်း ပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများ ” ကို ဆိုလိုပါသည်။

               ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း မိမိတို့နိုင်ငံများအတွင်းရှိ စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်နိုင်ရန်အတွက် ဥပဒေစည်းမျဉ်း စည်းကမ်းများ ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

              ရှေးယခင်ကာလများက စားသုံးသူများသည် မိမိတို့၏ အခွင့်အရေး၊ အကျိုးစီးပွားများကို သင့်တင့်မျှတသည့် အခွင့်အရေးများရရှိမှုမရှိဘဲ ထိခိုက်နစ်နာမှုများမှ ကာကွယ်ရန်အတွက် ဖတ်ရှု့စစ်ဆေးရမည့် ကုန်ညွှန်းအမှတ်အသားများကို သတိမပြုမိကြဘဲ မိမိတို့၏ ရရှိပိုင်ခွင့်၊ အရေးဆိုပိုင်ခွင့် အခွင့်အရေးများကို ဆုံးရှုံးခဲ့ကြရသည်။

            ထိုကြောင့် စားသုံးသူတို့၏ အခွင့်အရေးများကို အကာအကွယ်ပေးရန်နှင့် ထုတ်လုပ်သူလုပ်ငန်းရှင်တို့၏ ကုန်စည် ဝန်ဆောင်မှုလုပ်ငန်းများအပေါ် ကာကွယ်နိုင်ရန်အတွက် အစားသောက်နှင့် ဆေးဝါးသီးသန့်အက်ဥပဒေကို အမေရိကန်ပြည်ထောင်စုကွန်ကရက်မှ ၁၉၀၆ ခုနှစ်တွင် ပြဌာန်းကျင့်သုံးခဲ့ရာမှ ယင်းဥပဒေပါ အချက်များကို မှီငြမ်း၍ ဥရောပနှင့် မြောက်အမေရိကတွင် ၁၉၆၀ ခုနှစ်တွင် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများ စတင်လာခဲ့ပါသည်။

           အမေရိကန်ပြည်ထောင်စုကွန်ရက်မှ သမ္မတ John F Kennedy  က ၁၆၉၂ ခုနှစ်၊ မတ်လ ( ၁၅ ) ရက်နေ့တွင် စာသုံးသူတို့၏ အခြေခံအခွင့်အလမ်းများကို အသိအမှတ်ပြု၍ တရားဝင်လက်မှတ် ရေးထိုးခဲ့ရာမှ စားသုံးသူကာကွယ်ရေးလုပ်ငန်းအတွက် မှတ်တိုင်တစ်ခုအနေဖြင့် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ ( World Consumer Right Day ) ဖြစ်ပေါ်လာခဲ့ပြီး နှစ်စဉ်၊ နှစ်တိုင်း မတ်လ ( ၁၅ ) ရက်နေ့ကို သတ်မှတ်ခဲ့ကြကြောင်း သိရှိရပါသည်။

             စားသုံးသူအကာကွယ်ပေးရေးအတွက် ကုလသမဂ္ဂ၏ လမ်းညွှန်ချက်များ UN Guide Line ၈ ချက်ကို ၁၉၈၅ ခုနှစ်၊ ဧပြီလ ( ၉ ) ရက်နေ့တွင် ( ၃၉/၂၄၈ ) ဖြင့် ချမှတ်နိုင်ခဲ့ပြီး စားသုံးသူများအား ကာကွယ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

            အာဆီယံအဖွဲ့ဝင်နိုင်ငံများမှလည်း မိမိတို့၏ စားသုံးသူပြည်သူများကို အကာအကွယ်ပေးရန် အတွက် ဥပဒေများကို ပြဌာန်းလာကြရာ ၁၉၇၉ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ ၁၉၉၂ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၊ ၁၉၉၆ ခုနှစ်တွင် စင်္ကာပူနိုင်ငံ၊ ၁၉၉၉ ခုနှစ်တွင် မလေးရှားနိုင်ငံ၊  ( ၂၀၀၀ ) ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ( ၂၀၀၆ ) ခုနှစ်တွင် ဘရူနိုင်းနိုင်ငံ၊ ( ၂၀၁၀ ) ခုနှစ်တွင် လာအိုနိုင်ငံ၊ ( ၂၀၁၀ ) ခုနှစ်တွင် ဗီယက်နမ်နိုင်ငံနှင့် မြန်မာနိုင်ငံတွင် ( ၂၀၁၄ ) ခုနှစ်တွင်လည်းကောင်း အသီးသီး ပြဌာန်းခဲ့ပြီး အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ အစည်းအဝေးများကို အလှည့်ကျ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။

          မြန်မာနိုင်ငံတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အဓိက တာဝန်ယူ၍ စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများကို ၂၀၁၃ ခုနှစ်၊ မေလမှစတင်၍ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနအမည်ဖြင့် စတင်၍ ဆောင်ရွက်ခဲ့ရာ ၂၀၁၄ ခုနှစ်၊ မတ်လ ( ၁၄ ) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ( ၁၀ ) ဖြင့် အခန်းပေါင်း ( ၁၂ ) ခန်း၊ ပုဒ်မပေါင်း ( ၃၁ ) ခုဖြင့် ပြဌားန်းကာ စားသုံးသူပြည်သူများအား ကာကွယ်ဆောင်ရွက်ပေးလျက် ရှိကာ ၂၀၁၉ ခုနှစ်၊ မတ်လ ( ၁၅ ) ရက်နေ့တွင် ၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၉။ ဖြင့် အခန်း ( ၂၅ ) ခန်း၊ ပုဒ်မပေါင်း ( ၈၄ ) ခုနှင့် ပြုပြင်မွမ်းမံကာ စာသုံးသူတို့အား မိမိတို့၏ လိုက်နာဆောင်ရွက်ရမည့် တာဝန်များ၊ အခွင့်အရေးများအပြင်၊ စီးပွားရေးလုပ်ငန်းရှင်များ၏ အခွင့်အရေးနှင့် တာဝန်များကို စားသုံးသူကာကွယ်ရေးဥပဒေများဖြင့် ကာကွယ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်/ကျေးရွာများအထိပါ အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ ကုန်စည်ဝန်ဆောင်မှုများအတွက် ဈေးများ/ကုန်စုံဆိုင်များ/အိမ်ဆိုင်များ/ ကျောင်းမုန့်ဈေးတန်းများသို့လည်း သွားရောက်၍ ကွင်းဆင်းအသိပညာပေးခြင်း လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ရန် စားသုံးသူပြည်သူများအား အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

        ယခုကာလတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာရှိမှုနှင့် စွမ်းဆောင်ရည် မည်မျှရှိသည်ကို  တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်းအား ၂၀၂၂ ခုနှစ်၊ တတိယနှင့် စတုတ္ထ ( ၃ ) လပတ်များအတွင်း စစ်တမ်းကောက်ယူရန်အတွက် ပြည်သူများသို့ စားသုံးသူအသိပညာပေးလုပ်ငန်းများ၊ စားသုံးသူထိခိုက်နစ်နာမှုနှင့်စပ်လျဉ်း၍ ကုစားမှုအစီအစဉ်များ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်းသည့် စားသုံးသူများ သိရှိရမည့် သတင်းအချက်အလက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများနှင့် ပြဌာန်းချက်များအပေါ် သိရှိမှု အခြေအနေများစသည့်အချက်များကို အခြေခံ၍ စားသုံးသူပြည်သူများအား စစ်တမ်းမေးခွန်းလွှာကို လူကိုယ်တိုင်တိုက်ရိုက်ဖြင့်သော်လည်းကောင်း၊ Online မှ မေးမြန်းခြင်းဖြင့် သော်လည်းကောင်း၊ နည်းလမ်း ( ၂ ) သွယ်ဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များ၏ လူဦးရေ စာရင်းအလိုက်ကောက်ယူ၍ မြန်မာနိုင်ငံတွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာသည်နှင့်အမျှ ပြည်သူများအပေါ်တွင် စားသုံးသူကာကွယ်ရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ နိုင်ငံအတွင်း မည်မျှလွမ်းခြုံနိုင်မှုနှင့် ထိရောက်မှုအတိုင်းအတာကို သိရှိနိုင်ရန် ရည်ရွယ်၍ ကောက်ယူခြင်းဖြစ်ပါကြောင်း သိရှိရပါသည်။

          မြန်မာနိုင်ငံစားသုံးသူစွမ်းဆောင်နိုင်မှုအညွှန်းကိန်း စစ်တမ်းမွေးခွန်းလွှာတွင် ခေါင်းစဉ်ကြီး   ( ၃ ) ခုနှင့် အချက်ပေါင်း ၄၃ ချက်ပါဝင်ပြီး စားသုံးသူသတင်းအချက်အလက်အနေဖြင့် တည်နေရာ၊ ဒေသ၊ ကျား/မ၊ အသက်အပိုင်းအခြား၊ ပညာအရည်အချင်းနှင့် အလုပ်အကိုင်များ ဖြည့်စွက်ရသည်ကို တွေ့ရှိရပါသည်။

          မွေးခွန်းလွှာများ ဖြေကြားရာတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ ဗဟုသုတရှိမှု၊ စားသုံးသူအခွင့်အရေးများနှင့် တာဝန်များ၊ အခွင့်အရေးများနှင့် ကုန်စည်တွင်ပါရှိသည့် သတင်း အချက်အလက်များ သိရှိနိုင်မှုအခြေအနေများ၊ စားသုံးသူရေးရာဦးစီးဌာနမှ အဓိကတာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းဆောင်ရွက်ချက်များ၊ မိမိတို့၏ အခွင့်အရေးများ ချိုးဖောက်ခံရပါက တိုင်ကြားနိုင်သည့် အဖွဲ့အစည်းများအပေါ် မိမိတို့၏ ထင်မြင်ချက်များ ဖြည့်စွတ်ရပါသည်။

          ထို့အပြင် စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုအား တိုင်ကြား နိုင်မှုအခြေအနေများတွင် မည်ကဲ့သို့ တိုင်ကြားနိုင်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြ ချက်များအပေါ် နားလည်သိရှိမှုနှင့် မိမိတို့ ကုန်ပစ္စည်းဝယ်ယူအသုံးပြုရာတွင် သတိပြုရမည့် အချက်များနှင့် စားသုံးသူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ နောက်ထပ်အကြံပြုလိုသည်များ ရှိပါက လွတ်လပ်စွာ အကြံပြုနိုင်မည် ဖြစ်ကြောင်းကို မေးခွန်းလွှာ၏ အဆုံးတွင် ထည့်သွင်းရေးသားနိုင်သည်ကို တွေ့ရှိရပါသည်။

       မြန်မာနိုင်ငံစားသုံးသူစွမ်းဆောင်နိုင်မှုအညွှန်းကိန်း စစ်တမ်းမွေးခွန်းလွှာတွင် ဖြေဆိုထား သည့် စားသုံးသူတစ်ဦးအနေဖြင့် ဖြေကြားသည့် အချက်အလက်များပေါ်မူတည်၍ စားသုံးသူ စွမ်းဆောင်နိုင်မှုအဆင့်သတ်မှတ်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ အသိပညာရရှိမှုနှင့် စွမ်းဆောင်ရည်များကို အောင်မြင်စွာ ဖော်ဆောင်နိုင်ရန် မြန်မာနိုင်ငံစားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်း ( MCEI ) စစ်တမ်းကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို သိရှိရပါသည်။

           နေရာစုံ၊အလွှာစုံမှ စားသုံးသူများအား စစ်တမ်းကောက်ယူနိုင်ရေးဆောင်ရွက်ပါက  ပိုမိုတိကျခိုင်မာသော နိုင်ငံတွင်းရှိစားသုံးသူများ၏ စွမ်းဆောင်နိုင်မှုအညွှန်းကိန်းကိုရရှိမည်ဖြစ်၍ လိုအပ်သောမူဝါဒများချမှတ်နိုင်မည်ဖြစ်ပါသည်။ ထိုမှတဆင့် စားသုံးသူပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုတိုးတက်ရေးနှင့် နေထိုင်စားသောက်မှုပုံစံများ အဆင့်အတန်းမြင့်မားစေရေး ဆောင်ရွက်ပေးနိုင်မည်ဖြစ်သောကြောင့် စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ထိထိ‌ရောက်ရောက်အကာအကွယ်ပေးလာနိုင်မည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံစားသုံးသူ စွမ်းဆောင်နိုင်မှု အညွှန်းကိန်း စစ်တမ်းမွေးခွန်းလွှာတွင် ဖြေဆိုခြင်းအား စားသုံးသူပြည်သူများက တက်တက်ကြွကြွ ပူးပေါင်းပါဝင်ပေးမှသာလျှင် အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)