Main menu

မန္တလေးခရမ်းချဉ်သီးစျေးနှုန်းအနည်းငယ်ကျ

Powered by Drupal

          ဇန်နဝါရီလပထမပတ်အတွင်း  မန္တလေးစျေးကွက်အတွင်းသို့  ခရမ်းချဉ်သီးများ  ဝင်ရောက်မှု များသည့်အတွက် စျေးအနည်းငယ်ကျဆင်းသွားကြောင်း တွေ့ရှိရပါတယ်။  စျေးကွက်အတွင်းတွေ့ရှိ  ရသည့်ခရမ်းချဉ်သီးများအား ဗမာသီးနှင့်အင်းသီးဟူ၍ ခွဲခြားရောင်းချလျက်ရှိပါတယ်။  ခရမ်းချဉ်သီး အရသာအနည်းငယ်ချဉ်သည့်မျိုးအား ဗမာခရမ်းချဉ်သီး(သို့မဟုတ်)ကိုင်းသီးဟုခေါ်ဝေါ်ပြီး၊အင်းလေး ဒေသမှဝင်ရောက်သည့် အရသာချိုသည့်ခရမ်းချဉ်သီးများအား ‌(အင်းသီး)ဟုခေါ်ဝေါ်ကြောင်း တွေ့ ရှိ ရပါတယ်။ မန္တလေးစျေးကွက်အတွင်းသို့  အမရပူရ၊  ပုသိမ်ကြီး၊ မတ္တရာ၊  ကျောက်ဆည်၊ မြစ်သား၊ စဉ့်ကိုင်၊တံတားဦးဒေသထွက်ခရမ်းချဉ်သီးများအပြင်    စစ်ကိုင်းတိုင်းဒေသကြီးနှင့်    ရှမ်းပြည်နယ် တောင်ပိုင်း၊အင်းလေးဒေသတို့မှ ထွက်ရှိသည့် ခရမ်းချဉ်သီး(အင်းသီး)များဝင်ရောက်လျှက်ရှိကြောင်း သိရှိရပါတယ်။ မန္တလေးစျေးချို၊ကိုင်းတန်းစျေးရှိ ခရမ်းချဉ်သီးပွဲရုံများ၊ကုန်စိမ်းလက္ကားရောင်းချသည့် သီရိမာလာစျေး(ပိုက်ကျုံးစျေး) နှင့် ၄၁ လမ်း၊ကမ်းနားလမ်းရှိ ကုန်စိမ်းလက္ကားစျေးတို့တွင် ခရမ်းချဉ် သီးအမျိုးအစားအလိုက်သေတ္တာများဖြင့်လည်းကောင်း၊ တောင်းများဖြင့်လည်းကောင်း ဝင်ရောက် လျက်ရှိပြီး၊မန္တလေးမြို့ပေါ်ရှိစျေးငယ်များသို့ပြန်လည်ရောင်းချလျက်ရှိကြောင်းသိရှိရပါတယ်။ စျေး ကွက်အတွင်းခရမ်းချဉ်သီးများအား ခေါင်သီးနှင့်အလတ်စသီးအလိုက် အမျိုးအစားခွဲခြား၍ ရောင်းချ သည့်အတွက် အသီးအရွယ်အစားအလိုက်စျေးနှုန်းများမှာ အနည်းငယ်ကွာခြားမှုရှိကြောင်း သိရှိရ ပါတယ်။ဒီဇင်ဘာလပထမပတ်အတွင်း ခရမ်းချဉ်သီး(ဗမာသီး)လက္ကားစျေးမှာ (၂၀ပိဿာပါ)သေတ္တာ တစ်လုံးလျှင်၄၀၀၀ဝိ/-နှင့် ၄၂၀၀ဝိ/-စျေး၊ တောင်း(၈ပိဿာပါ) တစ်လုံးလျှင် ၁၁၀၀ဝိ/- နှင့် ၁၁၅၀ဝိ/- စျေး၊ လက်လီစျေးအနေဖြင့် တစ်ပိဿာလျှင် ဗမာသီး ၃၀၀ဝိ/-နှင့် ၄၀၀ဝိ/-စျေး၊ အင်းသီးမှာ ၄၀၀ဝိ/-နှင့် ၅၀၀ဝိ/-စျေးဖြစ်ပေါ်ခဲ့ပါတယ်။ ဇန်နဝါရီလပထမပတ်အတွင်း ခရမ်းချဉ်သီး လက်က္ကားပေါက်စျေးမှာ (၂၀ပိဿာပါ) သေတ္တာတစ်လုံးလျှင် ၃၅၀၀ဝိ/-နှင့် ၃၈၀၀ဝိ/စျေး၊ (၈ပိဿာပါ)တစ်တောင်းလျှင်၁၀၀၀ဝိ/-နှင့်၁၁၀၀ဝိ/-စျေး၊လက်လီစျေးတစ်ပိဿာလျှင်ခရမ်းချဉ်သီး (ဗမာသီး) ၂၅၀ဝိ/-နှင့် ၃၀၀ဝိ/-စျေး၊ အင်းသီးတစ်ပိဿာလျှင်၃၀၀ဝိ/-နှင့် ၃၅၀ဝိ/- စျေးတို့ ဖြစ်ပေါ် ခဲ့သည့်အတွက်ဒီဇင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့်ပေါက်စျေးနှင့်နှိုင်းယှဉ်ပါက  ခရမ်းချဉ် သီးဝင်ရောက်မှုများလာသည့်အပေါ် စျေးအနည်းငယ် ကျဆင်းသွားကြောင်းတွေ့ရှိရပါတယ်။ ခရမ်းချဉ်သီးအား အစားအသောက်ချက်ပြုတ်ရာတွင် သာမက ဖျော်ရည်များ၊ ယိုများ၊ အသုတ်စုံ များတွင် ထည့်သွင်းစားသုံးခြင်းနှင့် ကျန်းမာရေးအတွက် သုံးစွဲမှုများလာသည့်အတွက် စျေးကွက် လိုအပ်ချက်များသည့် အသီးနှံဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

DOCA(မန္တလေး)