အစေ့ထုတ်ပြောင်းသီးနှံသည် ဧရာဝတီတိုင်းဒေသကြီး၏ ပြည်ပပို့ကုန်သီးနှံတစ်ခုဖြစ်ပြီး ဟင်္သာတခရိုင်တွင် ၁၈၆၇၀ ဧက၊ မြန်အောင်ခရိုင်တွင် ၁၂၈၂၅ ဧကနှင့် မအူပင်ခရိုင် ၂၀၂၇၀ ဧက နှင့် မြောင်းမြခရိုင်တွင် ၁၂၂၆ ဧက စိုက်ပျိုးပြီး တတိုင်းလုံးအနေဖြင့် စုစုပေါင်း ဧက ၅၃၀၀၀ကျော် စိုက်ပျိုး သော သီးနှံလည်းဖြစ်ပါသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် အစေ့ထုတ်ပြောင်းကို မိုးစပါးပြီးချိန် နှင့် မြစ်ရေကျချိန် အောက်တိုဘာလဆန်းတွင် အစောဆုံး သီးထပ်စိုက်ဧကအဖြစ် စိုက်ပျိုးကြသကဲ့သို့၊ မြေနုကျွန်း များတွင် ပဲမျိုးစုံနှင့် ကိုင်းသီးနှံ တစ်ကြီမ် စိုက်ပျိုးပြီးချိန် နိုဝင်ဘာနောက်ဆုံးပတ်တွင်မှ နောက်ကျ သီးထပ်သီးနှံအဖြစ်လည်း ထပ်မံစိုက်ပျိုးကြသည့်အတွက် ဧရာဝတီတိုင်းတွင် အစေ့ထုတ်ပြောင်း သီးနှံသည် ဇန်နဝါရီလကုန် ဖေဖော်ဝါရီလဆန်းတွင် စတင်ထွက်ရှိလေ့ရှိပါသည်။
ဧရာဝတီအစေ့ထုတ်ပြောင်း၏ အထွက်နှုန်းသည် တစ်ဧကလျှင် ပျမ်းမျှ တင်း ၁၀၀ ခန့်ထွက် ရှိပြီး အရောင်လှအရည်အသွေးကောင်းသည့်အတွက် exporter တို့ကြိုက်နှစ်သက်သော ပြည်ပ ပို့ကုန်တစ်ခု လည်းဖြစ်ပါသည်။ နှစ်စဉ် ပျမ်းမျှ တင်း သိန်း ၅၀ ခန့်ထွက်ရှိပြီး ၇၅ရာခိုင်နှုန်းခန့်မှာ ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှ တဆင့် ပြည်ပသို့တင်ပို့ပြီး ၂၅ ရာခိုင်နှုန်းခန့်မှာ ဒေသတွင်းနှင့် မွေးမြူရေးအစာစပ် စက်ရုံများတွင် သုံးစွဲ ကြကြောင်းသိရှိရပါသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် အစေ့ထုတ်ပြောင်းမျိုးအဖြစ် CP 808,112၊ AWBA 612,625၊ GT 722, 822 တို့ကိုစိုက်ပျိုးကြပြီးအစေ့ထုတ်ပြောင်း တစ်ဧက ကုန်ကျစရိတ်မှာ (မြေပြင်၊ မျိုးစေ့၊ ပေါင်း လိုက်၊ ရေတင်၊ မြေဩဇာ၊ ဆေးကျွေး၊ရိတ်ခြွေ)တို့အတွက် တစ်ဧကလျှင် ပျမ်းမျှ ၁၅သိန်းမှ ၁၇ သိန်းကြား ကုန်ကျ နိုင်ပါသည်။ အစေ့ထုတ်ပြောင်း ပေါက်ဈေးမှာ ဧရာဝတီတိုင်းတွင် စတင် စိုက်ပျိုးချိန် ၂၀၂၄ ခုနှစ် အောက် တိုဘာ လတွင် တစ်တင်းလျှင် ၃၃၅၀၀ ကျပ်ဈေးပေါက်ပြီး ယခု ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ကုန်တွင် လည်း တစ်တင်းလျှင် ၎င်းဈေးနှုန်းတွင်ပင်ရှိသည့်အတွက် တစ်ဧက တင်းတရာနှုန်းဖြင့် တွက်ပါက တစ်ဧက အကျိုးအမြတ် ပျမ်းမျှ ၁၆ သိန်းနှင့် ၁၇သိန်းကြား ရရှိနိုင်ပါသည်။ ပြောင်းစိုက်တောင်သူများမှလည်း အစေ့ထုတ်ပြောင်းပေါ်ချိန် ဇန်နဝါရီကုန် ဖေဖော်ဝါရီဆန်းတွင်လည်း ယခုဈေးနှုန်းအတိုင်း ဆက်လက်ရှိနေစေရေးမျှော်လင့်လျက် ရှိကြပါသည်။
ယခု ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ် ဆောင်းသီးနှံ အစေ့ထုတ်ပြောင်းသည် လက်ရှိဈေးနှုန်းအတိုင်း ဆက်လက်တည်ငြိမ်နေပါက ဧရာဝတီတိုင်းဒေသကြီးရှိ စိုက်ပျိုးသူ တောင်သူ များအတွက် အကျိုးရှိစေ သော ပြည်ပပို့ကုန်သီးနှံ တစ်ခုဖြစ်စေမှာဖြစ်ကြောင်းလေ့လာသိရှိရပါသည်။
DOCA(ဧရာဝတီ)