Main menu

တစ်ရာသီ နှစ်သီးမှသည် သုံးသီးဆီသို့

Powered by Drupal

           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးနှင့်ကုန်ထုတ် လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး တွန်းအားပေးဆောင်ရွက်လျက် ရှိပါသည်။ မိမိတို့ဌာနအနေဖြင့်လည်း စားသုံးသူရေးရာလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးမွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ခရိုင်အတွင်း မြို့နယ်အလိုက် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက် ရှိပါသည်။

          ယခုအခါ ပြည်ခရိုင်၊ ပြည်မြို့၊ ငါးရွာအုပ်စုကျေးရွာရှိ ဦးသိန်းစိုး၏ လယ်ဧက(၄၀)တွင် တစ်ရာသီ (၃)သီးရရှိအောင် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသဖြင့် ပြည်ခရိုင်ဦးစီးမှူးနှင့် အဖွဲ့သည် အဆိုပါလယ်သို့(၃၀.၆.၂၀၂၂)ရက်နေ့၌ သွားရောက်လေ့လာ ဆောင်ရွက်ခဲ့ပါသည်။ လေ့လာရရှိမှု အခြေအနေအား အောက်ပါအတိုင်း တင်ပြအပ်ပါသည် -

(က)      တည်နေရာ။          တစ်ရာသီ(၃)သီးစိုက်ပျိုးလျက်ရှိသော လယ်မြေမှာ ပြည်မြို့၊ ငါးရွာကျေးရွာအုပ်စု၌ တည်ရှိပြီး ဦးသိန်းစိုးပိုင်ဆိုင်၍ ဧက(၄၀)ခန့်ရှိပါသည်။

(ခ )       စိုက်ပျိုးသည့်သီးနှံများ။      တစ်ရာသီး(၃)သီးရရှိအောင် စိုက်ပျိုးလျက်ရှိသော သီးနှံများမှာ လတ်တလောအနေဖြင့် စပါး၊မတ်ပဲနှင့် ပဲတီစိမ်းရွှေဝါသီးနှံများကို စမ်းသပ် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

( ဂ)      စိုက်ပျိုးမှုကာလ။       တစ်ရာသီအတွင်း (၃)သီးရရှိနိုင်ရန်အတွက် ပထမသီးနှံအဖြစ် စပါးသီးနှံကို ဇူလိုင်လဆန်းမှ အောက်တိုဘာလကုန်အထိ (၁၂၀)သက်တမ်းရှိ စပါး မျိုးကိုလည်းကောင်း၊ ဒုတိယသီးနှံမတ်ပဲကို နိုဝင်ဘာလဆန်းမှ ဇန်နဝါရီလကုန် အထိ လည်းကောင်း၊ တတိယသီးနှံအဖြစ် မိုးကြိုပဲတီစိမ်းကို မတ်လလယ်မှ ဇွန်လလယ်ထိ လည်းကောင်း စမ်းသပ်စိုက်ပိုးလျက်ရှိရာ အောင်မြင်မှုရရှိပါကြောင်း သိရှိရပါသည်။

(ဃ)        စပါးစိုက်ပျိုးခြင်း။      ပထမသီးနှံစပါးကို ဇွန်လအတွင်း ပျိုးဗမ်းဖြင့် ပျိုးထောင်၍ ဇူလိုင် လဆန်းတွင် စိုက်ပျိုးပါသည်။ လယ်တစ်ဧက စိုက်ပျိုးသည့်မျိုးမှာ ချမ်းမြေ့မေ စပါး မျိုးဖြစ်ပြီး မျိုး(CS)အဖြစ် စိုက်ပျိုးထုတ်လုပ်ကြောင်းသိရှိရပါသည်။ တစ်ဧကတွင် တင်း(၁၀၀)နီးပါးထွက်ရှိ၍ သက်ဆိုင်ရာ မျိုးပေးထားသည့် ကုမွဏီမှလည်း ပြန်လည် ဝယ်ယူပါသည်။ တစ်တင်းလျှင် (၁၈၀၀၀)ကျပ်နှန်းဖြင့် ပြန်လည်ရောင်းချ၍ ဝင်ငွေအနေဖြင့်( ၁၈)သိန်း ကျပ်ခန့်ရရှိပြီး တစ်ဧကစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ် (၇)သိန်းခန့် ကုန်ကျပြီး (၁၁)သိန်းကျပ်ခန့် အကျိုးအမြတ် ရရှိကြောင်း သိရှိရပါသည်။

( င)       မတ်ပဲစိုက်ပျိုးခြင်း။            မတ်ပဲကို ရေဆင်းမျိုးများကိုသာ စိုက်ပျိုးပြီး တစ်ဧက ပျှမ်းမျှ အထွက်(၁၆)တင်းခန့်ထွက်ရှိ၍ ယခုနှစ်အနေဖြင့် မတ်ပဲဈေးကောင်းမွန်ခဲ့ပြီး တစ်တင်းလျှင် (၄၇၀၀၀)ခန့် ရောင်းချရ၍ (၇)သိန်းခွဲခန့် ဝင်ငွေရရှိပါသည်။ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် ပျှမ်းမျှ (၂)သိန်းခန့်ကုန်ကျသည့်အတွက် အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် (၅)သိန်းခွဲခန့် ရရှိကြောင်း လေ့လာသိရှိရပါသည်။

( စ)       ပဲတီစိမ်းစိုက်ပျိုးခြင်း။         ပဲတီစိမ်းကို ဒေသမျိုးများကိုသာ စိုက်ပျိုးပြီး တစ်ဧက လျှင်(၁၂)တင်းခန့် ထွက်ရှိပါသည်။ တစ်တင်းလျှင် (၄၀၀၀၀)ကျပ်နှုန်း ရောင်းချရ၍ တစ်ဧကလျှင် ဝင်ငွေ(၄)သိန်း(၈)သောင်းခန့်ရရှိပါသည်။ တစ်ဧကကုန်ကျစရိတ် အနေဖြင့် (၂)သိန်းကျော် ကုန်ကျ၍ အကျိုးအမြတ်အနေဖြင့် (၂)သိန်းကျော်ခန့် ရရှိကြောင်းသိရှိရပါသည်။

(ဆ)      သွင်းအားစုလိုအပ်ချက်။      စိုက်ပျိုးသီးနှံများ၏ လိုအပ်သော သွင်းအားစုများဖြစ် သည့် ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေးတို့ကို အပြည့်အဝသုံးစွဲပြီး အဓိက လိုအပ်ချက် ဖြစ်သည့် စိုက်ပျိုးရေကို ဒေသသဘာဝအရ ရေလျှံတွင်းများမှ ရရှိပြီး ရေသွင်း ရေထုတ် လိုအပ်သလို စီမံဆောင်ရွက်လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။

၃။      ပြည်မြို့ရှိ ဦးသိန်းစိုး၏ လယ်ဧက(၄၀)၌ ဆောင်ရွက်နေသည့် တစ်ရာသီ (၃)သီးစိုက်ပျိုးခြင်း လုပ်ငန်းစဉ်အား လေ့လာရာတွင် ပုံမှန် စပါး၊မတ်ပဲ (၂)သီးစိုက်ပျိုးခြင်းထက် (၃)သီးစိုက်ပျိုးပါက တစ်ဧက အကျိုးအမြတ်များစွာ ရရှိကြောင်း၊ မျိုးကောင်းမျိုးသန့်များ အသုံးပြုလျက်ရှိပြီး သွင်းအားစု များ စနစ်တကျ ထည့်သွင်း အသုံးပြုကြောင်း၊ သွင်းအားစု ထည့်သွင်းအသုံးပြုရာတွင် ပထမသီးနှံဖြစ်သည့် စပါးတွင် အသုံးပြုထားသော သွင်းအားစုများသည် လယ်မြေအတွင်း အာဟာရဓါတ် ကျန်ရှိနေမှုကြောင့် နောက်သီးနှံများအတွက် အကျိုးရရှိပြီး နောက်သီးနှံများတွင် အနည်းငယ်သာ အသုံးပြုရသည့်အတွက် သီးနှံတစ်ခုချင်းအလိုက် သွင်းအားစုသုံးစွဲရမှုထက် ပိုမိုသက်သာမှုရှိကြောင်း၊ ရေလိုအပ်ချက်အတွက် ယခုလယ်မြေတွင် သဘာဝရေလျှံတွင်းရှိ၍ အဆင်ပြေသော်လည်း သုံးသီးစိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးမြေ လယ်အနီးသဘာဝ မြစ်ချောင်း ဆည်မြောင်းလက်တံနှင့် ကိုယ်ပိုင် အဝီစိတွင်းများရှိရန် လိုအပ်ကြောင်း၊ သီးနှံအားလုံးသည် သဘာဝရာသီဥတုကို မှီခိုစိုက်ပျိုးခြင်းဖြစ်၍ မိုးခေါင်ခြင်း၊ မိုးများ၍ ရေကြီး၊ ရေလျှံခြင်းများနှင့် အခြားသဘာဝဘေးအန္တရာယ်များ ကျရောက်ပါက ဆုံးရှုံးမှုရှိနိုင်ကြောင်း၊ သုံးသီးစိုက်ပျိုးရန်အတွက် စိုက်ပျိုးမြေနေရာသည် ရေတော် မိုးတော်ဖြစ်၍ ရေလိုအပ်ခြင်း၊ သဘာဝရေ အရင်းအမြစ် သို့မဟုတ် ဆည်မြောင်းလက်တံရှိသည့် နေရာဖြစ်ရန် လိုအပ်ပါကြောင်း သုံးသပ်ရရှိပါသည်။

၄။      တစ်ရာသီ (၃)သီးစိုက်ပျိုးနိုင်ရန်အတွက် လေ့လာရရှိမှုအရ အထက်ပါ သုံးသပ်ရရှိမှုအပေါ် အခြေခံ၍ သုံးသီးစိုက်ပျိုးခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ စိုက်ပျိုးရေးဌာနမှ နည်းပညာနှင့် စိုက်နည်းစနစ်များ ပညာပေးခြင်းနှင့် သရုပ်ပြလယ်ကွက်များဖြင့် တောင်သူများသို့ လက်တွေ့ပြသ၍ စိုက်ပျိုးလာစေရန် စည်းရုံးဆောင်ရွက်ခြင်း၊ ဆည်မြောင်းလက်တံဘေးရှိ လယ်ယာများနှင့် သဘာဝရေ အရင်းအမြစ်ရှိသည့် လယ် ယာများတွင် (၃)သီးစိုက်သည့် အလေ့အထကို ဆောင်ရွက်စေခြင်း၊ လိုအပ် သည့် သက်လတ်၊ သက်ငယ် အထွက်နှုန်းကောင်း ဈေးကွက်ဝင်မျိုးများ လိုအပ်ခြင်း၊ သုံးသီးစိုက်ပျိုးသည့် တောင်သူများသို့ နိုင်ငံတော်မှလည်း လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးခြင်း၊ ထွက်ရှိလာမည့် သီးနှံများအတွက် ဈေးကွက်ရရှိရေး ဖော်ဆောင်ပေးခြင်းတို့ လိုအပ်လျက်ရှိပါကြောင်း တွေ့ရှိရပါသည်။

          တစ်ရာသီ ပုံမှန်နှစ်သီးစိုက်ပျိုးခြင်းထက် သုံးသီးစိုက်ပျိုးခြင်း၏ တစ်ဧက အကျိုးအမြတ်များစွာ ရရှိသည့်အတွက် စိုက်ပျိုးသူတောင်သူများအနေဖြင့် တွက်ခြေလည်းကိုက်၍ ပြည်တွင်းကုန်သွယ်မှု လုပ်ငန်းများလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသောကြောင့် တောင်သူများ နှစ်သီးမှသည် သုံးသီးဆီသည့် ပြောင်းလဲစိုက်ပျိုးသင့်ပါကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)