Main menu

ဆီစက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များပိုမိုခိုင်မာ အားကောင်းလာစေရေး ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်နိုင်မှုအခြေအနေများ မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

        အောက်တိုဘာလ(၁၇)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံသူရေးရာဦးစီးဌာနမှ ဝက်လက်မြို့နယ်တာဝန်ခံ ဦးမျိုးအောင်သည် ဝက်လက်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ စိန်တိုးဆီစက် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ဆီကြိတ်ခွဲနိုင်မှုအခြေအနေ၊ ဈေးနှုန်းနှင့် ဈေးကွက်အခြေအနေများကို မေးမြန်း ဆွေးနွေခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် စီးပွားရေးလုပ်ငန်းရှင်မှ မိမိ၏ဆီစက်သည် အလတ်စား ဆီစက်ဖြစ်ပြီး တစ်နိုင်တစ်ပိုင်သာဆောင်ရွက်ကြောင်း၊  တစ်နှစ်လျှင် မိုးဆီထွက်သီးနံတစ်လခန့်နှင့် ဆောင်းဆီထွက်သီးနှံ တစ်လခန့်သာကြိတ်ခွဲနိုင်ပြီး နဝလီသာကြိတ်ခွဲကြောင်း၊ တစ်ရက်လျှင် လုပ်သား နှစ်ဦးဌားရမ်းအသုံးပြုပြီး လုပ်သားခမှာ တစ်ဦးလျှင်(၈၀၀ဝိ/-)နှုန်းပေးရကြောင်း၊ တစ်ရက်လျှင် ရှစ်နာရီကြာကြိတ်ခွဲပြီး အဆိုပါကြိတ်ခွဲချိန်အတွင်း (ပဲ၊ နှမ်း) တင်းနှစ်ဆယ်ခန့်ကြိတ်နိုင်၍ ဆီပိဿာ (၁၀၀)ခန့်ထွက်ရှိကြောင်း၊ ကြိတ်ခမှာတစ်တင်းလျှင်(၃၀၀ဝိ/-) ကျပ်ရရှိပြီး နဝလီလာရောက်ကြိတ်ခွဲ သူများမှ ပဲဖတ်၊ နှမ်းဖတ်ရောင်းမည်ဆိုပါက တစ်ပိဿာလျှင်(၁၅၀ဝိ/-) ဈေးဖြင့်ဝယ်ယူကြောင်း၊ တစ်လလျှင် နဝလီကြိတ်ခွဲနိုင်မှု တင်း(၃၀၀)ခန့်ရှိပြီး ဆီထွက်ပိဿာ (၁၆၀၀)ခန့်ထွက်ရှိကြောင်း၊ ရောင်းဈေးအနေဖြင့် မြေပဲဆီတစ်ပိဿာလျှင်(၁၇၀၀ဝိ/-)၊ နှမ်းဆီတစ်ပိဿာလျှင်(၁၄၀၀ဝိ/-)ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

    မြို့နယ်တာဝန်ခံမှလည်း စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး လုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက် များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ဆီကို မိမိအမှတ်တံဆိပ်ဖြင့် ရောင်းချလိုပါက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၉)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏  ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ အကြောင်းအရာများကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)