Main menu

ပြည်ပဈေးကွက်သို့ တိုက်ရိုက်ခြေလှမ်းချင်သော ငါးပိလောက

Powered by Drupal

      ဖျာပုံမြို့နှင့်နောက်မီးကျေးရွာသည် ကားလမ်း( ၃၈ )မိုင်ဝေးသည်။ ပင်လယ်ပိုင်းဒေသဖြစ်သော နောက်မီးကျေးရွာသည် မျှင်ငါးပိလုပ်ငန်းဖြင့် အဓိကအားထားလုပ်ကိုင်ကြသူများဖြစ်သည်။ လုပ်ငန်းရှင်တစ်ဦးလျှင် ငါးဖမ်းရေယာဉ်အနည်းဆုံးနှစ်စီးမှငါးစီးအထိရှိပြီး ရေယာဉ်တစ်စီးတွင် ပင်လယ်ထွက်ဝါးဖောင်( ၈ )ဖောင်ရှိသည်။ မျှင်ငါးပိကြိတ်ခွဲထုတ်လုပ်သည့်အလုပ်ရုံတွင် အလုပ်သမား( ၇၀ )ဦးမှ ( ၁၀၀ )ဦးကျော်မျှရှိကြသည်။ မြန်မာပြည်တွင်း မြို့နယ်အသီးသီးသို့ တင်ပို့ဖြန့်ဖြူးရောင်းချလျက်ရှိသော မျှင်ငါးပိသည် နောက်မီးကျေးရွာနှင့် ကဒုံကနိကျေးရွာတို့မှ ထွက်ရှိကြောင်းသိရသည်။

          နှစ်တစ်နှစ်၏စက်တင်ဘာလမှ ဧပြီလကုန်ထိ ပင်လယ်ငါးဖမ်းခြင်းကို လုပ်ကိုင်ကြသည်။ ပင် လယ်ငါးပေါင်းတစ်စီးအနေဖြင့် တစ်လလျှင် ( ၁၀ )ခေါက်မှ( ၁၂ )ခေါက်အထိ အဝင်အထွက်ရှိပြီး ရေယာဉ်တစ်ခေါက်လျှင် မျှင်နှင့်ငါးမျိုးစုံအလေးချိန်( ၁၀ )တန်မှ ( ၁၅ )တန်အထိ ရရှိသည်။ ရရှိလာသောငါးပေါက်နှင့်မျှင်ကောင်များကို ပင်လယ်ထဲတွင် ဆားကြမ်းတစ်ခါတည်းပေါက်လာခဲ့ကြသည်။ ငါးကုန်ချိန် ပိဿာချိန်တစ်သောင်းကို ဆားကြမ်းပိဿာချိန် နှစ်ထောင်ခန့်ပေါက်ရသည်။ ပင်လယ်ငါးပေါင်းရေယာဉ်မှသယ်ယူလာသော ငါးပေါက်နှင့်မျှင်ကောင်များကို ကမ်းပေါ်သို့တင်ပြီး အိုင်အိုဒင်းဆား ပိဿာချိန် ( ၃၀၀ )မှ ( ၅၀၀ )အထိ ကုန်အရည်အသွေးပေါ်ကြည့်၍ သုံးရသည်။ တစ်ညအိပ်ထားပြီး လှမ်းစင်များတွင် နေလှမ်းရသည်။ တစ်နေ့ကို နေလှမ်းချိန် ( ၇:၀၀ )နာရီမှ ( ၈:၀၀ )နာရီထိကြာအောင် နေလှမ်းရသည်။ နေလှမ်းပြီးပါက ငါးပေါက်နှင့်မျှင်ကောင်ခွဲသည့် ခါစက်ဖြင့်ခါချ၍ ခွဲထုတ်ရသည်။ ရရှိလာသောမျှင်များကို ကြိတ်စက်ဖြင့် ငါးပိကြိတ်ရသည်။ တစ်နာရီကို မျှင်ပိဿာချိန်( ၃၀၀၀ )ခန့် ကြိတ်နိုင်သည်။ ကြိတ်ပြီး‌သောမျှင်များကို ညသိပ်ထားရသည်။ အကြာဆုံးရက်မှာ တစ်ပတ်သိပ်ထားရသည်။ ကြာကြာညသိပ်ထားလေ ငါးပိမွှေးပြီး ပိုကောင်းလေဖြစ်သည်။ ညသိပ်ထားပြီးသောမျှင်များကို ဒုတိယကြိမ်ထပ်ကြိတ်ရသည်။ တစ်ရက်ထားပြီး တတိယအကြိတ်ထပ်ကြိတ်ရပြန်သည်။ ထို့နောက် အသင့်စားမျှင်ငါးပိများ ရရှိပြီဖြစ်ပါသည်။ အသင့်စားမျှင်ငါးပိများကို အလေးချိန်( ၅၂ )ပိဿာဝင်အိတ်များဖြင့်ထည့်၍ ဘုရင်နောင်ပွဲသို့သော်လည်းကောင်း၊ ဒေသအသီးသီးရှိ အမှာရှိသော မြို့ကြီးများသို့လည်းကောင်း၊ တင်ပို့လျက်ရှိသည်။ မနှစ်ကတစ်ပိဿာကို ( ၂၀၀၀ )ကျပ်ရရှိပြီး ယခုနှစ်တွင် ( ၂၄၀၀ )ကျပ် ရရှိပါသည်။

          ကုန်ပေါ်လုပ်သားတစ်ဦးလျှင် စရိတ်ငြိမ်း အနိမ့်ဆုံးလစာ( ၁၅၀၀၀၀ )ကျပ်မှ( ၃၀၀၀၀၀ )ကျပ်အထိပေးရပြီး ပင်လယ်ထွက်ရေယာဉ်တစ်စီးကို  ဝါးဖောင်( ၈ )ဖောင်ပါရှိပြီး လုပ်သားလေးဦး အသုံးပြုရသည်။တစ်ဦးလျှင် တစ်လကျပ်(၃၀၀၀၀၀)၊ ဖောင်ဦးစီးကို ကျပ်(၅၀၀၀၀၀)ပေးရသည်။ အဆိုပါအလုပ်သမားများနေထိုင်ရန် ဝန်ထမ်းအိမ်ရာများဆောက်လုပ်ပေးထားရပြီး ကျန်းမာရေးကအစ တာဝန်ယူရသည်။ မျှင်ငါးပိလုပ်ငန်းရှင်တစ်ဦးသည် တစ်နှစ်လျှင် မျှင်ငါးပိ ပိဿာချိန်( ၅၀၀၀၀၀ )သိန်းခန့်ထုတ်လုပ်နိုင်ပြီး နှစ်စဉ်ပုံမှန်လည်ပတ်ငွေ ကျပ်သိန်း( ၃၀၀၀ )ခန့် သုံးစွဲရပါသည်။ လုပ်ငန်းရှင်များအနေဖြင့် မိရိုးဖလာလုပ်ငန်းဖြစ်၍ လက်ဆင့်ကမ်းယူခဲ့ကြပြီး    သမားရိုးကျလုပ်ကိုင်ခဲ့ကြသည်။ ယခုအခါ စက်ရုံတည်ဆောက်မည့် မြေယာအလုံအလောက်ရှိသောကြောင့် ခေတ်မီမျှင်ငါးပိ ကြိတ်ခွဲထုတ်လုပ်သည့်စက်ရုံတည်ဆောက်၍ ထုပ်ပိုးမှုကောင်းကောင်းဖြင့် တံဆိပ်ကပ်၍ အများပြည်သူ လူတန်းစားမရွေး စားသုံးနိုင်သည့်အသင့်စားမျှင်ငါးပိ ( ၁၀၀ )ကျပ်တန်မှအစ ဈေးနှုန်းအလိုက် အသင့်စားဘူးများ၊ အထုပ်များဖြင့် ထုတ်လုပ်ချင်ပြီး ပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်သည်အထိ လုပ်ကိုင်လိုသော်လည်း နည်းပညာနှင့်အရင်းအနှီးများမရှိပါသဖြင့် တိုးချဲ့လုပ်ကိုင်နိုင်ခြင်းမရှိကြောင်း သက်သာအတိုးနှုန်းနှင့် နည်းပညာများရရှိမည်ဆိုပါက ဆောင်ရွက်ချင်ပါကြောင်း၊ ၎င်းတို့၏အိမ်မက်များအား အကောင်အထည်ဖော်ချင်ကြောင်း ပြောကြားသည်ကို ကြားသိခဲ့ရပါသည်။

DOCA(ဧရာဝတီ)