
အိန္ဒိယနိုင်ငံ၏ ဆန်တင်ပို့ဈေးနှုန်းများသည် ယခုအပတ်တွင် တစ်နှစ်နီးပါးအတွင်း အမြင့်ဆုံး အဆင့်သို့ မြင့်တက်လာခဲ့သည်။ ဆန်ရရှိမှု တင်းကျပ်နေခြင်း၊ ရာသီသစ် ဆန်စပါး ထွက်ရှိမှု အပေါ် စိုးရိမ်မှုများနှင့် အာဖရိကနိုင်ငံများမှ ဝယ်လိုအား အနည်းငယ်ရှိနေခြင်းတို့က ဈေးနှုန်းမြင့်တက်မှု ကို အထောက်အပံ့ဖြစ်စေခဲ့သည်။ ထိုအတောအတွင်း ဗီယက်နမ်ဆန်ဈေးနှုန်းများလည်း သုံးပတ်ဆက်တိုက် မြင့်တက်ခဲ့သည်။
အိန္ဒိယနိုင်ငံ၏ ၅ ရာခိုင်နှုန်းကျိုး ဆန်ပြုတ်ဆန်ခေါ် (parboiled rice)မှာ တစ်မက်ထရစ်တန်လျှင် ဈေးနှုန်းမှာ ယခုအပတ်တွင် အမေရိကန်ဒေါ်လာ ၃၆၂ မှ ၃၆၈ အထိ ရှိလာခဲ့ပြီး၊ ယခင်အပတ်၏ ဒေါ်လာ ၃၅၈ မှ ၃၆၄ ထက် မြင့်တက်လာခဲ့သည်။အိန္ဒိယ၏ ဆန်ကျိုးပါဝင်မှု ၅ ရာခိုင်နှုန်းရှိ ဆန်ဖြူ (white rice) တစ်တန်လျှင် ဈေးနှုန်းမှာ အမေရိကန် ဒေါ်လာ ၃၅၉ မှ ၃၆၄ အထိ ရှိခဲ့သည်။နယူးဒေလီအခြေစိုက် ကမ္ဘာ့ဆန်ကုန်သွယ်ရေးကုမ္ပဏီတစ်ခုမှ ကုန်သည်တစ်ဦးက ဘီနင်နိုင်ငံ အပါအဝင် အာဖရိကနိုင်ငံများ၏ ဆန်ဝယ်လိုအားမှာ တည်ငြိမ်နေဆဲဖြစ်ပြီး၊ ယင်းအခြေအနေက ဆန်ဈေးနှုန်းများကို အထောက်အပံ့ပေးနေသည်ဟု ပြောကြားခဲ့သည်။
အိန္ဒိယဆန်တင်ပို့မှု ၅% မြင့်တက်
၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း အိန္ဒိယနိုင်ငံ၏ ဆန်တင်ပို့မှုသည် ယခင်နှစ် အလားတူကာလ နှင့် နှိုင်းယှဉ်ပါက ၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ယင်းသို့ တင်ပို့မှုမြင့်တက်လာခြင်းမှာ ဘတ်စမာတီမဟုတ်သော ဆန် (non-basmati rice) တင်ပို့မှုများ ပိုမိုမြင့်တက်လာခြင်းကြောင့် ဖြစ်သည်။ ထိုတင်ပို့မှုတိုးလာခြင်းက အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် စစ်ရေးပဋိပက္ခကြောင့် အဓိက ပင်လယ်ကွေ့ဒေသဈေးကွက်များနှင့် ကုန်သွယ်ရေး ထိခိုက်ခဲ့ပြီး ဘတ်စမာတီဆန် တင်ပို့မှုကျဆင်းလာခြင်းကို တစ်စိတ်တစ်ပိုင်း ပြန်လည် ဖြည့်ဆည်းပေးနိုင်ခဲ့သည်။
ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းဆန်ဈေးကွက် အခြေအနေ
ဗီယက်နမ်နိုင်ငံ၏ ဆန်ကွဲပါဝင်မှု ၅ရာခိုင်နှုန်းဆန် တစ်မက်ထရစ်တန်လျှင် ဈေးနှုန်းမှာ ကြာသပတေးနေ့ တွင် အမေရိကန်ဒေါ်လာ ၄၃၅ မှ ၄၅၅ အထိ ရှိခဲ့ပြီး၊ ယခင်အပတ်က ဒေါ်လာ ၄၃၀ မှ ၄၅၀ အထိသာ ရှိခဲ့သည်။
ဟိုချီမင်းမြို့အခြေစိုက် ကုန်သည်တစ်ဦးက “ကမ္ဘာ့ဒေသအချို့တွင် လက်ရှိဖြစ်ပေါ်နေသော အပူလှိုင်းများကြောင့် El Niño ဖြစ်စဉ်က ကမ္ဘာ့စားနပ်ရိက္ခာ ထောက်ပံ့မှုအပေါ်၊ အထူးသဖြင့် ဆန်ထောက်ပံ့မှုအပေါ် ဆိုးကျိုးသက်ရောက်နိုင်မည့် စိုးရိမ်မှုများ ပိုမိုမြင့်တက်လာသည်” ဟု ပြောကြား ခဲ့သည်။
ကုန်သည်များက ဗီယက်နမ်အစားအသောက်အသင်း (Vietnam Food Association) ၏ အဆိုပြုချက်ကို ထောက်ခံကြောင်း ပြောကြားခဲ့ကြသည်။ အဆိုပြုချက်မှာ နိုင်ငံ၏ဆန် တင်ပို့မှုများနှင့် ပြည်တွင်းစပါးများအတွက် အနိမ့်ဆုံးဈေးနှုန်း (floor price) သတ်မှတ်ပေးရန်ဖြစ်ပြီး၊ ယင်းသည် ဆန်စိုက်တောင်သူများနှင့် ဆန်တင်ပို့သူများ၏ အကျိုးစီးပွားကို ကာကွယ်ရန်ရည်ရွယ်ထားခြင်း ဖြစ်သည်။ သို့သော် အဆိုပါ သတ်မှတ်ချက်များ မည်သည့်အချိန်တွင် စတင်အကျိုးသက်ရောက်မည်ကိုမူ ရှင်းလင်းစွာ မသိရသေးပေ။
ဘင်္ဂလားဒေ့ရှ်က ဗီယက်နမ်ထံမှ ဆန်တန်ချိန် ၁ သိန်း ဝယ်ယူမည်
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ပြည်တွင်းဆန်ဈေးနှုန်းများ မြင့်တက်နေမှုကို လျှော့ချနိုင်ရန်အတွက် အစိုးရအချင်းချင်း သဘောတူညီမှုဖြင့် ဗီယက်နမ်နိုင်ငံထံမှ ဆန်ပြုတ်ဆန်ခေါ်(parboiled rice) တန်ချိန် ၁၀၀,၀၀၀ တင်သွင်းရန် အတည်ပြုခဲ့သည်။
အဆိုပါဆန်များကို Vietnam Southern Food Corporation ထံမှ တစ်မက်ထရစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၁၆ ဖြင့် ဝယ်ယူမည်ဖြစ်သည်။
ထိုင်းဆန်ဈေးလည်း မြင့်တက်
ကုန်သည်များ၏ ပြောကြားချက်အရ ထိုင်းနိုင်ငံ၏ ဆန်ကွဲပါဝင်မှု၅ရာခိုင်နှုန်းရှိဆန် ဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၅၀ မှ ၄၅၅ အထိ ရှိလာခဲ့သည်။ ယခင်အပတ်ကမူ ဒေါ်လာ ၄၃၅ မှ ၄၅၅ အတွင်းသာ ရှိခဲ့သည်။
ဘန်ကောက်အခြေစိုက် ကုန်သည်တစ်ဦးက El Niño အခြေအနေကြောင့် မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံများက ဆန်တင်သွင်းမှုကို တိုးမြှင့်လာသဖြင့် ထိုင်းဆန်အပေါ် ဝယ်လိုအားရှိနေသည် ဟု ပြောကြားခဲ့သည်။
အဆိုပါကုန်သည်၏အဆိုအရ ဆန်စပါးရရှိမှုမှာ အနည်းငယ်ကျဆင်းလာနေပြီး၊ ယခုနှစ်တွင် စပါးထွက်ရှိမှု တန်ချိန် ၁.၅ သန်းခန့် လျော့ကျနိုင်ခြေရှိသည်။ထိုင်းနိုင်ငံအနေဖြင့် ၂၀၂၆ ခုနှစ်အတွင်း ဆန်တန်ချိန် ၇ သန်းခန့် တင်ပို့နိုင်မည်ဟု ခန့်မှန်းထားသည်။
DOCA(မန္တလေး)
