၂ဝ၂၃ ခုနှစ် မုတ်သုံရာသီတွင် အယ်လ်နီညိုဖြစ်ပေါ်မည့်အလားအလာများပြားနေသဖြင့် အိန္ဒိယနိုင်ငံအစိုးရသည် လယ်သမားများကို အကာအကွယ်ပေးရန်နှင့် ထိခိုက်နစ်နာမှုများ လျော့နည်းသက်သာစေရန် အရေးပေါ်အစီအစဉ်ချမှတ်ထားကြောင်း အဆင့်မြင့်အရာရှိများက ပြောကြားခဲ့ပါသည်။
အိန္ဒိယနိုင်ငံ၊ စိုက်ပျိုးရေးနှင့်လယ်သမားများဖူလုံရေးဝန်ကြီးဌာနသည် မိုးရွာသွန်းနိုင်မှု ပုံသဏ္ဌာန်အမျိုးမျိုးအပေါ် အခြေခံလျက် ပြည်တွင်း၌ အဓိကစိုက်ပျိုးသည့် လယ်ယာထွက်ကုန်များအတွက် သီးခြားအကြံပေးသည့် ဝန်ဆောင်မှုများနှင့် ခန့်မှန်းချက်များကို ပံ့ပိုးပေးမည့် စနစ် တစ်ရပ်ကို ထူထောင်ခဲ့သည်။ အဆိုပါစနစ်အရ ဒေသအသီးသီး၌ သီးနှံပျက်စီးမှုကို လျော့နည်း သက်သာစေရေး လယ်သမားများအနေဖြင့် သင့်လျော်သောနည်းလမ်းများဖြင့် ဆောင်ရွက်နိုင်ရန် ရာသီဥတုခန့်မှန်းတိုင်းတာသည့်ကိရိယာများကို အသုံးပြု၍ အကြံပြုချက်များကို ပေးအပ်သွားမည် ဖြစ်ပါသည်။ ၎င်းစနစ်သည် ပြည်တွင်း၌ ဒေသတစ်ခုစီအတွက် သီးခြားလုပ်ငန်းစီမံကိန်းများကို ချမှတ်နိုင်ရန် အိန္ဒိယမိုးလေဝသဦးစီးဌာနနှင့် အမြဲမပြတ် ဆက်သွယ်ဆောင်ရွက်မည်ဖြစ်သည်။
၂ဝ၂၃ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း၊ အနောက်အလယ်ပိုင်းနှင့် အရှေ့ မြောက်ပိုင်းရှိ ဒေသအချို့တွင် မိုးရွာသွန်းမှုမှာ ပုံမှန်မှ ပုံမှန်အောက်သို့ ရောက်ရှိမည်ဟု အိန္ဒိယ မိုးလေဝသဌာနက ခန့်မှန်းထားသည်။ ယခုနှစ်တွင် ဇွန်၊ ဇူလိုင်နှင့် ဩဂုတ်လများ၌ အယ်လ်နီညို ဖြစ်ပေါ်နိုင်မှု ၇ဝ% ရှိသော်လည်း မုတ်သုံမိုးမှာ ပုံမှန်ရွာသွန်းဖွယ်ရှိကြောင်း၊ ဇူလိုင်၊ ဩဂုတ်နှင့် စက်တင်ဘာလများတွင် အယ်လ်နီညို ဖြစ်ပေါ်နိုင်မှုမှာ ၈ဝ% သို့ မြင့်တက်လာနိုင်ကြောင်း၊ သို့ရာတွင် ၁၉၅၁ ခုနှစ်မှ ၂ဝ၂၂ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် အယ်လ်နီညိုများ၏ ၄ဝ% မှာ မိုးရွာသွန်းမှု ပုံမှန် သို့မဟုတ် ပုံမှန်အထက် ရှိခဲ့ကြကြောင်းနှင့် ၎င်းတို့အနေဖြင့် ရာသီဥတုအခြေအနေကို အမြဲ စောင့်ကြည့်လျက်ရှိကြောင်း အိန္ဒိယမိုးလေဝသဌာနမှ အဆင့်မြင့်အရာရှိက ပြောကြားခဲ့ပါသည်။
အယ်လ်နီညိုဖြစ်ပွားပါက အရှေ့အပူပိုင်းဒေသပစိဖိတ်သမုဒ္ဒရာတွင် ရေမျက်နှာပြင်များ ထူးခြားစွာပူနွေးလာသည့် ရာသီဥတုအခြေအနေဖြစ်ပေါ်လာပြီး အိန္ဒိယနိုင်ငံတွင် မုတ်သုံရာသီကာလ၌ မိုးရွာသွန်းမှု လျော့နည်းခြင်းများ ဖြစ်ပေါ်လေ့ရှိပါသည်။ အိန္ဒိယနိုင်ငံရှိ လယ်ယာလုပ်ငန်းများ၏ တစ်ဝက်ကျော်သည် စိုက်ပျိုးရေရရှိရန်အတွက် မိုးရွာသွန်းမှုအပေါ် မှီခိုနေရသဖြင့် မုတ်သုံရာသီကာလတွင် မိုးရွာသွန်းမှုလျော့နည်းပါက နိုင်ငံ၏ လယ်ယာစိုက်ပျိုးမှု၊ စားသုံးမှုနှင့် စီးပွားရေးတို့အပေါ် ခြိမ်းခြောက်စိန်ခေါ်မှုများ ဖြစ်ပေါ်လာနိုင်သည်ကို စိုးရိမ်လျက်ရှိကြသည်။
Source: Economic Times, 27 Apr 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)