Languages

Main menu

လက်ဖက်စိုက်ပျိုးခြင်းနှင့် တန်ဖိုးမြင့်ထုတ်ကုန်ထုတ်လုပ်ခြင်း

Powered by Drupal

       "အသီးမှာ သရက် အရွက်မှာလက်ဖက်" ဟုဆိုးရိုးစကားရှိတဲ့အတိုင်း မြန်မာတို့ဟာ ဖန်၊ ချို ၊ခါး အရသာရှိတဲ့ လက်ဖက်စိုကို ကြိုက်နှစ်သက်စွာ စားသုံးကြသလို မြို့တိုင်းနီးပါး လိုလိုပင် လက်ဖက်ရည် အချိုကို လူကြီး၊ လူငယ်များ အသောက်များကြပြီး လက်ဖက်ရည် ဆိုင်ဓလေ့လို ဖြစ်နေပါပြီ။ လက်ဖက်ရည်ကြမ်းခေါ် အခါးရည်ခေါ် ရေနွေးကြမ်းဟာလည်း မြို့ရော တောပါမကျန် အိမ်တိုင်း နီးပါးမှာ ခုံမင်စွာ သောက်သုံးနေကြပါတယ်။ အလှူအတန်းများ၊ သာရေး၊ နာရေး များမှာလည်း လက်ဖက်သုပ်နှင့် လက်ဖက်ရည်ကြမ်းဟာ မပါမပြီးတဲ့  ဓလေ့ တစ်ခုဖြစ်ပါတယ်။  လက်ဖက်ကို ပဲခူး၊ တနင်္သာရီ၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်များမှအပ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးမှာ စိုက်ပျိုးကြကြောင်း သိရပါတယ်။ ရှမ်းပြည်နယ်မှာ အများဆုံး စိုက်ပျိုးကြပြီး၊ မန္တလေးတိုင်းဒေသကြီးမှာ ဒုတိယ အများဆုံး၊ ကချင်ပြည်နယ်မှာ တတိယ အများဆုံးနှင့် ချင်းပြည်နယ်မှာ စတုတ္ထအများဆုံး စိုက်ပျိုးကြတယ်လို့ သိရပါတယ်။ လက်ဖက်ဟာ စိမ်းစိုအေးချမ်း ပြီးမြင့်မားတဲ့ တောင်တန်းဒေသ တွေမှာသာ ဖြစ်ထွန်း ပေါက်ရောက်ကြတယ်။ ပေပေါင်း ၃၀၀၀ ကျော်အထက်တွင် ဖြစ်ထွန်းပြီး တောင်စောင်းဒေသတွင်သာ စိုက်ပျိုးနိုင်ပါတယ်။ လက်ဖက်ကို အပူပိုင်းနှင့် အပူလျော့ပိုင်း ဒေသများမှာ စိုက်ပျိုးကြပြီး အများအားဖြင့် ကုန်းမြင့် ဒေသများမှာ အမြင့်မီတာ (၂၀၀၀) ပေမှ (၆၀၀၀) ပေကျော် အထိမြင့်တဲ့ ကုန်းမြင့် နေရာထိ စိုက်ပျိုးနိုင်ပါတယ်။ အရည်အသွေးကောင်းတဲ့ လက်ဖက်ထွက်ရှိဖို့အတွက် အသင့်လျော်ဆုံး အပူချိန်ကတော့ (၁၀)°C မှ (၃၀) °C ရှိပြီး တစ်နှစ်မိုးရေချိန် (၁၂၅၀) မီလီမီတာ၊ အသင့်လျော်ဆုံး အပူချိန်ကတော့ (၀.၅) မှ (၁၀)ဒီဂရီထိ ရှိတဲ့ တောင်စောင်းများမှာ စိုက်ပျိုးနိုင်ပါတယ်။ ပင်လယ်ပြင်မှ အမြင့်ပေ ၁၅၀၀ ကျော်ဒေသများမှ အပူချိန် (၁၈) °C မှ (၂၅) °C နှင့် စိုထိုင်းဆ ၇၅ % မှ ၈၅ % ရှိပြီး၊ မိုးရေချိန် (၂၀၀၀) မီလီမီတာ၊ (၈၀)လက်မအောက် ရွာသွန်းတဲ့ဒေသများမှာ အရည်အသွေးကောင်းမွန်တဲ့ လက်ဖက်ခြောက်များ ထုတ်လုပ်ရရှိနိုင်တယ်လို့ သိရပါတယ်။ လက်ဖက်ဟာ မြေချဉ်ကို နှစ်သက်ပြီး  PH ၄.၅ မှ ၅.၅ ရှိကာ ရေစိမ့်ဝင်မှု ကောင်းမွန်တဲ့ မြေမျိုးမှာ အရည်အသေွးကောင်းတဲ့ လက်ဖက်ကို ရနိုင်ပါတယ်။ လေပြင်းတိုက်ခတ်မှု၊ ဆီးနှင်းကျမှုနှင့် မိုးရွာသွန်းမှုများ လွန်းခြင်းဟာ လက်ဖက်အရည်အသွေးကို ကျဆင်းစေပါတယ်။

          ကမ္ဘာပေါ်မှာ လက်ဖက်စိုက်ပျိုးနိုင်တဲ့နိုင်ငံ (၃၀) ခန့်ရှိပြီး အများဆုံး စိုက်ပျိုးထုတ်လုပ်ပြီး တင်ပို့ရောင်းချနေတဲ့ နိုင်ငံတွေကတော့ တရုတ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ဂျပန်၊ အင်ဒိုနီးရှား၊ ကင်ညာ ၊ တူရဂီနှင့် ဗီယက်နမ်နိုင်ငံများ ဖြစ်ကြပြီး တရုတ်နိုင်ငံက အများဆုံးထုတ်လုပ် ရောင်းဝယ်ကြောင်း သိရပါတယ်။ လက်ဖက် အမျိုးအစား တွေကတော့ လက်ဖက်ခြောက်စိမ်းလို့ ခေါ်တဲ့   အချဉ်မဖောက်ထားဘဲ ထုတ်လုပ်ထားတဲ့ GreenTea၊ တစ်ဝက်တစ်ပျက် အချဉ်ဖောက် ထုတ်လုပ်ထားတဲ့  လက်ဖက်ခြောက် (Oolong Tea) နှင့် အချဉ်ဖောက် ထုတ်လုပ်ထားတဲ့ လက်ဖက်ရည် ချိုခြောက် (Black Tea) တို့ဖြစ်ပါတယ်။ Oolong Tea ကို တရုတ်ပြည်မကြီးမှာ အများဆုံးထုတ်လုပ်ပြီး ထိုင်ဝမ်ပြည်နယ်က  ဒုတိယအများဆုံး ထုတ်လုပ်တယ်လို့ သိရပါတယ်။ လက်ဖက်စို (Prickle Tea) ကို မြန်မာနိုင်ငံမှာသာ   စားသုံးမှုများတာကို တွေ့ရပါတယ်။ လက်ဖက်ရည်လို့ အများခေါ်နေကြတဲ့ လက်ဖက်ရည်အချို   (Black Tea) သောက်သုံးရာမှာတော့ ပြည်တွင်းမှာ ထုတ်လုပ်တဲ့ လက်ဖက်ခြောက်များကိုသာ သုံးကြပြီး အများအားဖြင့် နို့ဆီ၊ နို့စိမ်းများကို ထည့်ဖျော် သောက်သုံးကြတာ များပါတယ်။ လက်ဖက်ရည်ကြမ်းလို့ ခေါ်တဲ့ အခါးရည် (ရေနွေးကြမ်း) (Green Tea)ကို နိုင်ငံအနှံ့ သောက်သုံးကြပြီး ကိုးကန့်ခြောက်၊ ပင်လောင်းခြောက်တို့ ထုတ်လုပ်ထွက်ရှိရာ ဒေသအမည်ဖြင့် အမျိုးမျိုးထုတ်လုပ် ရောင်းဝယ်နေကြပါတယ်။ လက်ဖက်စိုမှာတော့ ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ဆန်မြို့နယ်ရှိ ဇယန်းရွာမှ ထွက်ရှိသည့်လက်ဖက်ဟာ အကောင်းဆုံးဖြစ်လို့ နာမည်ကျော်ကြားပြီး ဇယန်းလက်ဖက်လို့ ခေါ်ကြပါတယ်။ လက်ဖက်စိုမှာလည်း ရိုးရိုးလက်ဖက်သား၊ လက်ဖက်ချဉ်စပ်၊ စောင်းလျားလက်ဖက်၊ လက်ဖက်ချဉ်စပ်စသဖြင့် အမျိုးမျိုးပြုပြင် ထုတ်လုပ်ရောင်းချနေကြပါတယ်။ မြန်မာနိုင်ငံမှာ စိုက်ပျိုးနေတဲ့ လက်ဖက်မျိုးများမှာ ကိုးကန့်မျိုး၊ အာသံမျိုး နှင့် အူလုံမျိုးဆိုပြီး အဓိက (၃) မျိုးရှိပါတယ်။

          လက်ဖက်ကို မေလနှင့် ဇွန်လများတွင် စိုက်ပျိုးကြပြီး ဇွန်၊ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာလ နှင့် ဒီဇင်ဘာလများတွင် ခူးဆွတ်ကြကြောင်း သိရပါတယ်။ ရှမ်းပြည်နယ် အနေဖြင့် လက်ဖက် စိုက်ပျိုးမှုမှာ နှစ်စဉ် ဧက (၂)သိန်းကျော် စိုက်ပျိုးပြီး၊ (၁)သိန်းကျော် ပြန်လည် ထွက်ရှိ၍ တစ်ဧကမှာ အထွေထွေ ကုန်ကျစရိတ် အနေနှင့် ၁၁ သိန်း နီးပါးရှိပြီး ၁၁ သိန်းနီး ပါးလောက်ထိ ပြန်လည် မြတ်တယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ်တွင် လက်ဖက်ကို ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ပင်လောင်း၊ လွိုင်လင်၊ လဲချား၊ နမ့်စန်၊ ကွန်ဟိန်း၊ ကျေးသီး၊ မိုင်းကိုင်နှင့် မိုင်းရှူးမြို့များတွင် အများဆုံး စိုက်ပျိုးကြပါတယ်။ လက်ဖက်များ ခူးဆွတ်ရာတွင် တစ်ပတ်လျှင် တစ်ကြိမ်နှုန်းဖြင့် တစ်လလျှင် လေးကြိမ်၊   တစ်နှစ်လျှင်အကြိမ် ၄၀ ကျော်ခူးဆွတ်ရကြောင်း၊ တစ်ဧက လက်ဖက် အစို ပိဿာ ၈၀၀ မှ ၁၀၀၀ အထိထွက်ရှိကြောင်း လက်ဖက်စိုက်တောင်သူထံမှ သိရပါတယ်။ ဈေးနှုန်းအနေနှင့်ကတော့ အစိုတစ်ပိဿာ ၇၀၀၀ ကျပ်နှင့် အခြောက်တစ်ပိဿာ ၈၀၀၀ကျပ်မှ ၂၀၀၀၀ ကျပ် အထိ လက်ဖက်ခြောက် အမျိုးအစားလိုက် ပေးရကြောင်း သိရပါတယ်။ နမ့်စန်ဒေသမှ ထွက်သော နာမည်ကျော် ရွှေဖီမိုးလွတ် လက်ဖက်မှာ နာမည်ကြီးပြီး လူကြိုက်များသော လက်ဖက်ဖြစ်၍ ရွှေဖီမိုး ဆိုသည်မှာ မိုးမကျမီ သင်္ကြန်မတိုင်မီ ပေါ်ဉီးပေါ်ဖျား လက်ဖက်ကို ဆိုလိုခြင်းဖြစ်ပါတယ်။ မိုးရေလွတ်သည့် အတွက် ရွှေဖီမိုးလွတ်လက်ဖက်ဟု ခေါ်ဆိုခြင်းဖြစ်ပါတယ်။ ထိုထက်ကောင်းသော လက်ဖက်တစ်မျိုးကတော့ ပြာသို၊ တပို့တွဲ လက်ဖက်ရွက်ကြမ်းများ ဝေကြတော့မည့် ဆဲဆဲတွင် နှင်းအားကို အမှီပြု၍ ထွက်သော လက်ဖက်ရွက်နုကလေး များဖြစ်ပြီး ထို လက်ဖက်ကို နှင်းတက် လက်ဖက်ဟု ခေါ်ကြပြီး ရွှေဖီမိုးလက်ဖက်ကဲ့သို့ ပေါပေါများများ လုံလုံ လောက်လောက်တော့ မရနိုင်ကြောင်း သိရပါတယ်။ ရွှေဖီဉီးမိုး နှင်းတက် လက်ဖက်၊ ရွှေဖီမိုး လွတ်လက်ဖက်၊ ခါးကန်လက်ဖက်၊ ခါးကွက် (ခါးဝှက်) လက်ဖက်၊ ခါးနိုင်လက်ဖက် ဟူ၍ လက်ဖက် အမျိုးမျိုးရှိကြောင်း သိရပါတယ်။

          ရိုးရာနည်း စနစ်ဖြင့် ပေါင်းခံ၊ နေလှန်း အခြောက်ခံသည့် လက်ဖက်ခြောက်သည် အရည်အသွေး ညံ့ဖျင်းခြင်း၊ ဖုန် ၊ သဲအမှိုက်များ ပါဝင်ခြင်း၊ မူလပင်ကိုယ် အနံ့အရသာ ပျက်ယွင်း သွားခြင်းတို့ကြောင့် နိုင်ငံခြား ဈေးကွက်သို့ တိုးဝင်၍ မရကြောင်း သိရပါတယ်။ လက်ဖက်ခူးသော အချိန်မှာ နေအလွန်ပူပျင်းသော တန်ခူး၊ ကုဆုန်လ ရာသီ အချိန် ဖြစ်ပါတယ်။ သို့မှလည်း ထိုခူးသော လက်ဖက်များကို ပေါင်းတင်ကာ နေအခြောက်လှန်းနိုင်မည် ဖြစ်ကြောင်း၊ နေခြောက်အောင် မလှန်းနိုင်၊ နေပူရှိန် ကောင်းစွာ မရသောလက်ဖက်များမှာ လက်ဖက်ခြောက် အဖြစ်သို့ မရောက်ဘဲ အချိုခြောက် (သို့မဟုတ်) လက်ဖက်စို၊ လက်ဖက်စိမ်း အနေဖြင့်သာ ဖြစ်ကြောင်း သိရပါတယ်။ နေမလှန်းမီ ပေါင်းတင်ထားသော လက်ဖက်များကို နယ်သားကျအောင် နယ်ပေးရကြောင်း၊ လက်ဖက်အနယ် ကောင်းမှ လက်ဖက်ကောင်း ထွက်ကြောင်း သိရပါတယ်။ ထို့သို့ နယ်ထားသော လက်ဖက်ကို နေရှိန်ပြင်းပြင်းတွင် နေလှန်းရကြောင်း၊ နေလှန်းရာတွင် နေ့မကူးစေရကြောင်း တစ်နေ့နှင့်အပြီး လှန်း၍ ခြောက်သော လက်ဖက်မှသာ လက်ဖက်ကောင်းဟု ဆိုနိုင်ပါတယ်။ နယ်သား မကျ၍ လည်းကောင်း၊ နေပူမရဘဲ တစ်နေနှင့် မခြောက်လျှင် လည်းကောင်း၊ လက်ဖက်မှာ ပွယောင်း လုံးထွေး သွားတတ်ကာ လက်ဖက်ခြောက် အကောင်းစား မဖြစ်နိုင်ဘဲ ဈေးကျနိုင်ကြောင်း သိရပါတယ်။

          လက်ဖက်သည် မြန့်မာ့ယဉ်ကျေးမှုတွင် ဆေးဖက်ဝင် အပင်လည်းဖြစ်ပါတယ်။ လက်ဖက်ရည်ကို တစ်နေ့လျှင် သုံးလေးခွက် ပုံမှန်သောက်သုံးပေးပါက အသက်ရှည်နုပျိုခြင်း၊ ကင်ဆာရောဂါကို ကာကွယ်နိုင်ခြင်း၊ အဆီများချပေးခြင်း၊ နှလုံးနှင့် သွေးကြော ရောဂါများမှကာကွယ်ပေးခြင်း၊ သွားနှင့် သွားဖုံးရောဂါကို အထောက်အကူပြု ကာကွယ်နိုင်ခြင်း၊ ဆီးချို၊ သွေးတိုး ရောဂါ များကို သက်သာစေခြင်း၊ အသည်း လုပ်ငန်း ဆောင်တာမှန်ကန် ကောင်းမွန်ခြင်း၊ ခရမ်းလွန် ရောင်ခြည်ဒဏ်မှ ကာကွယ်ပေးခြင်း၊ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးခြင်း စသည့် အကျိုးကျေးဇူး များ ရရှိနိုင်သောကြောင့် လူသားတို့၏ ကျန်းမာရေး အတွက် အထောက်အကူပြုသည့် သီးနှံလည်း ဖြစ်ပါတယ်။

          လက်ဖက်စိုက်ခင်းအများစုမှာ အပင်သက် တမ်းကြာနေသည့် အပင်ကြီးများ ဖြစ်ကြပြီး အကိုင်းရှင်း အကိုင်းဖြတ်ပေးမှုများ မရှိဘဲ လိုအပ်သော ပြုစုမှုများ မရှိကြောင်း၊ အသစ် စိုက်ခင်းများကို စနစ်ကျနစွာ စိုက်ပျိုးနိုင်ရေးနှင့် အထူးသဖြင့် ဘိန်းအစားထိုး သီးနှံအဖြစ်တိုးချဲ့ စိုက်ပျိုးသင့်ကြောင်း၊ မြန်မာ့ လက်ဖက်လုပ်ငန်း တိုးတက်အောင်မြင်လာစေနိုင်ရန်အတွက် စိုက်ပျိုးသည့် ဒေသနှင့် ကိုက်ညီနိုင်မည့် လက်ဖက် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်ကာ သီးသန့်စိုက်ခင်းသစ်များ တည်ထောင် စိုက်ပျိုးနိုင်ရန် လိုအပ်ကြောင်း၊ လက်ရှိလက်ဖက်စိုက်‌ခင်းများမှာ ဓာတ်မြေဩဇာနှင့် ပိုး၊ မှိုသတ်ဆေးများ အသုံးပြုမှု မရှိသကဲ့သို့ နည်းပါးနေခြင်း အားသာချက်ကို အသုံးပြုကာ ယနေ့ ခေတ်စားနေသည့် အော်ဂဲနစ် လက်ဖက် စိုက်ပျိုးထုတ် လုပ်ရောင်းချနိုင်ရေး စည်းရုံးဆောင်ရွက်ခြင်းဖြင့် လက်ဖက် စိုက်တောင်သူများ ဝင်ငွေပိုမို ရရှိလာနိုင်မည့်အပြင် ပြည်တွင်း ဈေးကွက်သို့ပါ အော်ဂဲနစ် လက်ဖက်ခြောက်များအဖြစ် တင်ပို့ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားသင့်ပါကြောင်း၊ အခြားလက်ဖက် စိုက်ပျိုးနေသည့် နိုင်ငံများနှင့် ထုတ်ကုန် အရည်အသွေးနှင့် လက်ဖက် အထွက်နှုန်းများ ယှဉ်ပြိုင်နိုင်ရန်အတွက် မိရိုးဖလာ စိုက်ပျိုးနေသည့် စနစ်များမှ ခေတ်မီစိုက်ပျိုး နည်းစနစ်များ အစားထိုးလာနိုင်ရေးနှင့် ခူးဆွတ်မှု၊ ထုတ်ပိုးမှုစနစ်များကိုပါ စနစ်ကျနစွာ ဆောင်ရွက်သင့်ပါကြောင်း အကြံပြု ရေးသားလိုက်ရပါတယ်…

ရှမ်းပြည်နယ်(စားသုံးသူရေးရာဦးစီး)