မလေးရှားနိုင်ငံ Kelantan ပြည်နယ်၌ စပါးစိုက်ခင်း ဟက်တာ ထောင်ချီမှာ ပူပြင်းသော ရာသီဥတုကြောင့် ယခုနှစ်တွင် မျှော်မှန်းထားသည့် အထွက်နှုန်းကို ရရှိနိုင်ဖွယ်မရှိကြောင်း သိရှိရပါသည်။
အဆိုပါ Kelantan ပြည်နယ်အတွင်း စပါးစိုက်ခင်း ၂၆၈၃၃ ဟက်တာအနက် ဒေသ ၅ ခုရှိ ဟက်တာ ၇၈၀၀ ခန့်မှာ ပူပြင်းသော ရာသီဥတုနှင့် မိုးခေါင်ရေရှားမှုဒဏ်ကို ကြုံတွေ့နေရကြောင်း၊ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ၌ စိုက်ပျိုးပြီး ယခုနှစ်ဧပြီလတွင် ရိတ်သိမ်းသည့် ၂၀၂၂ ခုနှစ် ဒုတိယစပါးစိုက်ရာသီအတွင်း မုတ်သုံရာသီအပြောင်းအလဲဒဏ်ကို လယ်သမား ၃၉၀ နီးပါး ခံစားရခဲ့ကြောင်း၊ ဤအချက်က စပါးခင်းများ ကြီးထွားဖွံ့ဖြိုးမှုအပေါ် သက်ရောက်မှုရှိပြီး အခြေအနေ ပိုမိုဆိုးရွားလာပါက ကောက်ပဲသီးနှံပင်များ၏ အရိုးတံများ ထိခိုက်ပျက်စီးမည်ဖြစ်ကြောင်း၊ ရာသီဥတုပူပြင်းမှုက ရေအရင်းအမြစ်များ ရှားပါးမှုကို ဖြစ်ပေါ်စေပြီး လယ်ကွင်းများသို့ ရေပေးဝေမှုကို အလှည့်ကျစနစ်ဖြင့် ဖြန့်ဝေနေရကြောင်း၊ သို့ဖြစ်ရာ စပါးအထွက်နှုန်း လျော့ကျလာနိုင်ပြီး လယ်သမားများ၏ဝင်ငွေကိုလည်း သက်ရောက်မှုရှိလာနိုင်ကြောင်းဖြင့် ပြည်နယ်ရှိ Kemubu စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု အာဏာပိုင်အဖွဲ့မှ အထွေထွေမန်နေဂျာ Mohd Faizul Mustafa က ပြောကြားခဲ့သည်။
Kemubu စိုက်ပျိုးရေး အာဏာပိုင်အဖွဲ့ အနေဖြင့် လယ်သမားများ ကြီးမားစွာ ဆုံးရှုံးမှု မဖြစ်ပေါ်စေရန်အတွက် ရာသီဥတုဒဏ်ခံနေရသည့် ဒေသများသို့ ရွေ့လျားပန့်များ ပေးဝေခြင်း၊ စက်ရေတွင်းများ တူးဖော်ရန်အတွက် မြေအောက်ရေအရင်းအမြစ်များ ဖော်ထုတ်ခြင်းနှင့် ၎င်းတို့ အဖွဲ့ထံ၌ မှတ်ပုံတင်ထားသော ပန့်များအတွက် ဒီဇယ်လောင်စာများ ထောက်ပံ့ခြင်း စသည့် အစီအမံများ ဆောင်ရွက်ခဲ့ကြောင်း၊ စပါးစိုက်ခင်းများသို့ ရေရောက်ရှိရန်အတွက် ဆည်မြောင်းသွယ်၍ ရေပေးဝေခြင်းစနစ်ကိုလည်း အသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။
Source: The Star, May 04, 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)