Main menu

HighLight News

Powered by Drupal

စက်သုံးဆီရောင်းချသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ (၁၆-၈-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ရွှေဘိုမြို့နယ်တာဝန်ခံတို့သည် ရွှေဘိုမြိုရှိ စက်သုံးဆီရောင်းချသည့် လုပ်ငန်းရှင်အားတွေ့ဆုံဆွေးနွေးခဲ့ပါသည်။

       ထိုသို့တွေ့ဆုံရာတွင် စက်သုံးဆီများဝယ်ယူမှု၊ သယ်ယူမှု၊ သိုလှောင်ထားရှိမှု၊ ပြန်လည်ဖြန့်ဖြူးရောင်းချမှု၊  ဈေးနှုန်း၊ ဈေးကွက်အခြေအနေများနှင့် လက်ကျန်အခြေအနေများကိုမေးမြန်းဆွေးနွေးခဲ့ပြီး  စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ နေ့စဉ်သတ်မှတ်ထုတ်ပြန်ပေးသည့် ရည်ညွှန်းဈေးနှုန်းအပေါ် သယ်ယူစရိတ်၊ အခြားအထွေထွေကုန်ကျစရိတ်များပေါင်း၍ သင့်တင့်မျှတသောဈေးနှုန်းဖြင့်ရောင်းချကြရန်၊  အချင်အတွယ်နှင့်အလေးချိန်မှန်ကန်စွာရောင်းချရန်၊  LED ဘုတ်တွင်ကြေညာထားသည့် ဈေးနှုန်းများအတိုင်းရောင်းချကြရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

       ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှုအရ အလုံခရိုင်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်ဦးဆောင်သော ပူးပေါင်းအဖွဲ့သည်  ၆-၈-၂၀၂၄ ရက်နေ့မှ ၁၂-၈-၂၀၂၄ ရက်နေ့အထိ ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော သိန်းဦးဆိပ်ကမ်း၊ ဝါးတန်းဆိပ်ကမ်း၊ ချောင်းဝဆိပ်ကမ်း၊ ဘုရင့်နောင်ဆိပ်ကမ်း၊ ဗားကရာဆိပ်ကမ်း၊ နိုင်းရုဆိပ်ကမ်း၊ ထူးဆိပ်ကမ်းများသို့ အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အမှတ်(၃) ရေကြောင်းရဲတပ်ဖွဲ့ စသည့်ပူးပေါင်းအဖွဲ့များနှင့်အတူသွားရောက်၍ ရေယာဉ်များတွင် တင်ဆောင်ထားသော တင်ဆောင်ကုန်များအား ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီး လက်နက်ခဲယမ်းများတင်ဆောင်မှုမရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

        စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၃-၈-၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၅:၃၀)နာရီအချိန်တွင် အင်းစိန်မြို့နယ်၊ အောက်မင်္ဂလာဒုံလမ်းမကြီးပေါ်ရှိ ရွှေဗျိုင်းဖြူ စက်သုံးဆီဆိုင်၊ Denko အောင်ဆန်းစက်သုံးဆီဆိုင်နှင့် 360 Petro တညင်းကုန်းဆိုင်တို့မှ တာဝန်ခံတို့အားသွားရောက်တွေ့ဆုံခဲ့ပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် စက်သုံးဆီဈေးနှုန်းများမြှင့်တင်ရောင်းချခြင်းမပြုကြရန်၊ PPRD စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ အပတ်စဉ်သောကြာနေ့တိုင်း သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီရည်ညွှန်းဈေးနှုန်းအတိုင်းရောင်းချမှုရှိ/မရှိနှင့် တရားမဝင်စက်သုံးဆီ၊ ချောဆီများတင်သွင်းဖြန့်ဖြူးရောင်းချနေခြင်းမပြုရန်၊ ထိုသို့ရောင်းချနေသည်ကိုစိစစ်တွေ့ရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူများအဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရေးအတွက် စက်သုံးဆီအရောင်းဆိုင်များအား ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး၊ သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချခြင်းမပြုဘဲ စက်သုံးဆီများကို သိုလှောင်ထားခြင်းမပြုရန်နှင့် ဌာနမှထုတ်ပြန်ထားသော စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

အင်းစိန်မြို့နယ်၊ ရွှေအိုးဆေးဆိုင်ရှိ တိုင်းရင်းဆေးအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်ခြင်း

        ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည်  (၁၂-၈-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် တိုင်းရင်းဆေးအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဆောင်ရွက်ခဲ့ရာတွင် အမှတ်(၈၂)၊ ဘုရင့်နောင်လမ်းမကြီး၊ အင်းစိန်မြို့နယ်ရှိ ရွှေအိုးဆေးဆိုင်၌ တိုင်းရင်းဆေးအမျိုးမျိုးဖြစ်သော ဝါယောအဓိက၊ မှန်ချို၊ ဧကမ္ဘာ၊ ဉီးအံ့၊ ရှမ်းပျိုမယ်၊ ဂြိုလ်ထု၊ ရွှေ၊ မဟာဖြေဆေး၊ ဆန္ဒမွန် အစရှိသောဆေးများတွင် ကုန်အညွှန်း အမှတ်အသားတွင် ဖော်ပြရမည့်အချက်များကို မြန်မာလိုပြည့်စုံစွာပါရှိပြီး တချို့သောစားသုံးသူများက တိုင်းရင်းဆေးဝါးများကိုအလေးထားပြီး သုံးစွဲနေကြောင်း၊ ရွှေအိုးဆေးဆိုင်တာဝန်ခံကလည်း မိမိတို့ဆေးဆိုင်တွင် ဆီးချိုနှင့်ပတ်သက်သော ဆေးများကိုလည်းပိုမိုရောင်းချရကြောင်း၊ ဘေးအန္တရာယ်မဖြစ်စေရန်အတွက် ကုန်အညွှန်းအမှတ်အသားပြည့်စုံသော တိုင်းရင်းဆေးဝါးများကိုသာရောင်းချပေးရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

တိုင်းရင်းဆေးရောင်းချသော ဆိုင်များအား ကွင်းဆင်းဆောင်ရွက်ခြင်း

      စားသုံးသူရေးရာဉီးစီးဌာန၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံအပါ (၂)ဦးနှင့် မြို့နယ်စည်ပင်ဈေးတာဝန်ခံအပါ (၂)ဦးတို့ပူးပေါင်း၍  (၁၃-၈-၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် မြို့မဈေးအတွင်းရှိ တိုင်းရင်းဆေးရောင်းချသောဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အင်္ဂလိပ်ဆေးအပြင် မြန်မာတိုင်းရင်းဆေးများကိုလည်း တိုက်ကြီးမြို့မဈေးတွင်း/ ဈေးပြင်ပတို့တွင် ရောင်းချလျက်ရှိရာ တိုင်းရင်းဆေးအမျိုးမျိုးရောင်းချရာ၌ ဆေးအမျိုးအစားအလိုက် စစ်ဆေးရာတွင် သတ်မှတ်ညွှန်ကြားချက်များနှင့် ကုန်အညွှန်းအမှတ်အသားနှင့်ကိုက်ညီသော တိုင်းရင်းဆေးများရောင်းချရန်နှင့် အသက်အရွယ်ကြီးမားသည့်လူကြီးများ အများဆုံးအသုံးပြုနေသောကြောင့် ဘေးအန္တရာယ်မဖြစ်စေရန်အတွက် ကုန်အညွှန်းအမှတ်အသားပြည့်စုံသော တိုင်းရင်းဆေးဝါးများကိုသာရောင်းချပေးကြရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

မှော်ဘီမြို့နယ်အတွင်းရှိ တိုင်းရင်းဆေးအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      မှော်ဘီမြို့နယ်ခွဲတာဝန်ခံ ဒေါ်ဖြူဖြူမြင့်အပါ (၂)ဦးသည် (၁၂-၈-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြို့မဈေးစည်ပင်မှ ဈေးတာဝန်ခံ ဦးဝေလင်းအောင်တို့နှင့်ပူးပေါင်းကာ ဈေးကွက်အတွင်းရောင်းချနေသော တိုင်းရင်းဆေးအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့စစ်ဆေးခဲ့ရာတွင် တိုင်းရင်းဆေးအမျိုးမျိုးရောင်းချသော ဈေးအတွင်းရှိ မိဘမေတ္တာ ဦးသိန်းဝင်းဆေးဆိုင်နှင့် ပြည်လမ်း၊ တပ်ကြီးကုန်း သိုးကလေးဆေးဆိုင်များရှိ တိုင်းရင်းဆေးဝါးများအား စားသုံးသူဥပဒေပါ အခန်း(၈)တွင် ဖော်ပြထားသော ကုန်စည်တွင်ပါဝင်ရမည့် အချက်များဖြစ်သော ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဘေးထွက်ဆိုးကျိုးနှင့် ကြိုတင်သတိပေးချက်များဖော်ပြထားသည်ကိုစစ်ဆေးတွေ့ရှိရပြီး ဌာနအနေဖြင့်လည်း ကုန်အညွှန်းအမှတ်အသားမပြည့်စုံသော တိုင်းရင်းဆေးဝါးများရောင်းချခြင်းမပြုကြရန် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

တိုင်းဒေသကြီးဦးစီးမှူးသည် ထားဝယ်ခရိုင်ဆန်စပါးကုန်သည်နှင့်တွေ့ဆုံဆွေးနွေး

       ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၄ရက်နေ့၊ နံနက် ၁၀း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် တိုင်းဒေသကြီးဦးစီးမှူးမှ ထားဝယ်ခရိုင်ဆန်စပါးကုန်သည်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     အဆိုပါတွေ့ဆုံဆွေးနွေးရာတွင် ဆန်/စပါးစျေးနှုန်း၊ စျေးကွက်အခြေအနေများ၊ ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ထားရှိမှုနှင့်စပ်လျဥ်းသည့် ကိစ္စရပ်များ၊ ထားဝယ်ခရိုင်အတွင်း ဆန်စပါးသိုလှောင်ရုံများအား မှတ်ပုံတင်ထားရှိနိုင်ရေးနှင့်စပ်လျဉ်း၍ ခရိုင်အတွင်းရှိ ဆန်စပါးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးမည့် အကြောင်းအရာများနှင့်ပတ်သက်သော ရှင်းလင်းဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်အထူးစီးပွားရေးဇုန် ၉/၂၀၂၄-၂၀၂၅ MC+OSSC အစည်းအဝေးသို့ တက်ရောက်

      ၂၀၂၄ခုနှစ်၊ သြဂုတ်လ ၁၄ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ထားဝယ်အထူးစီးပွားရေးဇုန် ၉/၂၀၂၄-၂၀၂၅ MC+OSSC အစည်းအဝေးအား Zoom Meeting ဖြင့်ကျင်းပခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက Virtual ဖြင့်တက်ရောက်ခဲ့ပါသည်။

       အစည်းအဝေးပထမပိုင်း၌ OSSC အစည်းအ‌ဝေးကျင်းပခဲ့ပြီး ထားဝယ်အထူးစီးပွား‌ရေးဇုန်ဥက္ကဋ္ဌ-ဒုဥက္ကဋ္ဌများက အဖွင့်မှာကြားချက်များပြောကြားခဲ့ပြီး၊ OSSC အဖွဲ့များက ဌာနချင်းမိမိတို့ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအားရှင်းလင်းဆွေးနွေးခဲ့ကြပြီး ဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားကာ ပထမပိုင်း OSSC အစည်းအဝေးမှာ နေ့လယ်(၁၃း၄၅) နာရီအချိန်တွင် ပြီးဆုံးခဲ့ပါသည်။

         ဒုတိယပိုင်း MC အစည်းအဝေးအား ဆက်လက်ကျင်းပရာ ထားဝယ်အထူးစီးပွားရေးဇုန်ဥက္ကဋ္ဌ-ဒုဥက္ကဋ္ဌများက ထားဝယ်အထူးစီးပွားရေးဇုန် ရင်းနှီးမြှုပ်နှံမှုူအသစ်အဖြစ် လာရောက်ရင်းနှီးမြှုပ်နှံမှုကိစ္စများအားရှင်းလင်းခဲ့ပြီး၊ တနင်္သာရီတိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးက မြေယာကိစ္စများ၊ လုံခြုံ‌ရေးကိစ္စများတင်ပြဆွေးနွေးခဲ့ပါသည်။ ထို့နောက် MC အဖွဲ့ဝင်များက လိုအပ်သည်များကို တင်ပြဆွေးနွေးခဲ့ကြပြီး ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးအား နေ့လယ် (၁၄း၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

           

ထားဝယ်မြို့ရှိ ဆန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်

      စားသုံးသူရေးရာဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍  ၁၄-၈-၂၀၂၄ ရက်နေ့၊ နေ့လယ် ၁၃း၀၀ နာရီအချိန်တွင် ထားဝယ်မြို့၊ ရေးလမ်း၊ ဝဲကျွန်းရပ်၊ ဆင်ဆိပ်ရပ်ရှိ ဆန်အရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့စျေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးရာတွင် သတ်မှတ်ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ၊ စျေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ဆန်အိတ်များ စနစ်တကျသိုလှောင်ထားရှိမှုများဆောင်ရွက်ထားခြင်းနှင့် အရည်အသွေးပြည့်မီခြင်းရှိ/မရှိတို့အား စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

တာချီလိတ်မြို့နယ်ရှိ စားသုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးဌာနမှဝန်ထမ်းများနှင့်ပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(၁၂)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် တာချီလိတ်မြို့၊ ဝမ်ကောင်းဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့စစ်ဆေးရာတွင် တာချီလိတ်မြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသောစားသုံးဆီအမျိုးမျိုး၌ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ဖော်ပြရန်သတ်မှတ်ထားသောအချက်အလက်များ ပြည့်စုံစွာဖော်ပြထားသည်ကိုစစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့်ဌာနဆိုင်ရာဝန်ထမ်းများသည် စားသုံးဆီအရောင်းဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ“ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”၊ အခန်း(၁၀)ပါ“ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို လိုက်နာဆောင်ရွက်ကြရန်ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - HighLight News