Main menu

HighLight News

Powered by Drupal

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ (One Region One Product) အစီအစဉ်ဖြင့် "စွမ်းအင်ခြိုးခြံချွေတာခြင်းနှင့် စွမ်းအင်စီမံခန့်ခွဲမှုစနစ်ဆိုင်ရာဆွေးနွေးပွဲ" ကျင်းပ

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ဒေသတစ်ခု ထုတ်ကုန်တစ်ခု (One Region One Product) အစီအစဉ်ဖြင့် "စွမ်းအင်ခြိုးခြံချွေတာခြင်းနှင့် စွမ်းအင်စီမံခန့်ခွဲမှုစနစ်ဆိုင်ရာဆွေးနွေးပွဲ" ကို (၃၀-၇-၂၀၂၄) ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါဆွေးနွေးပွဲတွင် တိုင်းဒေသကြီး MSME Agency ဥက္ကဋ္ဌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က အဖွင့်အမှာစကားပြောကြားပြီးနောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုနှင့်အညီ နိုင်ငံ့စီးပွားရေး၏ အဓိကကျောရိုးဖြစ်သည့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးအတွက် ဘက်ပေါင်းစုံမှ ပံ့ပိုးကူညီပေးလျက်ရှိကြောင်း၊ ဒေသတစ်ခု ထုတ်ကုန်တစ်ခု (One Region One Product) အစီအစဉ်ဖြင့် စိုက်ပျိုးရေးကဏ္ဍ၊ MSMEs ကဏ္ဍတို့မှ အလားအလာရှိသော ထုတ်ကုန်များကိုရွေးချယ်ပြီး လိုအပ်သည်များပံ့ပိုးပေးခြင်း၊ ချေးငွေများ ထုတ်ချေးပေးခြင်း၊ အသိပညာပေးဆွေးနွေးပွဲများကျင်းပခြင်း စသည်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများအပါအဝင် စီးပွားရေးလုပ်ငန်းများအတွက် စွမ်းအင်သည် အဓိကအရေးပါသော သွင်းအားစုတစ်မျိုးဖြစ်ပြီး စွမ်းအင်လုံလောက်စွာရရှိရန်နှင့် ရရှိသည့်စွမ်းအင်ကို ထိထိရောက်ရောက် အကျိုးရှိစွာသုံးစွဲရန်လိုအပ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ MSMEs လုပ်ငန်းများအပါအဝင် စီးပွားရေးလုပ်ငန်းများအနေဖြင့် စွမ်းအင်ကို အကျိုးရှိရှိ ထိရောက်စွာသုံးစွဲခြင်းဆိုင်ရာ အသိပညာများတိုးပွားလာပြီး ထိုမှတစ်ဆင့် အကျိုးအမြတ်ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ယနေ့ဆွေးနွေးပွဲကို ပြင်ပမှပညာရှင်များအားဖိတ်ကြားပြီး ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ (Energy Saving Technology) ကို အသုံးပြုခြင်းအားဖြင့် စီးပွားရေးလုပ်ငန်းတစ်ခုချင်းစီအတွက်သာမက နိုင်ငံတော်အတွက်ပါ အကျိုးကျေးဇူးများစွာဖြစ်ထွန်းစေသောကြောင့် ဆွေးနွေးပွဲတက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်များ၊ မန်နေဂျာများအနေဖြင့် ပညာရှင်များ၏ဆွေးနွေးချက်များကို တက်ကြွစွာပါဝင်ပြီး သိလိုသည့်အချက်များကိုမေးမြန်းဆွေးနွေးကြရန်  ပြောကြားခဲ့ကြောင်းသိရပါသည်။

    ဆက်လက်၍ Agilent Biz Engineering Co.,Ltd မှ ဦးမျိုးခန့်က စွမ်းအင်အသုံးချခြင်းဆိုင်ရာနည်းပညာများနှင့် စွမ်းအင်စီမံခန့်ခွဲမှုဆိုင်ရာစနစ်များနှင့်ပတ်သက်၍ အသိပညာမျှဝေခြင်းအား လည်းကောင်း၊ Astro Automation Co.,Ltd မှ ဦးသူရိန်အောင်က Power & Process Automation Systems ဆိုင်ရာနည်းပညာများအား အသိပညာပေးခြင်းအားလည်းကောင်း အသီးသီးဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် လုပ်ငန်းရှင်များက သိရှိလိုသည့်အကြောင်းအရာများအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရပါသည်။

         စက်မှုကြီးကြပ်နှင့်စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး ဦးဇော်ထွန်းအောင်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အဆိုပါဆွေးနွေးပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်စုစုပေါင်း(၇၃)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

ကန့်ဘလူမြို့နယ်တွင် ဘိလပ်မြေရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

      စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းရောင်းချသည့်ဆိုင်များသို့သွားရောက်၍ အပတ်စဉ်ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

      ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၂၉ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေရောင်းချသည့်ဆိုင်များ၏ ဘိလပ်မြေဝယ်ယူရရှိမှုအခြေအနေ၊ လက်ကျန်အခြေအနေနှင့် ဈေးနှုန်းဈေးကွက်အခြေအနေတို့အားကွင်းဆင်းစိစစ်ခဲ့ရာ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် ဘိလပ်မြေတို့ကို မန္တလေးမြို့မှဝယ်ယူရကြောင်း၊ ဈေးနှုန်းအနေဖြင့် “CROWN” အမှတ်တံဆိပ် ဘိလပ်မြေ‌တစ်အိတ်လျှင် ၁၅၀၀၀ကျပ်နှင့် “ကြံ့နှစ်ကောင်” အမှတ်တံဆိပ် ဘိလပ်မြေဈေးနှုန်းမှာ တစ်အိတ်လျှင် ကျပ်၁၄၀၀၀ဖြင့်ရောင်းချကြောင်း ဇူလိုင်လ စတုတ္ထပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုအပတ်အတွင်း ဈေးနှုန်းများပြန်လည်မြင့်တက်လာကြောင်း လုပ်ငန်းရှင်များထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

         

ကန့်ဘလူမြို့နယ်တွင် ဆန်စက်လုပ်ငန်းရှင်နှင့်တွေ့ဆုံ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးဥပဒေအရ စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ဒေသတွင်းရှိ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းရှင်နှင့်ကွင်းဆင်းတွေ့ဆုံခြင်းဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၂၅ရက်‌နေ့၊ နံနက် ၁၁:၀၀ နာရီအချိန်အတွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁)ဦးတို့သည် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “သိန်းသန်းဖြိုး”ဆန်စက်လုပ်ငန်းသို့သွားရောက်ကွင်းဆင်း၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ကြောင်းသိရသည်။

      ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံက ဆန်စက်၏လည်ပတ်ကြိတ်ခွဲနိုင်မှု၊ ကုန်ချောထွက်ရှိမှုအခြေအနေများကိုဆွေးနွေးခဲ့ရာ လုပ်ငန်းရှင်က မိမိတို့အနေဖြင့် နဝလီကြိတ်ခွဲခြင်းသာဖြစ်ကြောင်း၊ ဆန်ဈေးနှုန်းတည်ငြိမ်စေရေး သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချပေးလျက်ရှိကြောင်းဆွေးနွေးခဲ့ကြပြီး စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များပါ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၏ ဇူလိုင်လအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ကွင်းဆင်းတွေ့ဆုံခြင်းဆောင်ရွက်နိုင်မှုအခြေအနေ

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်အနေဖြင့် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ဒေသတွင်းရှိ MSMEs လုပ်ငန်းများ၏လိုအပ်ချက်တို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် လစဉ် စီးပွားရေးလုပ်ငန်းရှင်များနှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

        ၂၀၂၄ခုနှစ်၊ ဇူလိုင်လအတွင်း ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် (အငယ်တန်စားရေး) တို့သည် ကန့်ဘလူမြို့ ၊ အမှတ်(၃)ရပ်ကွက်ရှိ “သိန်းသန်းဖြိုး” ဆန်စက်လုပ်ငန်းရှင်နှင့် ကွင်းဆင်းတွေ့ဆုံခဲ့ရာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်သွားရန်ဆွေးနွေးခဲ့ကြောင်း၊ ကျွန်းလှမြို့နယ်တာဝန်ခံသည် ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ရှိ “သိဒ္ဓိအောင်” ဆီစက်လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို သိရှိထားရန်လိုအပ်ကြောင်းနှင့် မိမိတို့ထုတ်လုပ်သည့်ကုန်စည်များကို ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်သွားရန် စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြပြီး ကုန်အညွှန်းအမှတ်အသားဖော်််််််ပြခြင်းဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၏ ဇူလိုင်လအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်နိုင်မှုအခြေအနေ

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

      ၂၀၂၄ခုနှစ်၊ ဇူလိုင်လအတွင်း စားသုံးသူရေးရာဦးစီးဌာနကဦးဆောင်ကာ မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ပြည်ပမှတင်သွင်းသော ကုန်စည်များကိုသာမက ပြည်တွင်း၌ထုတ်လုပ်သောကုန်စည်များနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ သို့မဟုတ် ဈေးကွက်ရောက်ပြီး ကုန်စည်များ၏ ဘေးအန္တရာယ်ရှိ/မရှိစစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များပါဝင်မှုရှိ/မရှိစစ်ဆေးခြင်းကို ကန့်ဘလူမြို့နယ်အနေဖြင့် ကန့်ဘလူမြို့၊ မြို့မဈေးရှိ “ဒေါ်မြင့်” ကုန်စုံဆိုင်၊ အမှတ်(၄)ရပ်ကွက်ရှိ “ကိုနွေဦး+မဖြူ”ကုန်စုံဆိုင်တို့အားလည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၂)ကြိမ်၊ ကျွန်းလှမြို့နယ်အနေဖြင့် ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ရှိ “ဦးနိုင်မျိုးလတ် +ဒေါ်ဝင်းရွှေ”ကုန်စုံဆိုင်၊ သစ်ရာမြိုင်ဈေးရှိ “သာထက်စံ”ဆေးဆိုင်တို့အားလည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၂)ကြိမ်နှင့် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “ရေတမာ”စက်သုံးဆီအရောင်းဆိုင်အား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၁)ကြိမ်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာရှိ “UTN”  စက်သုံးဆီအရောင်းဆိုင်အား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၁)ကြိမ်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊  စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချသည့်ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာဖြန့်ဖြူးရောင်းချကြရန်၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသည့်ကုန်စည်များ၊ စံမညီဆေးဝါးများ စသည်တို့ကိုရောင်းချခြင်းမပြုကြရန် အသိပညာပေးမှာကြားခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၏ ဇူလိုင်လအတွင်း စားသုံးသူအသိပညာပေးဟောပြောပွဲဆောင်ရွက်နိုင်မှုအခြေအနေ

      စားသုံးသူပြည်သူများကို စားသုံးသူကာကွယ်ရေးအကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် မိမိတို့၏ရပိုင်ခွင့်၊ တောင်းဆိုင်ပိုင်ခွင့်အခွင့်အရေးများကိုသိရှိနားလည်ပြီး နစ်နာဆုံးရှုံးမှုများမဖြစ်စေရန်အတွက် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း၍ လစဉ်စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

         ၂၀၂၄ခုနှစ်၊ ဇူလိုင်လအတွင်း စားသုံးသူအသိပညာပေးဟောပြောပွဲမျာကို ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့၊ အမှတ်(၅)(အ.လ.က)ကျောင်းရှိ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူများကိုလည်းကောင်း၊ ဒေါ်အိမွန်ကျော် (အငယ်တန်းစာရေး) သည် ကန့်ဘလူမြို့၊ အမှတ်(၂)မူလွန်ကျောင်းရှိ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူများကိုလည်းကောင်း ဆွေးနွေးဟောပြောခြင်း၊ ကျွန်းလှမြို့နယ်တာဝန်ခံအနေဖြင့်  ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ရှိ မြင့်မိုရ်ထွန်းသောက်ရေသန့်စက်ရုံရှိ လုပ်သားများကိုလည်းကောင်း၊ အသိပညာပေးဟောပြောပွဲများဆောင်ရွက်ခဲ့ရာ တာဝန်ရှိသူများက စားသုံးသူများအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များကိုလည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကိုလည်းကောင်း သိရှိနားလည်းထားရန်လိုအပ်ကြောင်း၊ စားသုံးသူများအနေဖြင့် စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ခဲ့လျှင် စားသုံးသူရေးရာဦးစီးဌာန၏ Facebook Page၊ DOCA Myanmar Mobile Application ၊ ဌာန၏ Website၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်များတွင် ဖွင့်လှစ်ထားသည့်(CICC)များသို့ လူကိုယ်တိုင်လာရောက်၍သေ်လည်းကောင်း၊ Consumer Call Center 1535 ကိုခေါ်ဆို၍လည်းတိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင်ဦးစီးမှူးရုံးတွင် (၈/၂၀၂၄) ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေး

      စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ယာရှိ ရွှေဘိုခရိုင်ဦးစီးမှူး၏တိုက်ခန်း၌ (၂၅-၇-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများအား စွမ်းဆောင်ရည်မြင့်မားစေရန်ရည်ရွယ်၍ (၈/၂၀၂၄) ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ပေးခဲ့ရာ ဝန်ထမ်း(၁၀)ဦးတက်ရောက်ခဲ့ပါသည်။

       အဆိုပါ Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေးပွဲတွင် ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီအဖြစ် ရောစပ်ရာ၌ အရည်အသွေးအာမခံချက်နှင့် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ သတ်မှတ်သည့်အမိန့်အကြောင်းများကိုဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၄) ကျင်းပ

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူရေးရာကော်မတီအစည်းအဝေး ၃/၂၀၂၄ ကို ၃၀-၇-၂၀၂၄ ရက်နေ့၊ နံနက် ၈:၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ နိုင်လယိတမနှင့် ကော်မတီအဖွဲ့ဝင်များတက်ရောက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စရပ်များဆွေးနွေးခဲ့ကြောင်း သိရသည်။

     အစည်းအဝေးတွင် မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ နိုင်လယိတမက အဖွင့်အမှာစကားပြောကြားပြီးနောက် စားသုံးသူပြည်သူများ စားသုံးသူအခွင့်အရေးအပြည့်အဝရရှိစေရန်အတွက် အရှိန်အဟုန်မပြတ်ဆောင်ရွက်ကြရန်၊ စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းဆောင်ရွက်ရာတွင် စီးပွားရေးလုပ်ငန်းရှင်များအား တာဝန်များနှင့်တားမြစ်ချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သတိပြုရမည့်အချက်များ၊ အွန်လိုင်းတွင် ကုန်စည်ဝယ်ယူရာ၌ စားသုံးသူများနစ်နာမှုမရှိစေရန် သတိပြုရမည့်အချက်များ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများမှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်အကြား နှစ်ဦးနှစ်ဖက်ရရှိနိုင်သော အကျိုးရလဒ်များကိုလည်းထည့်သွင်း၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ကြရန်ပြောကြားခဲ့ပြီး ကော်မတီအတွင်းရေးမှူးက စားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တက်ရောက်လာသော ကော်မတီဝင်များက ဖြည့်စွ်အကြံပြုဆွေးနွေးခဲ့ကြပြီး ဆွေးနွေးတင်ပြချက်များအပေါ် ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရှိရပါသည်။

        အခမ်းအနားတွင် မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအဖွဲ့ဝင် (၇) ဦးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်း (၈) ဦး၊ စုစုပေါင်း (၁၅) ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

ကျိုက်မရောမြို့နယ်၌ စားသုံးဆီဘူးအမျိုးမျိုး၊ ဆီထုပ်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊  မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံသည်  ၂၉-၇-၂၀၂၄ ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကျိုက်မရောမြို့နယ်၊ ဘိန်းဗျောဈေးအတွင်းရှိသော ကုန်စုံဆိုင်များတွင်ရောင်းချနေသော စားသုံးဆီဘူးအမျိုးမျိုး၊ ဆီထုပ်အမျိုးမျိုးတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသော ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ်အချက်များနှင့်ကိုက်ညီမှုရှိ/မရှိ၊  သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ရှိ/မရှိ ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက် ခဲ့သည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အဆိုပါဆိုင်များ၌ရောင်းချနေသော စားသုံးဆီဘူးအမျိုးမျိုး၊ ဆီထုပ်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိကြောင်းသိရှိရပါသည်။ 

DOCA(မွန်)

သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံမှ Online Sale လုပ်ငန်းရှင်နှင့်တွေ့ဆုံ

      စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၊ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံသည်  ၂၉-၇-၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်ဦးစီးမှူးရုံး၌ Mero Online Sale လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့သည်။

      ထိုသို့တွေ့ဆုံရာတွင် Mero Online Sale လုပ်ငန်းရှင်က Online Sale မှတ်ပုံတင်လျှောက်ထားရာတွင် လိုအပ်သောအထောက်အထားများနှင့် မှတ်ပုံတင်လျှောက်ထားမှုအဆင့်ဆင့်တို့အား ဆွေးနွေးမေးမြန်းရာ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံက Online Sale မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ SME မှတ်ပုံတင်လက်မှတ်များကိုတင်ပြရန်လိုအပ်ပြီး တစ်ဦးချင်းဖြစ်ပါက တင်ပြရန်မလိုကြောင်း၊ ဆိုင်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာ၊ Passport ဓါတ်ပုံ၊ Online Shop Owner ၏ မှတ်ပုံတင်၊ Owner ၏ နေထိုင်ခြင်းလိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ Online Shop ၏ Logo များကိုပြင်ဆင်ထားရန်၊ Online Sale လျှောက်ထားရာတွင် အသုံးပြုမည့် email (သို့မဟုတ်) Mobile Phone Number ဖြင့် Sign Up ပြုလုပ်ပြီးလျှင် Login ဝင်ပြီး မှတ်ပုံတင်နိုင်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - HighLight News