Main menu

HighLight News

Powered by Drupal

လက်ပံတန်းမြို့ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် (၂၂-၇-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့မဈေးအပြင်တန်းရှိ ကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားများပြည်စုံစွာဖော်ပြခြင်းရှိ/မရှိကို မြို့နယ်တာဝန်ခံ ဦးချစ်ကိုကိုနှင့် ဝန်ထမ်းများက ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။ စားသုံးသူများ တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်အလက်များကိုသိရှိစေရန်၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကာ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရန်၊ စိတ်ကျေနပ်မှုရှိစေရန်အတွက် အာမခံချက်ပေးနိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည်၊ ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်းပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်ကြရန် အသိပညာပေးခြင်းပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိ

  ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှုအခြေအနေတို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၄ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်းတွင် ပြည်ခရိုင်၊ ပြည်မြို့၊ မြို့မဈေးကြီးနှင့် ကိုးသောင်းဈေးရှိမုန့်ဆိုင်များ၌ အသင့်စားမုန့်အမျိုးမျိုးကို လည်းကောင်း၊ အောင်မင်္ဂလာဈေးရှိ ကုန်စုံဆိုင်များ၌ စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း၊ ရွှေတောင်မြို့တွင် ယွန်းတန်းရပ်ကွက်နှင့် မြို့မဈေးရှိ မုန့်ဆိုင်များ၌ အသင့်စားမုန့်အမျိုးမျိုးကို လည်းကောင်း၊ ကြာနီကန်ရပ်ကွက်ရှိ ကုန်စုံဆိုင်များ၌ စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း၊  ပေါက်ခေါင်းမြို့ မြို့မဈေးရှိ မုန့်ဆိုင်များ၌ အသင့်စားမုန့်အမျိုးမျိုးကိုလည်းကောင်း ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများကို သက်ဆိုင်ရာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ ကုန်အညွှန်းအမှတ်အသားပါ သတ်မှတ်ချက်များကိုက်ညီမှုရှိသောကုန်စည်များကို တင်သွင်းရောင်းချခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းနှင့် စောင့်ကြည့်စစ်ဆေးခဲ့သည့်ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များကိုက်ညီမှုရှိကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ ဟောပြောဆွေးနွေးခြင်းနှင့်Talk Show ဆောင်ရွက်ခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရပ်ကွက်/ ကျေးရွာနေ စားသုံးသူပြည်သူများနှင့် တိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ်များဖြစ်သော ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးရည်ရွယ်၍ ခရိုင်အတွင်းမြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာများနှင့် အခြေခံ ပညာကျောင်းများတွင် အသိပညာပေးဟောပြောဆွေးနွေးခြင်းများကို အင်တိုက်အားတိုက်လုပ်ဆောင်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၄ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်း ပြည်မြို့၊ အ-ထ-က(ခွဲ)ရွှေကူကျောင်းသို့လည်းကောင်း၊ ပန်းတောင်းမြို့၊ မူလွန်(သီးကုန်း)ကျောင်း၊ အ-မ-က(ရေဝင်)ကျောင်း၊ အ-မ-က(ယင်းရွာ)ကျောင်း၊ အ-မ-က(ဘင်္ဂ)ကျောင်းနှင့် အ-မ-က-(ဖိုရွာ) ကျောင်းများသို့လည်းကောင်း၊ ပေါက်ခေါင်းမြို့တွင် မြို့နယ်တာဝန်ခံများနှင့် ဝန်ထမ်းများသည်  မြို့နယ်ပြန်ဆက်ရုံးနှင့်ပူးပေါင်း၍ စားသုံးသူအသိပညာပေး (Talk Show) ပြုလုပ်ခြင်း၊ အ-မ-က (ငှက်တောင်ဦး)ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများအား မြို့နယ်တာဝန်ခံများနှင့်ဝန်ထမ်းများသည်  မြို့နယ်ပြန်ဆက်ရုံးနှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာမြို့နယ်တာဝန်ခံများက စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များ၊ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့်ပုဂ္ဂိုလ်များနှင့် နည်းလမ်းများ၊ တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့်လိပ်စာ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟုတားမြစ်ထုတ်ပြန်ထားသော ကုန်စည်များအား ရွေးချယ်ဝယ်ယူခြင်းမပြုရန် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာရွေးချယ်ဝယ်ယူကြရန် အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်အတွင်းရှိ လုပ်ငန်းရှင်များ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းမှန်ကန်ပြည့်စုံစွာဖော်ပြမှုရှိစေရေး ရှင်းလင်းဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူများအားလုံးသည် ကုန်စည်နှင့်ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေးအတွက် ခရိုင်အတွင်းရှိ  ထုတ်လုပ်လျက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြမှုရှိစေရေးရည်ရွယ်၍ ဆောင်ရွက်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်း ပြည်မြို့ ရန်ကုန်-ပြည်လမ်း၊ ဘုရင့်နောင်လမ်းမကြီးရှိ ဦးသိန်းဝင်းဇော်၏ ရွှေဗျိုင်းဖြူ စက်သုံးဆီဆိုင်လုပ်ငန်းသို့လည်းကောင်း၊ ရွာဘဲရပ်ကွက်ရှိ ဦးမျိုးသက်ကို၏ PT power(1) စက်သုံးဆီဆိုင်လုပ်ငန်းသို့လည်းကောင်း၊ မြို့သစ်ဈေးရှေ့ရှိ ဦးကြည်တင်၏ ထက်လင်းဆန်ရောင်းဝယ်ရေးလုပ်ငန်းသို့လည်းကောင်း၊ ရွှေတောင်မြို့၊ စံပြရပ်ကွက်၊ ယုဇနလမ်းရှိ ဒေါ်ဖြူနှင်းသက်၏ ရွှေမဟာယိုမျိုးစုံလုပ်ငန်းသို့လည်းကောင်း၊ ပေါက်ခေါင်းမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ဦးဇင်ဦးဆီစက်သို့လည်းကောင်း၊ အမှတ်(၅)ရပ်ကွက်ရှိ ဦးဆည်မောင်ဝါစက်သို့လည်းကောင်း သက်ဆိုင်ရာ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ မိမိတို့ဖြန့်ဖြူးရောင်းချလျက်ရှိသောကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချင်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာဖြန့်ဖြူး ရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ထုတ်လုပ်ရောင်းချမှုရှိစေရေး၊ ကုန်စည်အလိုက် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများ၊ ပြည့်စုံမှန်ကန်စွာဖော်ပြမှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်းကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများနှင့်အတူ အရေးယူဆောင်ရွက်မှုများပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အထူးအလေးထားလိုက်နာဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ညောင်လေးပင်မြို့အတွင်းရှိ အခြေခံလူသုံးကုန်ပစ္စည်းများနှင့် အိမ်သုံးဆေးဝါးများပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

    စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူး၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၄-၇-၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ညောင်လေးပင်မြို့အတွင်းရှိ အခြေခံလူသုံးကုန်ပစ္စည်းနှင့် အိမ်သုံးဆေးဝါးများပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

      ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် အိမ်သုံးဆေးဝါးများဖြစ်သော အဖျားပျောက်ဆေး၊ နှာစေးပျောက်ဆေး၊ ပိုးသတ်ဆေး၊ အစာအိမ်ဆေး၊ ဓာတ်ဆား၊ လိမ်းဆေးအမျိုးမျိုး၊ အခြေခံစားသောက်ကုန်(၁၄)မျိုးဖြစ်သော ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ ကုလားပဲ၊ အာလူး၊ လူသုံးကုန်ပစ္စည်းများဖြစ်သော သွားတိုက်ဆေး၊ ကိုယ်တိုက်ဆပ်ပြာ၊ ဆပ်ပြာအမျိုးမျိုး၊ တစ်ကိုယ်ရည်သုံးသန့်ရှင်းရေးပစ္စည်းများရောင်းချသော စတိုးဆိုင်များနှင့် အိမ်သုံးဆေးဝါးဆိုင်များသို့သွားရောက်ကွင်းဆင်းကာ ပစ္စည်းများပြတ်လပ်မှုရှိ/မရှိစစ်ဆေးရာ ပြတ်လပ်မှုမရှိကြောင်းနှင့် ပုံမှန်အတိုင်း အ‌ရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ညောင်လေးပင်မြို့၊ ဘိုင်းဒါးကျေးရွာရှိ စားသောက်ကုန်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

      ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ဘိုင်းဒါးကျေးရွာရှိ၊ (ဖိုးရွှေလ) မုန့်မျိုးစုံလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်လျက်ရှိသောလုပ်ငန်းရှင်နှင့် (၂၄-၇-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

      ထိုသို့ စားသောက်ကုန်လုပ်ငန်းရှင်နှင့် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးတို့တွေ့ဆုံဆွေးနွေးရာတွင် မိမိတို့လုပ်ငန်းမှထုတ်လုပ်သော အစားအသောက်များအား ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ်ဖြင့်ထုတ်လုပ်နိုင်ရန်၊ FDA ၏ထောက်ခံချက်ရရှိစေရန် ဆောင်ရွက်နိုင်ရန်နှင့် အသေးစား၊ အလတ်စား၊ စက်မှုလက်မှုလုပ်ငန်းလိုင်စင်ရရှိရေး ဆောင်ရွက်ရန်၊ မိမိတို့လုပ်ငန်းတွင် အသုံးပြုရန်လျှောက်ထားသော စက်မှုလုပ်ငန်းသုံးစားအုန်းဆီများကို စားသောက်ကုန်လုပ်ငန်းတွင် အမှန်တကယ်သုံးစွဲမှုရှိ /မရှိစစ်ဆေးခြင်းနှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များရရှိရေး တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ဒိုက်ဦးမြို့နယ်တွင် ဆန်စက်ပိုင်ရှင်များနှင့် ဆန်လုပ်ငန်းရှင်များပူးပေါင်း၍ သက်သာသောဈေးနှုန်းဖြင့် ဆန်ရောင်းချပေးခြင်း

       ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဒိုက်ဦးမြို့နယ်အတွင်းရှိ ဆန်ကုန်သည်များ၊ ဆန်စက်လုပ်ငန်းရှင်တို့သည် (၂၃-၇-၂၀၂၄)ရက်နေ့၊ နံနက် (၀၇:၀၀)နာရီအချိန်မှ (၁၀:၀၀)နာရီအချိန်ထိ တစ်အိမ်ထောင်လျှင် ဆန်နှစ်ပြည်နှုန်း ရောင်းချမှုပြုလုပ်ပေးခဲ့ပါသည်။

       ဒိုက်ဦးမြို့နယ်အတွင်းရှိ ဆန်ဆိုင်နှင့် ဆန်သိုလှောင်ရုံတို့သည် နံနက် (၀၇:၀၀)နာရီအချိန်မှ (၁၀:၀၀)နာရီအချိန်ထိ ဆန်တစ်ပြည်လျှင် ၃၀၀၀ကျပ်ဖြင့် တစ်အိမ်ထောင်စုလျှင် ဆန်နှစ်ပြည်နှုန်း နေ့စဉ်ရောင်းချပေးလျက်ရှိကြောင်းသိရှိရသည်။ ထိုသို့ရောင်းချရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများက ကြီးကြပ်ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ရွှေကျင်မြို့အတွင်းရှိ စားအုန်းဆီ လက်လီ/လက်ကားရောင်းချသော ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် တာဝန်ရှိသူတို့သည်  ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၂၃ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ရွှေကျင်မြို့အတွင်းရှိ စားအုန်းဆီ လက်လီ/လက်ကားရောင်းချနေသော ကုန်စုံဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ ခွဲတမ်းရရှိသည့်ဆိုင်များအနေဖြင့် ဈေးနှုန်းကို အများမြင်သာသောနေရာများတွင် မြင်သာသောစာလုံးအရွယ်အစားများဖြင့် Vinyl ချိတ်ဆွဲထားရှိရန်၊ စားအုန်းဆီလက်လီ/ လက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများ၏ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချဖြန့်ဖြူးကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ညောင်လေးပင်မြို့အတွင်းရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

     စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၂၂ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ညောင်လေးပင်မြို့အတွင်းရှိ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များသို့သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်းမပြုလုပ်ကြစေရန်၊ သတ်မှတ်ထားသည့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့်ရောင်းချနိုင်ရန်နှင့် ဈေးနှုန်းများကို အများပြည်သူမြင်သာသောနေရာတွင် မြင်သာသည့်အရွယ်အစားဖြင့် ရေးသားဖော်ပြ၍ရောင်းချရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချခြင်းရှိ/ မရှိ၊ မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online) (MyRo) တွင် မှတ်ပုံတင်ထားခြင်းရှိ/မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာ မြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့်ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးကာ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါ သည်။

DOCA(ပဲခူး)

အုတ်တွင်းမြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ဇူလိုင်လ ၂၄ရက်နေ့၊ နံနက်ပိုင်းတွင် အုတ်တွင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်သည့် အုတ်တွင်းမြို့နယ်ရှိ ဌာဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်လာသော မြို့နယ်အဆင့် ဌာနဆိုင်ရာအရာရှိ များနှင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများ အသိပညာပေးဟောပြောခဲ့ပါသည်။

        ဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ အတွက် တားမြစ်ချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများမဖြစ်ပေါ်စေရေးအတွက် ဦးစီးဌာန၏ဆောင်ရွက်ချက်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများကိုဖတ်ရှုကြရန် အရေးကြီးပုံများ၊ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြထားသည့်အတိုင်း လိုက်နာသုံးစွဲကြရန်နှင့် စားသုံးသူနစ်နာဆုံးရှုံးမှုများကို တိုင်ကြားနိုင်ကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ တက်ရောက်လာသူများ၏ ဆွေးနွေးမေးမြန်းချက်များကို ခရိုင်ဦးစီးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စုစုပေါင်း ၈၀ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - HighLight News