Main menu

HighLight News

Powered by Drupal

မုဒုံမြို့နယ်၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အကြောင်း သိကောင်းစရာ (Talk Show) ဆွေးနွေးပွဲပြုလုပ်

    စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံသည်    (၂၁-၃-၂၀၂၄) ရက်နေ့တွင် မုဒုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အကြောင်း သိကောင်းစရာ Talk Show ကျင်းပပြုလုပ်ခဲ့သည်။

      ပထမဦးစွာ မုဒုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက Talk Show ကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ပေါ်ပေါက်လာပုံအကြောင်း၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အခမ်းအနားကို ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ မြန်မာနိုင်ငံတွင် “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” အထိမ်းအမှတ်အခမ်းအနားများကျင်းပနေမှုအခြေအနေများအကြောင်း၊ အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းမှုအခြေအနေများအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

မွန်ပြည်နယ်ဦးစီးမှူးသည် မွန်ပြည်နယ်ဆီလုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေး

       စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည်  (၂၀-၃-၂၀၂၄) ရက်နေ့တွင် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ မွန်ပြည်နယ်ဆီလုပ်ငန်းရှင်အသင်းနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

      ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံတော်အနေဖြင့် စားဆီဖူလုံရေးအတွက် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးခြင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိပြီး လိုအပ်သောစားဆီများကို ပြည်ပမှတင်သွင်းကာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ဖြန့်ခွဲပေးလျက်ရှိကြောင်း၊ ဆီလုပ်ငန်းရှင်များအနေဖြင့် မွန်ပြည်နယ်သို့ရောက်ရှိလာသော စားဆီများကို နေ့အလိုက် ရောက်ရှိ/ ဖြန့်ခွဲမှုလက်ကျန်စာရင်းများကို စနစ်တကျပြုစုထားရှိရန်လိုအပ်ကြောင်း၊ ပြည်နယ်အတွင်း စားဆီများဖြန့်ခွဲရာတွင်လည်း နေရာအနှံ့သို့ရောက်ရှိအောင် ဖြန့်ခွဲပေးရန်လိုအပ်ကြောင်း၊ ဈေးနှုန်းအနေဖြင့်လည်း ရည်ညွှန်းဈေးနှုန်းအပေါ်  ၂% ထက်မပိုသော ဈေးနှုန်းဖြင့်သာရောင်းချရန်၊ ဈေးနှုန်းများအဆမတန်မြှင့်တင်ရောင်းချခြင်းမပြုရန် ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

ကျိုက်ထိုမြို့နယ်စည်ပင်သာယာဈေး၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်   (၂၀-၃-၂၀၂၄) ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ကျိုက်ထိုမြို့၊ စည်ပင်သာယာမြို့မဈေး၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြပါသည်။         

      ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စည်ပင်သာယာမြို့မဈေးအတွင်း ရောင်းချနေသောကုန်စည်များမှာ စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/မရှိစစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး ဌာနအနေဖြင့် ပြည်သူများ နေ့စဉ်စားသောက်အသုံးပြုနေသော ကုန်စည်များ၊ စားသောက်ကုန်များကို ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရေး၊ စားသုံးသူအခွင့်အရေးအပြည့်အဝရရှိစေရေးတို့အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို မြို့နယ်အလိုက် ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

   

DOCA(မွန်)

ပြည်အရောင်းစင်တာသို့ UNECMM Vocational School မှ သင်တန်းသား/ သူများ လာရောက်လေ့လာ

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဒေသထုတ်ကုန်များကို တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်း ဝယ်ယူရရှိစေနိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ (၁၉-၁၁-၂၀၂၃) ရက်နေ့မှစ၍ ဖွင့်လှစ်ရောင်းချခဲ့ရာ ယခုအချိန်၌ (၄)လခန့်ရှိနေခဲ့ပြီဖြစ်ပါသည်။

       အသေးစား၊ အငယ်စား၊ အလတ်စား MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးနှင့် ထုတ်ကုန်များအား တန်ဖိုးမြှင့်ထုတ်လုပ်ခြင်း၊ စီပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ထုတ်ကုန်များကို ပိုမိုတိုးတက်ကောင်းမွန်အောင် ထုတ်လုပ်နိုင်ခြင်းအတွက်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါသည်။ ထိုသို့ဒေသထုတ်ကုန်များထုတ်လုပ်ရောင်းချသည့် အရောင်းစင်တာသို့ (၁၆-၃-၂၀၂၄) ရက်နေ့တွင် UNECMM Vocatiol School မှ သင်တန်းသား/ သင်တန်းသူ (၁၀၀) ကျော်လာရောက်လေ့လာခဲ့ကြပါသည်။ ထိုသို့လေ့လာရာတွင် UNECMM Vocational School မှ MD ဦးနိုင်ထက်လင်းက သင်တန်းကျောင်းမှ သင်တန်သားများအား ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဒေသထုတ်ကုန်များရောင်းချနေမှုကို သိစေချင်၍ လာရောက်လေ့လာစေခြင်းဖြစ်ကြောင်း၊ ဒေသထုတ်ကုန်များကို တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်း ဝယ်ယူရရှိနိုင်သဖြင့် အလွန်ပင်ကျေနပ်မိပါကြောင်းပြောကြားခဲ့ပြီး လိုအပ်ပစ္စည်းများကိုလည်း ဝယ်ယူအားပေးသွားကြပါသည်။  ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယခရိုင်ဦးစီးမှူး ဒေါ်အေးမျိုးရွှေကလည်း ပြည်အရောင်းစင်တာကို ပြည်မြို့၏ မြို့လယ်ဖြစ်သော ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်ရှေ့ရှိ ဗိုလ်ရှုခံအဆောက်အဦတွင် ပိတ်ရက်မရှိဘဲ နံနက် (၈း၀၀)နာရီအချိန်မှ ည(၈း၀၀)နာရီအချိန်ထိ မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ကြောင်း၊ ပဲခူးတိုင်းအတွင်းရှိ ဒေသထုတ်ကုန်များကို တစ်နေရာတည်းတွင် စုံလင်စွာရောင်းချပေးသည့်အတွက် လက်ဆောင်ပေးရန်သော်လည်းကောင်း၊ ကိုယ်တိုင်သုံးစွဲရန်အတွက်သော်လည်းကောင်း ဝယ်ယူနိုင်ကြောင်းပြောကြားခဲ့ပါသည်။

DOCA(ပဲခူး)

ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      ၂၀၂၄ခုနှစ်၊ မတ်(၂၁)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါကွပ်ကဲရေးဦးစီးဌာန၊ မိတ်ဖက်ဌာနများဖြစ်ကြသော  ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြပါသည်။

      ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်များမပါရှိသည့် တရားမဝင် ဆေးဝါးများနှင့် Online ပေါ်မှတစ်ဆင့် ဖြန့်ချိရောင်းချနေသော တရားမဝင်ဆေးဝါးများရောင်းချနေမှုရှိ/မရှိစစ်ဆေးခြင်း၊ သက်တမ်းကုန်လွန်သောဆေးဝါးများနှင့် ဆေးပစ္စည်းများရောင်းချနေမှုရှိ/မရှိစစ်ဆေးခြင်းနှင့် လူကြီးအာဟာရဖြည့်စွက်စာများတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသားများပါရှိမှုရှိ/မရှိစစ်ဆေးခဲ့ပြီးနောက်ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာများပြောကြားခဲ့ကြောင်းသိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ တင်ပို့ရောင်းချသည့် စားအုန်းဆီများ‌ရောက်ရှိ

      ၂၀၂၄ခုနှစ်၊ မတ်လ ၂၁ရက်‌နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ကမ်းနားလမ်းရှိ ရတနာဦးယာဉ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ထားဝယ်ခရိုင်ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းကိုထုတ်ပေးသည့် ယာဉ်မောင်း ဦးကျော်မြင့်၊  ယာဉ်အမှတ် 2G/4634 HINO မော်တော်ယာဉ်ဖြင့်  တင်ဆောင်လာသော စားအုန်းဆီ ၁ပေပါလျှင် ပိဿာ ၁၁၀ပါသည့် စားအုန်းဆီ ၉၃ပေပါရောက်ရှိလာခဲ့သဖြင့် တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးမှူးနှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြပါသည်။ အဆိုပါ စားအုန်းဆီ ၉၃ပေပါအား ထားဝယ်မြို့တွင်း အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင်ကုန်စုံဆိုင်အပါအဝင် အထိုင်ရောင်းချနေသည့် ဆီဆိုင် ၁၄ဆိုင်အနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်ူအတိုင်း ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

အုတ်ဖိုမြို့နယ်တွင် လုပ်ငန်းသုံးပစ္စည်းပြတ်လတ်မှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်

     ပြည်တွင်းထုတ်ကုန်ပစ္စည်းများနှင့်စပ်လျဉ်း၍ ပြည်တွင်း၌ စားနပ်ရိက္ခာဖူလုံရုံသာမက အခြားလူသုံးကုန်ပစ္စည်းများနှင့် စက်မှုလုပ်ငန်းသုံးပစ္စည်းများပြတ်လပ်မှုမရှိစေရေးတို့အတွက် နိုင်ငံတော်မှ အလေးထားဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအနေဖြင့်လည်း (၁၆-၃-၂၀၂၄) ရက်နေ့တွင် အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့ရှိ လူသုံးကုန်ပစ္စည်းထုတ်လုပ်လျက်ရှိသော စက်ရုံသို့သွားရောက်ကာ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြပါသည်။

    ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် အေးမြသာယာမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပူးပေါင်းအဖွဲ့ဝင်များနှင့်အတူ CMP အထည်ချုပ်စက်ရုံသို့ သွားရောက်စစ်ဆေးခဲ့ပါသည်။ စက်ရုံတွင် လုပ်သားအင်အား (ကျား) ၁၄၈ဦး၊ (မ) ၁၁၄၄ဦး၊ စုစုပေါင်း(၁၂၉၂)ဦးဖြင့် နေ့စဉ်လုပ်ငန်းလည်ပတ်လျက်ရှိကြောင်း၊  ထုတ်လုပ်သည့်ပမာဏအနေဖြင့် တစ်လလျှင် အထည်ပေါင်း (၇၅၁၄၃) ထည်ခန့်ထုတ်လုပ်နိုင်ပြီး ပြည်ပနိုင်ငံများဖြစ်သော ဂျပန်၊ ဗီယက်နမ်၊ ဩစတီးယားနိုင်ငံများနှင့် ဘရာဇီးနိုင်ငံများသို့တင်ပို့ကြောင်း၊ စက်ရုံတွင် ကုန်ကြမ်းပြတ်လပ်မှုလုံးဝမရှိကြောင်း၊ လျှပ်စစ်မီးအခက်အခဲနှင့် လုပ်သားအင်အားရှားပါးမှုအခက်အခဲများရှိကြောင်း စက်ရုံ၏ တာဝန်ရှိသူတစ်ဦး၏ ရှင်းလင်းပြောကြားချက်များအရသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်အတွင်းရှိ လုပ်ငန်းရှင်များအား ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းမှန်ကန်ပြည့်စုံစွာဖော်ပြမှုရှိစေရေး ရှင်းလင်းဆွေးနွေး

      စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူများအားလုံး ကုန်စည်နှင့်ဝန်ဆောင်မှုများကိုဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေးအတွက် ခရိုင်အတွင်းရှိ  ထုတ်လုပ်လျက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြမှုရှိစေရေး ရည်ရွယ် ဆောင်ရွက်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၄ခုနှစ်၊ မတ်လ (၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်း ပြည်မြို့အနောက် မြို့ပတ်(၁)လမ်း၊ မြို့သစ်ရပ်ကွက်ရှိ ဒေါ်ချိုတူး၏ တက်တိုးအိမ်ဆောက်ပစ္စည်းအရောင်းဆိုင်သို့လည်းကောင်း၊ အနောက်မြို့ပတ် (၂)လမ်း၊ မြို့သစ်ရပ်ကွက်ရှိ ဦးမင်းထက်လွင်၏ နန်းမြင့်အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်သို့လည်းကောင်း၊ အနောက်မြို့ပတ် (၂)လမ်း၊ မြို့သစ်ရပ်ကွက်ရှိ ဦးရဲကျော်မြင့်၏ အောင်ဖြိုးအိမ်ဆောက်ပစ္စည်းအရောင်းဆိုင်သို့လည်းကောင်း၊ ဘုရင့်နောင်လမ်းမကြီး၊ ဂိတ်ကြီးဝန်းဆိုင်ခန်းရှိ ဦးအောရန်း၏ ဘရူနိုင်းအိမ်ဆောက်ပစ္စည်း အရောင်းဆိုင်သို့လည်းကောင်း၊ ကျောင်းကြီးအိုးတန်းရပ်ကွက်ရှိ ဒေါ်ခင်သန်း၏ ဆီရောင်းဝယ်ရေးသို့လည်းကောင်း၊ ရွှေတောင်မြို့တွင် ရန်ကုန် - ပြည်လမ်း၊ ကြာနီကန်ရပ်ကွက်ရှိ ဦးလေးနိုင်၏ ဟင်္သာဆန်စက်သို့လည်းကောင်း၊ လမ်းမတော်လမ်း၊ ယွန်းတန်းရပ်ကွက်ရှိ ဦးမျိုးသိန်း၏ ဒေါ်ခင်မြင့်ဆီစက်သို့လည်းကောင်း၊ ပန်းတောင်းမြို့တွင် ဥသျှစ်ပင်လမ်းဆုံရှိ ဒေါ်ခင်မျိုးနိုင်၏ ထူးစက်သုံးဆီဆိုင်နှင့် ဦးထွန်းထွန်းစိုး၏ ဘုန်းသစ်နေစက်သုံးဆီဆိုင်များသို့လည်းကောင်း၊ ဥသျှစ်ပင်လမ်းမတော်ရှိ ဦးဝင်းထက်၏ ဘရဏီစက်သုံးဆီဆိုင်သို့လည်းကောင်း၊ ပေါက်ခေါင်းမြို့တွင် အမှတ် (၂)ရပ်ကွက်ရှိ ဦးဇင်ဦးဆီစက်သို့လည်းကောင်း၊ အမှတ် (၃)ရပ်ကွက်ရှိ ဒေါ်အေးသိရိရွှေ၏ ရွှေကမ္ဘာကုန်စုံဆိုင်သို့လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသွားရောက်၍ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချင်အတွယ်၊ ပမာဏနှင့် အမျိုးအစားများမှန်ကန်စွာဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ စီးပွားရေး ကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ထုတ်လုပ်ရောင်းချမှုရှိစေရေး၊ ကုန်စည်အလိုက်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ၊ ပြည့်စုံမှန်ကန်စွာဖော်ပြမှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်းကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများနှင့်အတူ အရေးယူဆောင်ရွက်မှုများပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အထူးအလေးထား လိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကိုသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိ

ပြည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှုအခြေအနေတို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်းကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၄ခုနှစ်၊ မတ်လ (၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်း ပြည်ခရိုင်၊ ပြည်မြို့၊ မြို့သစ်ရပ်ကွက်ရှိ ကုန်စုံဆိုင်များနှင့် မြို့ပေါ်စတိုးဆိုင်များသို့ အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်အမျိုးမျိုးကိုလည်းကောင်း၊ ရွှေတောင်မြို့တွင် မြို့မဈေးကုန်စုံဆိုင်များနှင့် စံပြရပ်ကွက်ရှိ ကုန်စုံဆိုင်များသို့ အသင့်ဖျော်ကော်ဖီ၊ လက်ဖက်ရည်အမျိုးမျိုးနှင့် စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း၊ ပန်းတောင်းမြို့တွင် မြို့ပေါ်ကုန်စုံဆိုင်များ၊ ပန်းတောင်းဈေးနှင့် ထုံးဘိုဈေးများသို့ အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်အမျိုးမျိုးကိုလည်းကောင်း၊ ပေါက်ခေါင်းမြို့တွင် မြို့မဈေးသို့ အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်အမျိုးမျိုးကိုလည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို သက်ဆိုင်ရာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသွားရောက်၍ ကုန်အညွှန်းအမှတ်အသားပါ သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိသော ကုန်စည်များကို တင်သွင်းရောင်းချခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းနှင့် စောင့်ကြည့်စစ်ဆေးခဲ့သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်ကိုက်ညီမှုရှိကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)

ပြည်ခရိုင်အတွင်း စားသုံးသူကာကွယ်ရေးဆိုင်ရာ Talk Show ပွဲများ ဟောပြောဆွေးနွေး

စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရပ်ကွက်/ ကျေးရွာနေ စားသုံးသူပြည်သူများနှင့် တိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ်များဖြစ်သော ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးရည်ရွယ်၍ ခရိုင်အတွင်းမြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာများနှင့် အခြေခံပညာကျောင်းများတွင် အသိပညာပေးဟောပြောဆွေးနွေးခြင်းများကို အင်တိုက်အားတိုက်လုပ်ဆောင်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၄ခုနှစ်၊ မတ်လ (၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်း ပြည်မြို့နယ်၊ ရွှေတောင်မြို့နယ်၊ ပန်းတောင်းမြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ်တို့၌ မြို့နယ်တာဝန်ခံများနှင့် ဝန်ထမ်းများသည် မြို့နယ်ပြန်ဆက်ရုံးနှင့်ပူးပေါင်းကာ စားသုံးသူအသိပညာပေး (Talk Show) ပြုလုပ်၍ ဟောပြောဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာမြို့နယ်တာဝန်ခံများက စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များ၊ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့်ပုဂ္ဂိုလ်များနှင့် နည်းလမ်းများ၊ တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့်လိပ်စာ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟု တားမြစ်ထုတ်ပြန်ထားသော ကုန်စည်များကို ရွေးချယ်ဝယ်ယူခြင်းမပြုရန်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန်လိုအပ်ကြောင်း အသိပညာပေးဟောပြောဆွေးနွေးမှုများအရသိရှိရပါသည်။
DOCA(ပဲခူး)

Pages

Subscribe to RSS - HighLight News