မြန်အောင်မြို့နယ် စားအုန်းဆီအရောင်းဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း
စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍(၁၁.၁၁.၂၀၂၄)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ မြို့မနေခြည်ဈေး၊ ဆန်နီချောင်နှင့်ထန်းသုံးပင်ကျေးရွာရှိ စားအုန်းဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားအုန်းဆီလက္ကားကိုယ်စားလှယ်ထံမှ ၇၃၀၀/-ကျပ်ဖြင့် ဝယ်ယူရရှိပြီး၊ အမြတ် ၂%နှင့်သယ်ယူစရိတ်ပေါင်းကာ တစ်ပိဿာလျှင် (၇၅၅၀/-)ကျပ်ဖြင့် မိမိတို့ ကျေးရွာ၊ ရပ်ကွက်အတွင်း ရောင်းချလျက်ရှိကြောင်း စိစစ်တွေ့ရှိရပါသည်။ ထို့အပြင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/ ၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသောကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးဆီရောင်းချသောလုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများတွေ့ရှိပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအရ အရေးယူဆောင်ရွက်နိုင်သည့်အကြောင်း စသည်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး၊ကုန်စုံဆိုင်(၈)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)