Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးနေဝေယံဦး (လ/ထညွှန်ကြားရေးမှူး)နှင့် အဖွဲ့သည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ အွန်လိုင်းမှတ်ပုံတင်ရာတွင် ဖော်ပြထားသည့်အချက်များ ကိုက်ညီမှု ရှိ/မရှိ၊ လုပ်ငန်း လိပ်စာမှန်ကန်မှု ရှိ/မရှိတို့ကို (၂၃..၂၀၂၆) ရက်နေ့၊ နံနက်(၁၁:၄၅) နာရီအချိန်တွင် နယ်မြေ (၁၁)၊ အောင်ဇမ္ဗူရပ်ကွက်၊ ဇမ္ဗူသီရိ မြို့နယ်ရှိ “Happy Animal Pet Clinc, Food and Accessories Shop ” တိရိစ္ဆာန်နှင့် တိရိစ္ဆာန်မွေးမြူရေးလုပ်ငန်းသုံးပစ္စည်းများ ရောင်းချသည့်ဆိုင်သို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည်များ      မေးမြန်းခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှုနှင့် ပတ်သက်၍လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး အသိပညာပေးဟောပြောခဲ့‌ကြောင်း သိရှိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းအား အသိပညာပေး Talk Show  ပြုလုပ်ခြင်း

    ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗိုလ်တထောင်မြို့နယ်တာဝန်ခံ ဒေါ်မိုးမိုးကြည်သည်(၂၃.၃.၂၀၂၆)ရက်နေ့၊ နံနက်(၀၉း၃၀)နာရီအချိန်တွင် ဗိုလ်တထောင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် “ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်မှုသိကောင်းစရာများအား”  အသိပညာပေး Talk show ပြုလုပ်ခဲ့ပါသည်။

         ထိုသို့ပြုလုပ်ရာတွင် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ မြေပြင်ကွင်းဆင်းဆောင်ရွက်နေသည့် အကြောင်းအရာများ၊ ကုန်စည်များ ထုတ်လုံဖြန့်ဖြူးရောင်းချမည်ဆိုပါက ၂၀၁၉ စားသုံးသူ ကာကွယ်ဥပဒေပါ စီးပွားရေးလုပ်ငန်းများ၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို ထည့်သွင်းဖော်ပြပေးရန်လိုအပ်ကြောင်းနှင့် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မိမိထုတ်လုပ်သော ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ မဖြစ်မနေထည့်သွင်းဖော်ပြရမည့် အချက်များနှင့် ဖော်ပြရာတွင်လည်း သိသာထင်ရှားစွာ ဖော်ပြရမည်ဖြစ်ကြောင်းကို ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ ညွှန်ကြားချက်များအကြောင်း အရာများကိုအကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ စားသုံးသူ၏အခွင့်အရေးများ ထိခိုက်နစ်နာပါက စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)အပါအဝင်အခြားတည်ဆဲဥပဒေများနှင့်အညီ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း၍ စားသုံးသူတိုင်ကြားမှုများကို (www.doca.gov.mm)   ၊  Facebook Pages ၊  Messenger နှင့် Consumer Call Center Hotline 1535 တို့ကို တိုင်ကြားနိုင်သည့်အကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

“ ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြနိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်း"

         ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် အမှတ် (၉၈/B)၊ အောင်ချမ်းသာအိမ်ရာရှိ ကွတ်ကီးနှင့် ကိတ်ခြောက်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည့် လုပ်ငန်းအား ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများတွင် မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိအား စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်မှူး ဦးဦးသိန်းမောင်နှင့် ဝန်ထမ်းများသည် မတ်လ(၂၀)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

       မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ကိတ်ခြောက်နှင့် ကွတ်ကီးများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စားသောက်ကုန်လုပ်ငန်းအား ၎င်းထုတ်ကုန်ဖြန့်ဖြူးရောင်းချလျက်ရှိသည့် ကုန်စည်များအပေါ်တွင် ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင်လည်း ကုန်စည်အုပ်စုအမျိုးအစားအလိုက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါအတိုင်း မဖြစ်မနေဖော်ပြရမည့် အချက်အလက်များအား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေရေး သားဖော်ပြပြီးမှသာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းပြုလုပ်ရန်၊ လိုက်နာဆောင်ရွက်ခြင်းမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအား အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ တွံတေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးမှူးရုံးတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ”

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးမှူးရုံး၌ မတ်လ(၂၀)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူဝင်းက ကျောင်းနေအရွယ် လူငယ်လေးများအနေဖြင့် အသိဉာဏ်ပညာ ဗဟုသုတများ ပိုမိုရရှိစေရန်၊ ဘက်စုံဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သားကောင်း လူငယ်လူရွယ်လေးများ ဗဟုသုတပြည့်စုံပြီး အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ယခုလို အသိပညာပေးလုပ်ငန်းများအား သက်ဆိုင်ရာဌာနများအနေဖြင့် ပူးပေါင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားပေးခဲ့ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးသန်းနိုင်က စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များ၊ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ ၄၁၊ ပုဒ်မခွဲ (ခ)နှင့်(ဆ)တို့ပါ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်မှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး(သို့) ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့)တစ်ခု ထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြပါရှိရမည်ဖြစ်ကြောင်း စသည့်စားသုံးသူကာကွယ်ရေး အသိပညာဗဟုသုတများအား အကျယ်တဝင့် ရှင်းလင်းဟောပြောပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ် မစန်းကျေးရွာအုပ်စုတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ”

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ ကုန်စည်နှင့်ဝန်ဆောင်မှုများအား ဝယ်ယူအသုံးပြုရာတွင် ဘေးဥပဒ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် မတ်လ(၂၀)ရက်နေ့၊ ညနေ(၁၀:၃၀)နာရီအချိန်တွင် ကော့မှူးမြို့နယ်၊ မစန်းကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          အဆိုပါ အသိပညာဟောပြောပွဲခဲ့ရာတွင် မစန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှိုင်သင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကော့မှူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းက စားသုံးသူကာကွယ်ရေးဥပဒေကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၉ ခုနှစ် မတ်လ (၁၅)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၉)အရ အတည်ပြုပြဌာန်းခဲ့ပြီး ၎င်းဥပဒေတွင်ပါဝင်သော စားသုံးသူအခွင့်အရေးများဖြစ်သော လုံခြုံစိတ်ချစွာဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ခွင့်၊ သတင်းအချက်အလက် ပြည့်စုံစွာရရှိနိုင်ခွင့်၊ မိမိစိတ်ကြိုက်ရွေးချယ်နိုင်ခွင့်၊ အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုရရှိခွင့်၊ နစ်နာဆုံးရှုံးမှုများအတွက် ပြောဆိုတင်ပြကြားနာနိုင်ခွင့်၊ စားသုံးသူရေးရာကိစ္စနှင့်ပတ်သတ်၍ သိရှိလေ့လာနိုင်ခွင့်၊ ထိခိုက်နစ်နာမှုများအတွက် လျော်ကြေးရပိုင်ခွင့်၊ ကောင်းမွန်သန့်ရှင်းသော ပတ်ဝန်းကျင်ကိုရရှိနိုင်ခွင့် စသည့်အချက်များအား ကျေးရွာနေပြည်သူများ သိရှိနိုင်ရန်နှင့် စားသုံးသူ၏ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍ စားသုံးသူပြည်သူများ၏ အကျိုးစီးပွားကို ကာကွယ်ပေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား မျှတမှုရှိသော သတ်မှတ်ဆောင်ရွက်ပေးသည့် ကော်မရှင်နှင့်ကော်မတီ အဆင့်ဆင့်တို့၏ လုပ်ငန်းစဉ်များအကြောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေး ဟောပြောပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

             ရှမ်းပြည်နယ်(တောင်ပိုင်း)စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံး(အောင်ပန်း) မှ ခရိုင်ဦးစီးမှူး ဦးမြင့်နိုင် နှင့် ဝန်ထမ်းများသည် ၂၀၂၆ခုနှစ်၊ မတ်လ ၁၉ရက်နေ့၊ နံနက် ၁၀:၀၀နာရီ အချိန်တွင် အောင်ပန်းမြို့ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေး နှင့်‌လေ့ကျင့်ရေး ဦးစီးဌာန၊ နယ်စပ် ဒေသတိုင်းရင်းသား လူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းရှိ ကျောင်း ဆရာ၊ ဆရာမ များ နှင့် သင်တန်းသား  (၂၅)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

            အဆိုပါဟောပြောပွဲတွင် ခရိုင်ဦးစီးမှူး မှ တက်ရောက်လာသော သင်တန်းကျောင်း ဆရာ၊ ဆရာမများ နှင့် သင်တန်းသားများကို စားသုံးသူကာကွယ်ရေး ဟောပြောပွဲ ဆောင်ရွက်ရခြင်း၏ ရည် ရွယ်ချက်ကိုလည်းကောင်း၊ စားသုံးသူ၏အဓိပ္ပာယ်၊ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်တို့အားဟော ပြောခဲ့ကြောင်း၊ စားသုံးသူအခွင့်အရေး (၈)ချက် နှင့် လိုက်နာရမည့် တာဝန်များအကြောင်း၊ စားသုံး သူများသည် ကုန်စည် နှင့် ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုရာတွင် စားသုံးသူအခွင့်အရေး များ နစ်နာ ဆုံးရှုံးမှု ရှိခဲ့လျှင် တိုင်ကြားနိုင်မည့်နည်းလမ်းများ၊ ပြစ်မှုပြစ်ဒဏ်များ စသည့်အကြောင်းအရာ များ ဟောပြောဆွေးနွေးခဲ့ကြောင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(ရှမ်း)

ပန်းတနော် ဆန်စက်လုပ်ငန်းသို့ ဆန်၊ စပါး ဝယ်ယူနေမှု စပါး/ဆန်လက်ကျန်အခြေအနေများ ကွင်းဆင်းစစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်မှ မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်နှင့် ဝန်ထမ်းများသည် မိတ်ဖက်အဖွဲ့အစည်းဖြစ်သော စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၇..၂၀၂) ရက်နေ့ နေ့လယ်  (၁၅း၀၀) နာရီအချိန်တွင် ပန်းတနော်မြို့နယ် ဒေါဝါးကျေးရွာရှိ ဦးအေးထွန်း ဆန်စက်သို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းလေ့လာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

            အဆိုပါ ကွင်းဆင်းလေ့လာမှုတွင် ပန်းတနော်မြို့နယ်၊ မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်မှ  အေးထွန်း  (ထွန်းတောက်) ဆန်စက်ပိုင်ရှင် တို့တွေ့ဆုံ၍ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ MSME လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊   ပန်းတနော်မြို့နယ်၏ ဆန်၊စပါး ဈေးကွက်အခြေအနေ၊ ရန်ကုန်သို့ ဆန်တင်ပို့နိုင်မှု အခြေအနေများရှိပါက  ကုန်တင်ပိုလွှာနှင့်အတူ ဆန်စက်မှ ထွက်ရှိသောဆန်များကို ပန်းတနော်မြို့နယ် တာဝန်ခံရုံးသို့ နေ့စဉ်ပေးပို့ရန် ထွက်ရှိမှုကို စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်သို့ ပေးပို့ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်နိုင်ရန်ကိုလည်းကောင်း၊ ဆန်စက်မှ လက်ရှိစပါးဝယ်ယူမှုအခြေအနေများကိုမေးမြန်းခြင်း  ဆန်စပါးလုပ်ငန်း၏ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်စက်တွင် လက်ရှိ ဧည့်မထ စပါး လက်ကျန် ၄၀၀၀ တင်းရှိပြီး ဆန်အိတ် ၇၀၀ အိတ်ရှိကြောင်းနှင့် နေစဉ် ၁၅တန်ကျ ကြိတ်ခွဲလည်ပတ်ကာ ဒေသတွင်းသို့ ရည်ညွှန်းဈေးဖြင့် ရောင်းချနေပြီး ရန်ကုန်သို့လည်း ဆန်/ဆန်ကွဲ အနည်းငယ် တင်ပိုလျက်ရှိကြောင်း သိရပြီး စပါး/ဆန်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် myro တွင် ရထုတ်ကျန်စာရင်းများကို လစဉ် လဆန်း ၇ရက်နေ့တွင် မဖြစ်မနေဖြည့်သွင်း ဆောင်ရွက်နိုင်ရန်ကို အကျယ်တဝင့် ဆွေးနွေးအသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

DOCA(ဧရာဝတီ)

စားသုံးသူအခွင့်အရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ရွေးချယ်ဝယ်ယူတတ်စေဖို့ ဂန့်ဂေါမြို့ရှိ ပြည်သူများသို့ အသိပညာပေးကြစို့

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးအနေဖြင့် မြို့နယ် တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဇာဇာချိုဦးနှင့် အကြီးတန်းစာရေး ဒေါ်ခင်နွဲ့ဝင်းတို့သည် ၂၀၂၆ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ကျရောက်သည့်ကမ္ဘာစားသုံးသူအခွင့်အရေးများနေ့အား ကြိုဆိုဂုဏ်ပြု သောအားဖြင့် စားသုံးသူပြည်သူများအား အခွင့်အရေးနှင့် တာဝန်များသိရှိစေရန်၊ စားသုံးသူပြည်သူ များ အခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ရန်ရည်ရွယ်၍ (၁၁..၂၀၂၆)ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် ဂန့်ဂေါခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဖွင့်လှစ်သင်ကြား လျက်ရှိသည့် အခမ်းအနားမှူးသင်တန်း၌ သင်တန်းသား/သင်တန်းသူ (၄၅)ဦးတို့အား စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

ရှေးဦးစွာ ဂန့်ဂေါခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးက ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားပြီး မြို့နယ်တာဝန်ခံကဆွေးနွေးရာတွင် ဌာန၏သမိုင်းကြောင်း၊ ဆောင်ပုဒ်နှင့် မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်းအား ရှင်းလင်းပြီး စားသုံးသူကာကွယ် ရေးဥပဒေ (၂၀၁၉)ပါဝင်သည့် စားသုံးသူအခွင်အရေးနှင့်တာဝန်များ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ၊ တိုင်းကြားခြင်းအကြောင်းနှင့် စားသုံးသူ ပြည်သူများအတွက် ကုန်စည်(သို့)              ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း၊ တိုင်ကြား မေးမြန်းရန်အတွက် (Consumer Call Center)အား ဖွင့်လှစ်ထားကြောင်းနှင့် (Consumer Call Center) သို့ ခေါ်ဆိုနိုင်သည့် နံပါတ် (၁၅၃၅) အားခေါ်ဆို၍ သိလိုသည်များ တိုင်ကြားလိုသည် များကို မေးမြန်းတိုင်ကြားနိုင်ပါကြောင်း အသေးစိတ်ဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေ ခဲ့ပါသည်။

DOCA(မကွေး)

စက်မှုလုပ်ငန်းများအား  ကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ပန်းတနော်မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ခရိုင်စက်မှုလက်မှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်းကာ (၁..၂၀၂) ရက်နေ့ နံနက်(၁၀း၀၀) နာရီအချိန်တွင် ပန်းတနော်မြို့ပေါ်ရှိ ရန်ကုန်-ပုသိမ်ကားလမ်းမဘေးရှိ ကိုချစ်ဖွယ်၊ မကြည်ကြည်ဝင်း လယ်ယာသုံးပစ္စည်း ထုတ်လုပ်ရေးစက်မှုလုပ်ငန်းသို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးဦးဇော်မင်းမှ လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ လုပ်ငန်းထုတ်လုပ်လည်ပတ်မှု အခြေအနေများကို လေ့လာကြည့်ရှုစစ်ဆေးခဲ့ပြီး၊ လယ်ယာသုံးစက်ပစ္စည်းများကို ပြုပြင်ထုတ်လုပ်သော စက်မှုလုပ်ငန်းဖွံဖြိုးတိုးတက်ရေးအတွက်  တောင်သူလယ်သမားများ၏ လယ်ယာစိုက်ပျိုး ထုတ်လုပ်ရေးလုပ်ငန်းများကို ခေတ်မီစက်မှုလယ်ယာစနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်နေသောလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအကြောင်း ဆွေးနွေးခဲ့သည်။  ပြည်တွင်းမှလယ်ယာသုံး စက်ကိရိယာများ တင်သွင်းထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီများ၊ အခြားလုပ်ငန်းရှင်များက သမဝါယမစနစ်ကို အခြေခံပြီး အတူတကွပူးပေါင်းဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်တာဝန်များအကြောင်းကို လည်းကောင်း၊ ကုန်စည်၊ ဝန်ဆောင်မှု လုပ်ငန်းအကြောင်းကိုလည်းကောင်း သိရှိလိုက်နာဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စက်သုံးဆီဆိုင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များအား အသိပညာပေးဆောင်ရွက်

           စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိသူများသည် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်၊ကုန်စည်များဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ၁၇.၃.၂၀၂၆ ရက်နေ့တွင် ပန်းတနော်မြို့ရှိ စက်သုံးဆီဆိုင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် အသိပညာ ပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ထိုသို့အသိပညာပေးဆောင်ရွက်ခဲ့ရာတွင် မြို့နယ်ဦးစီးမှူးက  စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များဖြစ်သည့် စားသုံးသူကို ခွဲခြားမှုမရှိဘဲဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့် အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပွားစေမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကိုတိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်း စသည့်အချက်များ၊ စက်သုံးဆီ ဈေးနှုန်းတည်ငြိမ်စေရေး၊ အချိုးကျရောင်းချပေးမှု အခြေအနေများနှင့် လိုင်စင်ဆိုင်ရာ ကိစ္စရပ်များအတွက်ဆွေးနွေးခြင်း၊ စက်သုံးဆီ အရောင်းဆိုင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း လုံးဝမပြုလုပ်ရန်နှင့် သတ်မှတ်ဈေးနှုန်းအတိုင်းသာ ရောင်းချရန် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနမှ ၂၀၂၆ ခုနှစ်၊ မတ်လအတွင်း အသိပေး ထုတ်ပြန် ထားခြင်း ရှိပါကြောင်း မတ်လအတွင်း စုံ/မ ရက်ခွဲ၍ သတ်မှတ်စည်ကမ်းနှင့်အညီ ရောင်းချပေးနိုင်ရေး  မြို့နယ်အတွင်း စက်သုံးဆီဆိုင်များ ပုံမှန်ရောင်းချပေးနိုင်ရေး ကိုဆွေးနွေးပြီး သတ်မှတ်ချက်များနှင့်အညီ စနစ်တကျရောင်းချရန်၊ လုပ်ငန်းလိုအပ်ချက်များရှိပါက သက်ဆိုင်ရာဌာနများနှင့် အတူ တင်ပြဆောင်ရွက်သွားနိုင်ရေးတို့ကို ဆွေးနွေးပြီး  သတ်မှတ်ချက်နှင့် အညီ မရောင်းချပါက သက်ဆိုင်ရာဥပ‌ဒေနှင့် အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ