Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

 မုံရွာမြို့ပေါ်ရှိ အလှကုန်နှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များသို့ Mistine အလှကုန်ပစ္စည်းများနှင့်ပတ်သက်၍ စစ်ဆေးခြင်း

          ထိုင်းနိုင်ငံရှိ Better Way (Thailand) Co,Ltd မှ ထုတ်လုပ်သည့် Mistine အလှကုန် ပစ္စည်းများကို Thiri Cosmetic Co,Ltd သည် မြန်မာနိုင်ငံ၏ တစ်ဦးတည်းကိုယ်စားလှယ် အဖြစ် FDA ထောက်ခံချက်များဖြင့် Hologram (ရောင်ပြန်) စတစ်ကာနှင့် မြန်မာစာ Labelling ကပ်၍ ဈေးကွက်အတွင်းသို့ တရားဝင်ဖြန့်ဖြူးရောင်းချလျှက်ရှိပါကြောင်း၊ ကုမ္ပဏီအနေဖြင့်  ယခုအခါ ဈေးကွက်တွင် Mistine အလှကုန်ပစ္စည်းများကိုတုပ၍ တရားမဝင် ဖြန့်ဖြူးရောင်းချနေသည့် ပစ္စည်းများ တွေ့ရှိရကြောင်း၊ ထိုသို့ တရားမဝင်ရောင်းချနေသည့် ပစ္စည်းများတွင် Hologram (ရောင်ပြန်)စတစ်ကာနှင့် မြန်မာစာLabelling ကပ်နှိပ်ထားခြင်းမရှိသည့်အတွက် လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်ပါရန် စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်သို့ တင်ပြလာပါသည်။

             စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  အဆိုပါကိစ္စနှင့်ပတ်သက်၍ ဈေးကွက်အတွင်းရောင်းချနေသည့် Mistine အလှကုန်ပစ္စည်းများကို မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်း ရှိ/ မရှိ၊ FDA ထောက်ခံချက်များဖြင့် ဖြန့်ဖြူး ရောင်းချနေခြင်း ဟုတ်/မဟုတ် စိစစ်၍ ပြန်လည်တင်ပြရန် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြား လာမှုကြောင့် မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၂၂.၇.၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၁)ဦးတို့သည့် မိတ်ဖက်ဌာနဖြစ်သော တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဝန်ထမ်း(၂)ဦးနှင့်အတူ မုံရွာမြို့ပေါ်ရှိ အလှကုန်နှင့် လူသုံးကုန်ပစ္စည်း အရောင်းဆိုင် (၆) ဆိုင်သို့ သွားရောက်၍ စစ်ဆေးခဲ့ရာ Mistine အလှကုန်ပစ္စည်းများတွင် Hologram (ရောင်ပြန်)စတစ်ကာနှင့် မြန်မာစာ Labelling များ ကပ်နှိပ်ထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကော့ကရိတ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် ပေါင်းစပ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ Talk Show ပြုလုပ်

           ကရင်ပြည်နယ်၊  ကော့ကရိတ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတွင် စားသုံးသူရေးရာအသိပညာပေးဆွေးနွေးပွဲ Talk Show ကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်စားသုံးသူရေးရာဦးဌာနတို့ ပူးပေါင်း၍ ၂၆-၇-၂၀၂၂ ရက်နေ့  နံနက်(၁၀:၀၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။

            ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်မျိုးအေးက စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ Talk Show ပြုလုပ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ကော့ကရိတ်ခရိုင်၊ ခရိုင်ဦးစီးမှူးဦးသက်လွင်က ဌာန၏ မျှော်မှန်းချက်ဖြစ်သော “စားသုံးသူများလုံခြုံစိတ်ချမှုရှိစေ ရန်” အတွက် ဌာနမှအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စားသုံးသူကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စားသုံးသူကာကွယ်ရေးဉပဒေ အခန်း(၁၈) ပါ ပုဒ်မ(၄၃)အရ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်များပေါ်တွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရမည် ဖြစ်ကြောင်းနှင့် ကုန်စည်များပေါ်တွင် အဓိကပါဝင်ရမည် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်များစသည် ကုန်အညွှန်းအမှတ်အသားဆိုင်ရာဖော်ပြခြင်းနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့်အချက်များကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

            စားသုံးသူရေးရာဌာနသည် စားသုံးသူများလုံခြုံစိတ်ချရမူရှိစေရန်နှင့် စားသုံးသူအခွင့်အရေး အပြည်အဝရရှိစေရန်အတွက် အသိပညာပေးဟောပြောခြင်း၊ စစ်ဆေးခြင်း ၊ ကုန်အညွှန်းအမှတ်အသား လျှောက်ထားမူများ စစ်ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် စားသုံးသူနစ်နာမူများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမူလက်ခံဆောင်ရွက်ရေးစင်တာ CICC ရုံးဖွင့်လှစ်၍ စားသုံးသူကာကွယ်ရေး ကိစ္စရပ်များ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ပြန်ကြားရေးဦးစီးဌန နှင့်ပူးပေါင်း၍   Online Talk Show ပြုလုပ်၍ စားသုံးသူအသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ကရင်)

         

မောင်တောမြို့ အမှတ်(၆)အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း

          စားသုံးသူရေးရာဦးစီးဌာန ရခိုင်ပြည်နယ် မောင်တောမြို့နယ်တာဝန်ခံရုံးမှ ဦးလှကျော်သန်း (ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ဇူလိုင်လ(၂၆)ရက် နံနက်(၁၁:၀၀)အချိန်တွင် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ပေါ်ရှိ အမှတ်(၆)အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါဟောပြောပွဲတွင် တက်ရောက်လာသော ကျောင်းသား/သူ (၅၀)ဦးအား မောင်တောမြို့နယ်တာဝန်ခံရုံးမှ ဦးလှကျော်သန်း (ဒု-ဦးစီးမှူး)က ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အစားအသောက်နှင့် ကုန်စည်များကို စနစ်တကျ ရွေးချယ်ဝယ်ယူစားသောက်သုံးစွဲတတ်စေရေး အတွက် ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်အလက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရခိုင်)

လွိုင်ကော်မြို့ပေါ်ရှိ စက်သုံးဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

            စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၂၆) ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်ရှိ လာဘ်မီးအိမ် စားသောက်ဆိုင်၌ စက်သုံးဆီဖွင့်လှစ်ရောင်းချနေမှု အခြေအနေများနှင့် စပ်လျဉ်း၍  စက်သုံးဆီ လုပ်ငန်းရှင်(၁၀)ဦးနှင့် တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမြင့်အောင်က စက်သုံးဆီလုပ်ငန်းရှင်များအနေဖြင့် စက်သုံးဆီနှင့်စပ်လျဉ်း၍ လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းမှု ရှိစေရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်ဆီးမှု မရှိစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဆောင်ရွက်ရမည့်အစီအမံများ ကိုလည်း သတိပြုဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်း များကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ထားသော စံချိန်စံညွှန်းအရည်အသွေးနှင့် အချိန်အ တွယ်ပြည့်မီမှန်ကန်မှုရှိရန်လည်း လိုအပ်ပါကြောင်း၊ စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူး ခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီမှ သတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်းသာ ရောင်းချ ကြရန်လိုကြောင်း၊ စက်သုံးဆီလုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့ အစည်းများက သတ်မှတ်ထားသည့် အရည်အသွေး စံသတ်မှတ်ချက်များအပေါ် အခြေခံ၍ အာမခံချက်ပေးရန်နှင့် စီးပွားရေးလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာအစိုးရဌာနများက ထုတ် ပြန်ထားသောအမိန့်နှင့် ညွှန်ကြားချက်များကိုလည်း လိုက်နာသွားရန်လိုကြောင်း ဆွေးနွေးခဲ့ရာ တက်ရောက်လာသော လုပ်ငန်းရှင်များကလည်း သိရှိလိုသည်များကို အသီးသီးပြန်လည် ဆွေးနွေး ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

 

“မတ္တရာမြို့နယ်စီးပွားရေးလုပ်ငန်းရှင်တွေ့ဆုံပွဲတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဆွေးနွေးပွဲကျင်းပ”

           မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံခရိုင်၊မတ္တရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင် မှုဖြင့်(၂၃-၇-၂၀၂၂)ရက်နေ့၊နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် မတ္တရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မတ္တရာမြို့နယ်အတွင်းရှိ စက်သုံးဆီ ရောင်းချလျှက်ရှိသော စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့ပါသည် ။ တွေ့ဆုံ ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ဦးအောင်သူရသိန်းမှ အဖွင့်အမှာစကားပြောကြားရာတွင် စက်သုံးဆီအရောင်းဆိုင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် တရားမဝင် ၊ အရည် အသွေးနိမ့်၊ စံချိန်စံညွှန်းမပြည့်မီသောချက်ဆီများ ဝယ်ယူရောင်းချခြင်းမပြုလုပ်ကြရန်၊စက်သုံးဆီစျေးနှုန်းများ သတ်မှတ်ရည်ညွှန်းစျေးနှုန်းများထက် ပိုမိုကျော်လွန်၍ ရောင်းချခြင်းမပြုလုပ်ကြရန် ၊ အချင်အတွယ်မှန်ကန်စွာရောင်းချကြရန် ၊ အရည်အသွေးကောင်းမွန်သော စက်သုံးဆီများကိုသာ ဝယ်ယူရောင်းချကြရန်နှင့်စက်သုံးဆီများပြတ်လပ်မှုမရှိစေရေး အလေးထားဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန ၊ မတ္တရာမြို့နယ်တာဝန်ခံ ဒေါ်ဝင်းမာမှ ပြောကြားရာတွင် စက်သုံးဆီစျေးနှုန်းများ နေ့စဉ်ကောက်ယူနေမှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း ၊ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ လက်ရှိစားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ခုနှစ်၊မတ်လ(၁၅)ရက်နေ့၊ ပြည်ထောင်စုလွှတ်တော်အမှတ်(၉)ဖြင့်ပြဌာန်းထားပြီးဖြစ်ကြောင်း ၊ ဥပဒေပါ ဦးစီးဌာန၏ လုပ်ပိုင်ခွင့်နှင့်လုပ်ငန်းတာဝန်များ ၊ စီးပွားရေးလုပ်ငန်းရှင်တာဝန် များအား သေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူနစ်နာဆုံးရှုံးမှုရှိပါက တိုင်းဒေသကြီး / ပြည်နယ်များရှိ Consumer Information and Complaint Center (CICC)များနှင့် Consumer Call Center များဖြစ်သည့် 1535 သို့ခေါ်ဆို၍လည်းကောင်း ၊ စားသုံးသူရေးရာဦးစီးဌာန Website ဖြစ်သော www.doca.gov.mmသို့ဝင်ရောက်ပြီး တိုင်ကြားနိုင်ကြောင်းနှင့် တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပါသည်။တွေ့ဆုံဆွေးနွေးပွဲသို့ စီးပွားရေးလုပ်ငန်းရှင်(၃၂)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

“စားသုံးသူများအတွက် ဘေးကင်းလုံခြုံစိတ်ချရမှုရှိသောကုန်စည်များရောင်းချစေရေး စျေးကွက်စောင့်ကြည့်စစ်ဆေး”

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာန၊ပြင်ဦးလွင်ခရိုင် ရုံးခွဲမှ ဦးသက်လွင်ထူး (စစ်ဆေးရေးအရာရှိ)နှင့်အဖွဲ့သည် စားသုံးသူများထုတ်ကုန်လုံခြုံစိတ်ချရမှုရှိ စေရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာန ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့များနှင့်အတူ(၂၅-၇-၂၀၂၂)ရက်နေ့တွင်ပြင်ဦးလွင်မြို့၊ မြို့မစျေးနှင့်သုမင်္ဂလာ စျေးတို့တွင် ရောင်းချနေသောစျေးဆိုင်များသို့ ကွင်းဆင်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့စစ်ဆေးရာတွင် ပြင်ဦးလွင်မြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဖြိုးမြင့်နိုင်က ယခုအခါ မိုးဦးကျနေပြီဖြစ်၍ ဝမ်းပျက်ဝမ်းလျောရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါများ ဖြစ်ပွားနေသည့်အတွက် စားသောက်ကုန်များကို ယင်များအန္တရာယ်မကျရောက်စေရန် စနစ်တကျဖုံးအုပ် ကာကွယ်ရန် ၊ ကိုဗစ်-၁၉ရောဂါများ ပြန်လည်ဖြစ်ပွားနေသည့်အတွက် နှာခေါင်းစည်း Mask များ ကိုမဖြစ်မနေတပ်ဆင်ရောင်းချရန်ပြောကြားခြင်း ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးသက်လွင်ထူး (စစ်ဆေးရေးအရာရှိ)က စျေးကွက်အတွင်းရောင်းချသူများအနေဖြင့် စားသုံးများအတွက် ဘေးကင်း လုံခြုံစိတ်ချရမှုရှိသော ကုန်စည်များကိုသာရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ   စီးပွား ရေးလုပ်ငန်းရှင်တာဝန်များ ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်သည့် အချက်အလက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

 

ဟောပြောပွဲကျင်းပပြုလုပ်

          မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင်၊ငါန်းဇွန်မြို့နယ် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို (၂၃.၇.၂၀၂၂) ရက်နေ့ နေ့လယ်(၀၁:၀၀) အချိန်တွင် ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်းရှိ အောင်ဆန်းခန်းမ ကျင်းပပြုလုပ်ရာ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှလည်း ပူးပေါင်းပါဝင် ဟောပြောဆွေးနွေးခဲ့ပါသည်။

          ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ၊ဦးလှိုင်မိုးဟိန်း(မြို့နယ်ဦးစီးမှူး)မှ  လူငယ်နှင့် ခေါင်းဆောင်မှုခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောဆွေးနွေးပြီး အားကစားပစ္စည်းများပေး အပ်ခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ၊  ဒေါ်နေခြည်ဦး (မြို့နယ်ဦးစီးမှူး)မှ လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဒေါ်သင်းသင်းဆွေ (မြို့နယ်တာဝန်ခံ)မှ စားသုံးသူကာကွယ်ရေးနှင့်ပါတ်သက်၍ စားသုံးသူကာကွယ်ရေး၏ အဓိပ္ပာယ် ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၏အဓိပ္ပာယ် ၊ စားသုံးသူနှင့်စီးပွားရေးလုပ် ငန်းရှင်၏ အဓိပ္ပာယ်၊စားသုံးသူအခွင့်အရေးနှင့်တာဝန်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနနှင့် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းအား ဌာန၏ website ဖြစ်သော  www.doca.gov.mm တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်သလို  ကုန်စည်နှင့်ဝန်ဆောင်မှုများ  သုံးစွဲခြင်းကြောင့်   အမှန်တကယ်နစ်နာဆုံးရှုံးမှုများကိုလည်း တိုင်ကြားနိုင်ပါကြောင်း ၊ တိုင်းနှင့်ခရိုင်များတွင်လည်း စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ   (CICC)   ရုံးများ  ဖွင့်လှစ်ထားရှိပါကြောင်း၊ထိုအပြင် စားသုံးသူပြည်သူများ ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်စေရန် Call Center  ဝန်ဆောင်မှုအား ဆောင်ရွက်ပေးလျှက်ရှိရာ Consumer  Call  Center နံပါတ် 1535  သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်ခေါ်ဆိုနိုင်ပါကြောင်း စသည်ဖြင့် ဟောပြောဆွေးနွေးခဲ့ပါသည်။

          အဆိုပါဟောပြေပွဲသို့  ဆရာဆရာမနှင့်ကျောင်းသားကျောင်းသူ စုစုပေါင်း  ( ၂၅၀ ) ဦး  တက်ရောက်ခဲ့ပြီး နေ့လယ်(၀၂:၃၀) နာရီ အချိန်တွင်ပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

“ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်အတွင်းရှိ စားအုန်းဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အသိပညာပေးဆွေးနွေးခြင်း”

            စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ (မိတ္ထီလာ/ရမည်းသင်း)ခရိုင်၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသည် ၂၀၂၂ ခုနှစ်  ဇူလိုင်လ ၂၂ ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီချိန်တွင် ပျော်ဘွယ်မြို့နယ်ပေါ်ရှိ စားအုန်းဆီလက်လီ/လက္ကားရောင်းချနေသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီများအား ဖြန့်ဖြူး သယ်ယူပို့ဆောင်ရာတွင် လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ပါသည်။ 

               လုပ်ငန်းရှင်များနှင့်ဆွေးနွေးရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီများသုံးစွဲနိုင်ရေး၊ စားသုံးဆီများ အရည်အသွေးပြည့်မီရေး၊ စျေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးတို့အတွက် ပြည်ပမှစားအုန်းဆီများ တင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများကို စားသုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးလုပ်ငန်းကော်မတီမှ ထိန်းကျောင်းကြပ်မတ် ဆောင်ရွက်လျက်ရှိပြီး ရည်ညွှန်းစျေးနှုန်းများကိုလည်း ထုတ်ပြန်ပေးလျက်ရှိရာ ၂၀၂၂ ခုနှစ် မေလ ၁ ရက်နေ့မှ စတင်၍ စားအုန်းဆီများ ဖြန့်ဖြူးသယ်ဆောင်ရာတွင် ဆီလုပ်ငန်းရှင်များအနေဖြင့် ရန်ကုန်ဆီ သိုလှောင်ကန်များမှ ဆီများကို လာရောက်ထုတ်ယူရာတွင် သတ်မှတ်ထားသည့် အဝါရောင်ပီပါအသစ် (သို့မဟုတ်) သန့်စင်ဆေးကြောပြီး အဝါရောင်ပီပါများဖြင့်သာ ထုတ်ယူခွင့် ပြုသွားမည်ဖြစ်ကြောင်းနှင့် စျေးကွက်အတွင်း ဖြန့်ဖြူးရာ၌ ဓါတုဗေဒပစ္စည်းများထည့်သွင်း အသုံးပြုထားသည့် ပီပါများတွင်ထည့်သွင်းအသုံးမပြုရန်၊ အစားအစာအရည် အသွေးသတ်မှတ်ချက်နှင့် ကိုက်ညီသော ပီပါအသစ်၊ သန့်စင်ပြီးသောပေပါများ၊ Consumer Pack များကို အသုံးပြုရန်နှင့် စျေးကွက်အတွင်း ဖြန့်ဖြူးမည့် ထုတ်ပိုးပစ္စည်းများပေါ်တွင် “စားသုံးဆီများတင်သွင်း၊ သို လှောင်၊ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ” ထံမှ ခွင့်ပြုချက်ရရှိပြီးသည့် သက်ဆိုင်ရာ ကုမ္ပဏီ၏ Cap Seal များ ဖြင့် ချိတ်ပိတ်၍ ကုန်အမှတ်တံဆိပ် (Lago) များ ကပ်နှိပ်ပေးသွားမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေး ခဲ့ပါသည်၊၊        

DOCA(မန္တလေး)          

 “ပျော်ဘွယ်မြို့နယ်အတွင်း တရားမဝင်ထုတ်ကုန်များ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း”

          စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ (မိတ္ထီလာ/ရမည်းသင်း) ခရိုင်၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ၂၀၂၂ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့တွင် ပျော်ဘွယ်မြို့နယ်အတွင်းရှိ စျေးဆိုင်များတွင် ရောင်းချနေသော ကုန်စည်များတွင် ထိုင်းနိုင်ငံထုတ် Gano အမှတ်တံဆိပ်ဖြင့် ကော်ဖီ (3 in 1)၊ သွားတိုက်ဆေးနှင့် ဖြည့်စွက်အစားအစာများကို ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

             Gano အမှတ်တံဆိပ်ဖြင့် ကော်ဖီ (3 in 1)၊ သွားတိုက်ဆေးနှင့် ဖြည့်စွက်အစားအစာများကို မလေးရှားနိုင်ငံ Gano Excek Industries SDN.BHD မှ အစားအသောက်၊ လူသုံးကုန်၊ ဖြည့်စွက်ဓါတ် စာများကို တစ်ဦးတည်းပိုင် ကိုယ်စားလှယ်အဖြစ် မှတ်ပုံတင်ပြီး တရားဝင်သွင်းသွင်းရောင်းချလျက်ရှိကြောင်းနှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်နှင့် ကုန်အညွှန်းအမှတ်အသားများ ကိုက်ညီမှုရှိ သော ကုန်စည်ဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံထုတ် Gano အမှတ်တံဆိပ်ဖြင့် ကော်ဖီ (3 in 1)၊ သွားတိုက်ဆေးနှင့် ဖြည့်စွက်အစားအစာများကို ရောင်းချခြင်းမပြုရန် ဆိုင်ရှင်များအား ပြောဆိုဆွေးနွေးခဲ့ပြီး ဆိုင်ရှင်များအား စားသုံးသူကာကွယ်ပေးရေး ဥပဒေ၊ ကုန်အညွှန်းအမှတ်အသားများနှင့်ဆက်စပ်သော ဥပဒေပြဌာန်းချက်များ၊ လုပ်ငန်းရှင်တို့၏တာဝန်၊ ဝတ္တရားများကို ရှင်းလင်းပြေားကြားခဲ့ပါသည်။ ပျော်ဘွယ်မြို့နယ်အတွင်း ထိုင်းနိုင်ငံထုတ် Gano အမှတ်တံဆိပ်ဖြင့် ကော်ဖီ (3 in 1)၊ သွားတိုက်ဆေး နှင့် ဖြည့်စွက်အစားအစာများ ရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(မန္တလေး)

ခရမ်းချဉ်သီးနှင့် ကျန်းမာရေး

        မြန်မာနိုင်ငံသည် နွေ၊ မိုး၊ ဆောင်း ဥတုသုံးပါး ညီမျှခြင်းကြောင့် ဒေသမရွေး သီးပင်၊ စားပင်များ အား စိုက်ပျိုးဖြစ်ထွန်းကြပါတယ်။ ၎င်းတို့အနက်မှ ခရမ်းချဉ်သီးသီးနှံသည် ဒေသမရွေး လွယ်ကူစွာ စိုက်ပျိုးနိုင်သော သီးနှံတစ်မျိုးဖြစ်ပါတယ်။ ခရမ်းချဉ်သီးသည် အရောင်အသွေး လှပသကဲ့သို့ ခန္ဓာကိုယ် အတွက်များစွာအကျိုးရှိသော သီးနှံတစ်မျိုးဖြစ်ပါတယ်။ ခရမ်းချဉ်သီးအား ဟင်းချက်ရာတွင် ဟင်း အနှစ် ရရှိရန်နှင့် အခြားသီးနှံ၊ အသားများဖြင့်ရောကြော်ခြင်း စသည်ဖြင့် ပုံစံအမျိုးမျိုးဖြင့် စားသုံးကြ ပါတယ်။ ခရမ်းချဉ်သီးကြိုက်နှစ်သက်သူများသည် လက်ဖက်နှင့်သော်လည်းကောင်း၊ အချို့သော သူ များသည် ရေဆေး၍ အလုံးလိုက်ပင် စားသုံးတတ်ကြပါတယ်။ ထို့ပြင် ခရမ်းချဉ်သီးအား ယိုထိုး၍သော် လည်းကောင်း စားသုံးကြပါတယ်။ ခရမ်းချဉ်သီးသည် အာဟာရဖြစ်စေရန် တစ်ခုတည်းတွက်သာမက ဘဲ ခန္ဓာကိုယ်၏ အလှအပရေးရာနှင့် ကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်စေသော သီးနှံ တစ်မျိုးလည်း ဖြစ်ပါတယ်။

 

ခရမ်းချဉ်သီးနှင့် အလှအပရေးရာ

          ခရမ်းချဉ်သီးကို စားသုံးလျှင် အသားအရည်လှသည်ဟူသော အချက်ကို လူတိုင်းနီးပါး သိကြပါ တယ်။ ခရမ်းချဉ်သီးတွင် ဗီတာမင် အေ၊ ဘီ၊ စီ၊ ကေ တို့ ပါဝင်သောကြောင့် အဆီပြန်သော အသားအရေ များအတွက် အဆီပြန်သည့် ပြဿနာကို ထိန်းညှိပေးပါတယ်။ ဝက်ခြံများကို ဖယ်ရှားပေးနိုင်သည့် အပြင် အသားအရေကိုစိုပြေစေပြီး ချွေးပေါက်များကိုကျဉ်းစေတယ်။ ခရမ်းချဉ်သီးအား အသားအရေ ပေါ်တွင် ကပ်ပေးခြင်းဖြင့်လည်း အသားအရေပြဿနာများကို ထိထိရောက်ရောက် ထိန်းသိမ်းကုသပေး နိုင်ပါတယ်။ ခရမ်းချဉ်သီးတွင် အနီရောင်ကိုဖြစ်စေသော လိုင်ကိုပင်း(Lycopene)ဟူသော ရောင်ခြယ် ပစ္စည်းပါဝင်မှုကြောင့် ခရမ်းချဉ်သီးကို စားသုံးပါက အသားအရေလှစေသည့်အပြင် နှလုံးနှင့်ဆံပင် တို့ကိုပါ ကျန်းမာကောင်းမွန်စေပါတယ်။

          ခရမ်းချဉ်သီးတွင် ပါဝင်သော ဗီတာမင်အေ သည် ဆံပင်ကို နက်မှောင်သန်စွမ်းစေသည့်အပြင် ဆံပင်အရောင်မွှဲခြောက်ခြင်း၊ ကျွတ်ခြင်း၊ အဖျားနှစ်ခွဖြစ်ခြင်းတို့အတွက်လည်း အလွန်သင့်တော်သော အရာဖြစ်သည့်အတွက် နေ့စဉ်ပုံမှန်စားသုံးပေးပါက အသားအရေလှပစေသည့်အပြင် ဆံပင်၏ကျန်းမာ ရေးကိုပါ ကောင်းမွန်စေပါတယ်။ ထို့ပြင် ခရမ်းချဉ်းသီးကို ပုံမှန်စားသုံးပါက အမြင်အာရုံကြည်လင်စေ သည့်အတွက် ကွန်ပျူတာဖြင့် လုပ်ငန်းလုပ်ကိုင်သူများ၊ စာဖတ်များသူများ၊ အမြင်အာရုံအားနည်းသူ များ အနေဖြင့် ခရမ်းချဉ်သီးစားသုံးခြင်းဖြင့် အမြင်အာရုံ အားနည်းခြင်းအား သက်သာစေနိုင်ပါတယ်။

          ခရမ်းချဉ်သီးတွင် လိုင်ကိုပင်း(Lycopene)ဓါတ် အများအပြားပါဝင်မှုကြောင့် အသားအရေအား နေလောင်ဒဏ်မှ ကာကွယ်ပေးနိုင်ပြီး နေလောင်ဒဏ်ရာများကိုလည်း သက်သာပျောက်ကင်းစေရန် အထောက်အကူပေးနိုင်ပါတယ်။ ခရမ်းချဉ်သီးတွင် ဓါတ်တိုးဆန့်ကျင်အာနိသင်နှင့် သွေးတွင်းရှိ အဆိပ် အတောက်များကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်သည့် ဗီတာမင် အေနှင့် ဗီတာမင် စီ ကြွယ်ဝစွာ ပါဝင်နေခြင်းကြောင့် ခရမ်းချဉ်သီးအား အစိမ်းစားလျင်ပင် ဓါတ်တိုးပစ္စည်းများကြောင့် ထိခိုက်မှု မရှိ အောင် ကာကွယ်ပေးနိုင်ပါတယ်။

ခရမ်းချဉ်သီးနှင့် ကင်ဆာ

          ခရမ်းချဉ်သီးတွင် လိုင်ကိုပင်း(Lycopene) ပါဝင်မှုကြောင့် ဆီးကျိတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊  နှင့် အစာအိမ်ကင်ဆာများ မဖြစ်အောင် ကာကွယ်ပေးနိုင်သည့်အပြင် ကင်ဆာဆဲလ်များ ပွားများ လာမှုကိုလည်း အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။

ခရမ်းချဉ်သီးနှင့် အရိုးကျန်းမာရေး

          ခရမ်းချဉ်သီးတွင် ကယ်လ်ဆီယမ်(Calcium) နှင့် ဗီတာမင် ကေတို့ ကြွယ်ဝစွာ ပါဝင်ခြင်းကြောင့် အရိုးတစ်ရှူးများကို အကောင်းဆုံးအားဖြစ်ပေးနိုင်သည့်အပြင် အရိုးများသန်မာစေရန် လိုအပ်သည့် အာ ဟာရများကိုလည်း ဖြည့်ပေးနိုင်ပါတယ်။ ခရမ်းချဉ်သီးတွင် ပါဝင်သော လိုင်ကိုပင်း(Lycopene) ခေါ် Antioxidant ဓါတ်က ခန္ဓာကိုယ်မှ ကယ်လ်ဆီယမ်ဓါတ်များကို ညီညွတ်မျှတအောင် ထိန်းသိမ်းပေး သည့်အတွက်ကြောင့် အရိုးပွရောဂါ၊ အရိုးအားနည်းခြင်း၊ အသက်အရွယ်ကြီးရင့်ခြင်းကြောင့် အရိုးများ ဆုံးရှုံးရခြင်းစသည့် အရိုးနှင့်ပတ်သက်သည့် ရောဂါများအား ကာကွယ်ပေးနိုင်ပါသည့်အပြင် ခရမ်းချဉ် သီးတွင်ပါဝင်သော ကယ်လ်ဆီယမ်(Calcium)ကြောင့် သွားများကိုလည်း ကျန်းမာခိုင်ခန့်စေပါတယ်။

ခရမ်းချဉ်သီးနှင့် သွေးတိုး၊ ဆီးချို၊ နှလုံး၊ အဆုတ်ကျန်းမာရေး

          ခရမ်းချဉ်သီးသည် နေ့စဉ် ခန္ဓာကိုယ်တွင် လိုအပ်သော ပိုတက်စီယမ်ပမာဏ (၁၁.၄၄)ရာခိုင်နှုန်း ဖြည့်စွမ်းပေးနိုင်ပါတယ်။ ထို ပိုတက်ဆီယမ်ဓါတ်ကပဲ သွေးပေါင်ချိန်မြင့်တက်မှုကို ကျဆင်းစေပြီး သင့် တော်သော သွေးပေါင်ချိန်ပမာဏကိုလည်း ထိန်းချုပ်ပေးသည့်အတွက် ခရမ်းချဉ်သီးသည် သွေးပေါင်ချိန် ထိန်းညှိရာတွင် အထိရောက်ဆုံး ကူညီပေးနိုင်ပါတယ်။ ခန္ဓာကိုယ်တွင်း ကိုလက်စထရောဓါတ် များလာပါက ရောဂါပိုမိုဖြစ်ပွားလာနိုင်ပါတယ်။ ခရမ်းချဉ်သီးတွင် ဗီတာမင်ဘီနှင့် ပိုတက်ဆီယမ်ဓါတ် ကြွယ်ဝစွာပါဝင်သည့်အတွက် ကိုလက်စထရောကိုကျစေပြီး ခန္ဓာကိုယ်အတွက် အကျိုးမပြုသည့် ကိုလက်စထရောများကို ချေဖျက်ပေးနိုင်သည့်အတွက် နှလုံးနှင့်ပတ်သက်သည့်ရောဂါများ ဖြစ်ပွားနိုင် ချေနည်းပါးစေပါသည်။ ခရမ်းချဉ်သီးတွင်ပါဝင်သော အမျဉ်ဓါတ်၊ ဗီတာမင် စီ၊ ပိုတက်စီယမ် နှင့် Choline ဓါတ်တို့သည် နှလုံးကျန်းမာရေး ကောင်းမွန်စေရန် ကူညီထောက်ပံ့ပေးပါသည်။ ထို့ပြင် သွေးလည်ပတ်မှု  ကောင်းမွန်စေသည့်အတွက် သက်ဆိုင်ရာ ကိုယ်တွင်းအင်္ဂါများသို့ သွေးရောက်ရှိနိုင်ရန်အတွက်လည်း ကူညီပေးပါတယ်။ ခရမ်းချဉ်သီးတွင် ရေဓါတ်များစွာ ပါဝင်သည့်အတွက် အစိမ်းစားသုံးပေးပါက ဆီး ကျောက်တည်ခြင်းများကို ကာကွယ်ပေးနိုင်သည့်အပြင် သွေးတွင်းသကြားဓါတ်ကိုလည်း လျော့ချပေး နိုင်သည့်အတွက် တစ်နေ့တစ်လုံး ပုံမှန်စားသုံးပေးပါက ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

          ခရမ်းချဉ်သီးအား ပုံမှန်စားသုံးပေးခြင်းအားဖြင့် ရုတ်တရက်နှလုံးရပ်ခြင်း၊ လေဖြတ်ခြင်း ကဲ့သို့ သော အသက်အန္တရာယ်ဖြစ်စေနိုင်သော ရောဂါများမှ အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ ခရမ်း ချဉ်သီးသည် အဆုတ်ကိုလည်း ကျန်းမာစေသည့် သီးနှံတစ်မျိုးဖြစ်ပါတယ်။ ဆေးလိပ်သောက်သုံးသည့် အခါခန္ဓာကိုယ်မှ နီကိုတင်းကြောင့် ထိခိုက်မှုကိုဆိုးရွားစွာဖြစ်စေနိုင်တယ်။ ထိုကဲ့သို့ ထိခိုက်မှုနည်းပါး စေချင်ပါက ခရမ်းချဉ်သီးအား စားသုံးပေးသင့်ပါတယ်။ ခရမ်းချဉ်သီးတွင် ပါဝင်သော Coumaric အက်စစ်နှင့် Chlorogenic အက်စစ်များသည်  စီးကရက်ငွေ့တွင်ပါဝင်သော ကာစီနိုဂျင်ကြောင့် ခန္ဓာ ကိုယ်တွင်း ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်မှုများဒဏ်မှ ကာကွယ်ပေးနိုင်ပါတယ်။ ထို့ကြောင့် ဆေးလိပ် သောက်သုံးသူများအနေဖြင့် ခရမ်းချဉ်သီးအား နေ့စဉ်စားသုံးပေးသင့်ပါကြောင်းနှင့် ခရမ်းချဉ်သီးမှ ရရှိနိုင်သော အကျိုးကျေးဇူးများအား တင်ပြလိုက်ရပါတယ်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ