Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မိတ္ထီလာခရိုင်အတွင်းရှိ ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန ၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် မိတ္ထီလာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၂ခုနှစ် ဇူလှိုင်လ (၂၅)ရက်နေ့ ၊နံနက်(၉း၃၀)အချိန်တွင် မိတ္ထီလာမြို့ပေါ်ရှိ ဆေးဆိုင်များသို့ စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          အဆိုပါဆေးဆိုင်များတွင် ရောင်းချနေသော ဆေးဝါးများ၊ Mask ၊ Handgel၊ စံမမှီဆေးဝါးများနှင့် တားမြစ်ဆေးဝါး ထိန်းချုပ်ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး ဆေးစျေးနှုန်းများ မှန်ကန်မှုရှိစေရေးနှင့် စျေးနှုန်းများအဆမတန်မြင့်တင်၍ စျေးကစားခြင်းများ မပြုလုပ်စေရေး ရည်ရွယ်၍ သွားရောက်စစ်ဆေးခဲ့ပါသည်။ စျေးကွက်အတွင်း ဆေးလက်ကျန်အခြေအနေနှင့် ဆေးပစ္စည်း လိုအပ်ချက်များအား မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာမြို့နယ်အတွင်းရှိ ပေါက်‌ချောင်းဈေးအတွင်းရှိမုန့်မျိုးစုံဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း‌‌‌ဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် မိတ္ထီလာမြို့နယ်၊ ပေါက်ချောင်းဈေးရှိ မုန့်မျိုးစုံဆိုင်များသို့ (၂၆.၇.၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀) နာရီချိန်၌ မုန့်ဆိုင်များအတွင်း ရောင်းချလျက်ရှိသော ကုန်စည်များအား ကုန်အညွှန်းအမှတ်သားဖော်ပြရမည်အချက်များ ပါဝင်မှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            စစ်ဆေးသည် ကုန်စည်များ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်‌ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့် အချက်များနှင့်အညီ ဖော်ပြခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား မပြည့်စုံသော ကုန်စည်များကို ထုတ်လုပ်ရောင်းချပါက စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ (၇၃) အရ နှစ်နှစ်ထက်မပို သော ထောင်ဒဏ်ဖြစ်‌၊ ကျပ်သိန်းနှစ်ရာထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ် အရေးယူခံရမည်ဖြစ်ကြောင်းကို အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(မန္တလေး)

မုံရွာစီးပွားရေးတက္ကသိုလ်၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

               စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနနှင့် မုံရွာစီးပွားရေးတက္ကသိုလ်တို့၏ ပူးပေါင်း စီစဉ်မှုဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို မုံရွာစီးပွားရေးတက္ကသိုလ်တွင် ၂၀၂၂ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်နေ့က ကျင်းပပါခဲ့သည်။

        အခမ်းအနားတွင်  မုံရွာစီးပွားရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကြိုင်ကြိုင်သက်က အဖွင့်အမှာစကားပြောကြားရာ၌ ယခုအခါမြန်မာနိုင်ငံတွင် ဆီးချိုရောဂါနှင့် ကင်ဆာရောဂါ ဖြစ်ပွားမှု များပါကြောင်း၊ အစားအသောက်ဘေးကင်းလုံခြုံရေးနှင့် ရွေးချယ်စားသုံးတတ်ရန်အရေးကြီးပါကြောင်း၊ မိမိတို့အားလုံးသည်စားသုံးသူများဖြစ်ကြသည့်အတွက် စားသုံးသူအခွင့်အရေးများကို ကောင်းစွာသိရှိရန်နှင့် အခွင့်အရေးချိုးဖောက်ခံရပါက မည်သည့်ဌာနအဖွဲ့အစည်းကို မည်သို့တိုင်ကြားရမည်ကို သိရှိကြရန် လိုအပ်ပါကြောင်း၊ စားသုံးရေးရာဦးစီးဌာနနှင့်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ယခုကဲ့သို့ လာရောက်ဟောပြောသည့်အတွက် မုံရွာစီးပွားရေးတက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအားလုံးကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားပါ သည်။

           ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ မျှော်မှန်းချက်၊ ဝန်ကြီးဌာနရှိ ဦးစီးဌာနအသီးသီး၏လုပ်ငန်းဆောင်ရွက်မှုများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးများနှင့် တာဝန်များကို  အကျယ်တဝင့်ရှင်းလင်းပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝေဖြိုးထက်က “စားသုံးသူနစ်နာမှုများအား ဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများနှင့် ဌာနက ဖြေရှင်းဆောင်ရွက်ပေးခဲ့သည့် စားသုံးသူ တိုင်ကြားမှုဖြစ်စဉ်များ" ကိုလည်းကောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကွဲရေးဦးစီးဌာနမှ ဒုကြီးကြပ်ရေးမှူးဒေါ်မေဇင်က “အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးအကြောင်းသိကောင်းစရာ"    တို့ကိုလည်း‌ကောင်း  အသီးသီးရှင်းလင်းဟောပြောဆွေးနွေးခဲ့ကြပါသည်။

        ထို့နောက် မုံရွာစီးပွားရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါ်ခိုင်မာလှိုင်က အသိပညာပေး ဟောပြောပေးခဲ့သည့် တာဝန်ရှိသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် အခမ်းအနားသို့ တက်ရောက်လာကြသော ဆရာ၊ဆရာမများနှင့် ကျောင်းသားကျောင်းသူများ၏ သိရှိလိုသည့်မေးမြန်းခြင်းနှင့် အကြံပြုဆွေးနွေးမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနအနေမှ အသိပညာပေးလက်ကမ်း စာစောင်များကို  ဖြန့်ဝေပေးခဲ့​ပါသည်။

      အခမ်းအနားသို့ မုံရွာစီးပွားရေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ ဆရာ၊ ဆရာမကြီးများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ၊ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှတာဝန်ရှိသူများ စုစုပေါင်း (၃၅၀) ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

“မိတ္ထီလာခရိုင် သာစည်မြို့နယ်အတွင်းရှိ အလှကုန်ပစ္စည်းရောင်းချနေသော ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း”

 

            မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သာစည်မြို့နယ်တာဝန်ခံ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စျေးတာဝန်ခံများသည် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့ နံနက် (၀၉:၃၀) အချိန်တွင် သာစည်မြို့နယ် စျေးအတွင်းရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ 

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် စျေးကွက်အတွင်း၌ FDA ခွင့်ပြုချက်၊ Hologram Sticker နှင့် မြန်မာစာ Labelling များ မပါရှိဘဲ ကုန်ပစ္စည်း ဆင်တူယိုးမှား ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုရှိ/မရှိ စစ်ဆေးခဲ့ရာ သာစည်မြို့နယ်အတွင်း ကုန်ပစ္စည်း ဆင်တူယိုးမှား ရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိပါသည်။

DOCA(မန္တလေး)

ကိုဗစ်-၁၉ကုစားရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းအဖွဲ့အစည်းအဝေးကျင်းပ

         ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ (၂၆.၇.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင်  ကိုဗစ်-၁၉ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှု များအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏လုပ်ငန်းအဖွဲ့ခေါင်းဆောင် ဒေါက်တာဝါဝါမောင်ဦးစီး၍ တိုင်းဒေသကြီးပြည်နယ်အလိုက် ချေးငွေများအကျိုးရှိစွာ အသုံးချမှုအပေါ်စိစစ်ကြပ်မတ်ရေးအဖွဲ့ ဥက္ကဌများနှင့် အဖွဲ့ဝင်များအား Online နှင့် တွေ့ဆုံ၍ Zoom meeting အစည်းအဝေးကျင်းပခဲ့ ပါသည်။

        အစည်းအဝေး၌ အဖွဲ့ခေါင်းဆောင်က အဖွင့်အမှာစကားပြောကြားရာတွင် ယခင် အစည်းအဝေး(၄/၂၀၂၂)ဆုံးဖြတ်ချက်များအား အဖွဲ့သို့ချပြလိုကြောင်း၊ ချေးငွေဆပ်ခြင်းနှင့် ပတ်သက်ပြီးလုပ်ငန်းရှင်များဘက်မှ အခက်အခဲများအား သိရှိခဲ့ရကြောင်း၊ ချေးငွေများအပေါ် အတိုးနှုန်း ၁% ကောက်ခံခြင်းအား (၂)နှစ်အထိသာဖြစ်ပြီး (၂)နှစ်ကျော်ပါက အတိုးနှုန်း ၁% အပြင် နောက်ကျကြေး ၁% ကောက်ခံသွားမည်ဖြစ်၍ စုစုပေါင်း ၂% ဖြစ်သွားနိုင်ကြောင်း၊ ယခုအစည်းအဝေးပြုလုပ်ရခြင်းသည် နောက်ကျကြေး ၁% ကောက်ခံမည့် အစီအစဉ်အား သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များရှိ စိစစ်ကြပ်မတ်ရေးအဖွဲ့များ သဘောတူ/မတူနှင့် ချေးငွေ (၂)နှစ်ပြည့်ပြီး အရင်းဆပ်သည့်အခါ အရစ်ခွဲဆပ်မည့်အစီအစဉ်အား အရစ်မည်မျှခွဲဆပ် စေလိုကြောင်း၊ ဥပမာ- သုံးရစ်၊ လေးရစ်၊ ခြောက်ရစ်ထားပါက လုပ်ငန်းရှင်များ အဆင်ပြေ/မပြေ၊ ဆပ်နိုင်မဆပ်နိုင်သိလိုကြောင်း၊ ဒီ(၂)ချက်နှင့်ပတ်သက်ပြီး ဆွေးနွေးပေးကြရန်နှင့် ယခု အစည်းအဝေးမှ ဆုံးဖြတ်ရရှိသောအဖြေကို မိမိအနေဖြင့် လုပ်ငန်းကော်မတီအစည်းအဝေးတွင် ဆက်လက်တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

      ထို့နောက်အဖွဲ့ခေါင်းဆောင်၏ ဆွေးနွေးချက်(၂)ရပ်အပေါ် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်စိစစ်ကြပ်မတ်ရေးအဖွဲ့ ဥက္ကဌများက မိမိတို့တိုင်းဒေသကြီး/ပြည်နယ်အလိုက် တင်ပြလိုသော အကြောင်းအရာများ၊ အတည်ပြုလိုသောအချက်များနှင့် ဒေသအလိုက်ကြုံတွေ့ရသည့် အခက်အခဲများကို ဆွေးနွေးတင်ပြကြပြီး အစည်းအဝေးကို (၁၂:၃၀)နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။  

DOCA(စစ်ကိုင်း)

                                           

 မုံရွာမြို့ပေါ်ရှိ ဆေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

           စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင် ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၁.၇.၂၀၂၂) ရက်နေ့တွင် မုံရွာမြို့ပေါ်ရှိ စိုပြေ၊ ရေချမ်း၊ နီလာနှင့် ထွန်းဆေးဆိုင်များသို့ သွားရောက်၍ ကိုဗစ်-၁၉ နှင့်သက်ဆိုင်သော အသုံးအဆောင်နှင့် ဆေးဝါးပစ္စည်းများ ဈေးကွက် အတွင်း ဖြန့်ဖြူးရောင်းချနေမှု အခြေအနေများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက ဆေးဆိုင်ပိုင်ရှင်များအား ယခု အချိန်အခါ၌ အချို့နိုင်ငံများတွင် ကိုဗစ်-၁၉ BA-4၊ BA-5 ရောဂါများကူးစက်ပြန့်ပွားနေကြောင်း၊ မိမိတို့ နိုင်ငံတွင်လည်း ကူးစက်မှုရောက်လာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် စိုးရိမ်စိတ်များကာ ဆေးဝါးများ ကြိုတင်ဝယ်ယူစုဆောင်းလာနိုင်ကြောင်း၊ ထိုသို့ဝယ်ယူလာပါက လုပ်ငန်းရှင်များအနေဖြင့် ဝယ်လိုအားများလာ၍ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆေးများသိုလှောင်ထားခြင်းမပြုရန် လိုအပ် ကြောင်း၊ လိုအပ်သောဆေးဝါးများကို ပုံမှန်ရောင်းချပေးစေလိုကြောင်း၊ ဆေးဝါးများဝယ်ယူရာတွင်လည်း ကုန်စည်စီးဆင်းမှု လွယ်ကူစေရန် အခက်အခဲများရှိပါက တင်ပြပေးစေလိုကြောင်းနှင့် မိမိတို့ဌာနမှ သက်ဆိုင်ရာအဆင့်ဆင့်သို့ တင်ပြ၍ ပူးပေါင်းကူညီဆောင် ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့ပါသည်။

         ထို့နောက် ဆေးဆိုင်များ၏ လက်ရှိဖြစ်ပေါ်နေသော ဆေးနှင့်ဆေးပစ္စည်းများ၏ မြေပြင် ဈေးနှုန်းဈေးကွက်အခြေအနေ၊ တစ်ပတ်အတွင်းရောင်းချနိုင်မှု၊  လက်ကျန်နှင့်လိုအပ်ချက်အခြေအနေ များကို ‌ဆွေးနွေးမေးမြန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့တွင် ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ(၂၅)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ ရွှေဘိုမြို့နယ် တာဝန်ခံနှင့်  ရွှေဘိုခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း(၂)ဦးတို့ ပူးပေါင်း၍ ရွှေဘိုမြို့ ကြည်တော်စုရပ်၊ အမှတ်(၄)ရပ်ကွက်ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်နှင့် စည်ပင်သာယာဈေးအတွင်း ရုံအမှတ် (၁၂)၊ ဆိုင်အမှတ် (၂၂၊ ၂၃) ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်တို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          အဆိုပါဈေးကွက်စောင့်ကြည့်စစ်ဆေးသည့် ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များသည် အသစ် ဖွင့်လှစ်ရောင်းချသည့်ဆိုင်များဖြစ်သဖြင့် ရွှေဘိုခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လိုင်စင်အသစ် လျှောက်ထားရာတွင်လိုအပ်သည့်အချက်များ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် တားမြစ်ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ရွှေဘိုခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့် ကြော်ငြာစာ အမှတ်၊ ၂၁/၂၀၂၀ဖြင့် Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်းများအား ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်း မြှင့်တင်ဖြန့်ဖြူးခြင်း သို့မဟုတ် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းကို တားမြစ်သည့်အမိန့် ကြော်ငြာစာကို ထုတ်ပြန်ထားပြီး၊ ကြော်ငြာစာအမှတ်၊ ၂၁/၂၀၂၀ဖြင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၁၁ ပုဒ်မခွဲ(ခ)အရ အထက်ပါတားမြစ်ထားသည့် ကုန်စည်များကို တင်သွင်းမှု၊ တင်ပို့မှု၊ ရောင်းဝယ်မှု၊ လက်ဝယ်ထားမှု၊ သိုလှောင်မှု၊ သယ်ဆောင်မှု၊ ဖြန့်ဖြူးမှု၊ အသုံးပြုမှု၊ စားသုံးမှုတို့နှင့် စပ်လျဉ်း၍ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ခွင့်ကို စားသုံးသူရေးရာဦးစီးဌာနအား အခွင့်အာဏာအပ်နှင်းထားကြောင်း၊ ကျန်းမာရေးအထောက်အကူပြု အသုံးအဆောင်ပစ္စည်းအမျိုးမျိုးနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၈)ပါ ကုန်အညွန်း အမှတ်အသားဖော်ပြခြင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာထည့်သွင်းဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူးရောင်းချကြရန်၊ စားသုံးသူကာကွယ်ရေး ဥပဒေပါအကြောင်းအရာများအား အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး တားမြစ်ဆေးဝါးများ၊ သက်တမ်းလွန် ဆေးဝါးများ ရောင်းချမှုရှိ/ မရှိ စစ်ဆေးခြင်း၊ ဆေးဈေးနှုန်းနှင့်လက်ကျန်အခြေအနေများ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီအစည်းအဝေး (၄/၂၀၂၂) ကျင်းပ

        စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီအစည်းအဝေး (၄/၂၀၂၂)ကို ၂၀၂၂ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပါသည်။

      အစည်းအဝေး၌ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီဥက္ကဌ၊ စီးပွားရေးရာဝန်ကြီးဒေါ်ရီရီသန်းက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၂ခုနှစ် ဇွန်လအတွင်း စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို လျှာထားချက်ပြည့်မီကျော်လွန်အောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ သက်ဆိုင်ရာ ဌာနများက တက်ကြွစွာပူးပေါင်းဆောင်ရွက်ခဲ့ကြသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ ဦးစားပေး ကုန်စည်အဖြစ်သတ်မှတ်ခဲ့သည့် ကုန်စည် (၇)မျိုးကို ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက် မပြတ်ဆက်လက်ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ အသိပညာပေးဟောပြောပွဲများကိုလည်း ကျောင်းများ၊ ဌာနဆိုင်ရာများတွင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သက်ဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်ပြီး ဆက်လက် ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ စားသုံးသူအသိပညာပေးဆောင်ရွက်ရာတွင် အာဆီယံစားသုံးသူကာကွယ်ရေး ကော်မတီ Website ရှိ နယ်စပ်ဖြတ်ကျော်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးစနစ်နှင့် ပတ်သက်၍လည်း အသိပေးပြောကြားရန်လိုအပ်ပါကြောင်း၊ ပြည်သူများက အရည်အသွေးပြည်မီသည့်စားအုန်းဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရရှိနိုင်ရေးကိုလည်း ဆက်လက်ဆောင်ရွက်ပေးရန်ဖြစ်ပါကြောင်း၊ စက်သုံးဆီနှင့်ပတ်သက်၍လည်း စက်သုံးဆီဆိုင်များက သတ်မှတ်ရည်ညွှန်းစျေးဖြင့် ရောင်းချကြစေရေး၊ ပြည်သူများဝယ်ယူလိုသည့်ပမာဏအတိုင်းရောင်းချကြစေရေးနှင့် ဆီဆိုင်များ စက်သုံးဆီပြတ်လပ်မှု မရှိစေရေး ကြီးကြပ်ကူညီပံ့ပိုးမှုများဆက်လက်ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ အစိုးရအဖွဲ့မှ ပံ့ပိုးကူညီရန် လိုအပ်ပါက အချိန်နှင့်တပြေးညီတင်ပြကြပါရန် ပြောကြားပါသည်။

      ထို့နောက်စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က အမှာစာများ ဖတ်ကြားတင်ပြ၍ ကော်မတီ၏အဆုံးအဖြတ်ရယူပြီး ဌာနမှဆောင်ရွက်လျှက်ရှိသည့်လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်ရန် လျှာထားသည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြပါသည်။ ဆက်လက်၍ ကော်မတီ အဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးကြရာတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဗီနိုင်း၊  ဆိုင်းဘုတ်များကို  လူစည်ကားရာနေရာများတွင် ထားရှိနိုင်ရေးကိစ္စများ၊ စားသုံးဆီ၊ စက်သုံးဆီတို့နှင့် ပတ်သက်သောကိစ္စများကို အကြံပြုဆွေးနွေးခဲ့ကြပါသည်။ ထို့နောက်ကော်မတီဥက္ကဌက လိုအပ်သည်များကို  ညှိနှိုင်းပေါင်းစပ်ပေးခဲ့ပါသည်။

         အစည်းအဝေးသို့ ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး မွန်းလွဲ (၁၂:၀၀)နာရီတွင် အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

“ပျော်ဘွယ်မြို့နယ်အတွင်း စက်သုံးဆီဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း”

          စားသုံးသူရေးရာဦးစီးဌာန၊  မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ရမည်းသင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် စျေးကွက်တွင်း ရောင်းချနေသော ဓါတ်ဆီ၊ ဒီဇယ်များ စျေးနှုန်းမြင့်တင်ရောင်းချမှု ရှိ/မရှိ၊ အချိန်အတွယ် လီတာ၊ ဂါလံများ ပြည့်မီမှုရှိ/မရှိဈေးကွက်စောင့်ကြည့်စစ်ဆေးရန် ရမည်းသင်းမြို့နယ်အတွင်းရှိ MGM ၊ Goden Eagle၊ ရှဲဒိုး(၂)၊ နီလာရီုးမနှင့် သိန်းထိုက်သူ(၁၊၂၊၃) ဆီဆိုင်များသို့ သွားရောက်၍ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် ကုန်စည်၏ အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိရမည်ဖြစ်ကြောင်း၊  အရည်အသွးပြည့်မီမှန်ကန်သည့် သတ်မှတ်ချက်နှင့် ကိုက်ညီသော စက်ဆီ၊ချောဆီ များကိုသာ တင်သွင်း၊ဖြန့်ဖြူးရောင်းချရစေလိုကြောင်း ၊ သတ်မှတ်ချက်နှင့်မကိုက်ညီသော ပစ္စည်းများ ဖြစ်ပါက ဥပဒေနှင့်အညီဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စက်သုံးဆီများကို ပြည်သူများလက်ဝယ် သို့ ရည်ညွှန်းစျေးများအတိုင်း အမှန်တကယ်ရောင်းချပေးစေလိုကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

ယင်းဆီဆိုင်များတွင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကော်မတီမှ သတ်မှတ်ထားသော နှုန်းထားများအတိုင်းသာ ရောင်းချမှုရှိပြီး၊ အချိန်အတွယ် လီတာ၊ဂါလံများလဲ့ (၂၀) လီတာစံဝင်ခွက်ဖြင့် တိုက်ဆိုင်စစ်ဆေးခဲ့ရာ ပြည့်မီမှုရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ကန့်ဘလူခရိုင်၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ မြန်မာ့မီးရထား ဘူတာ၌ ၂၀၂၂-ခုနှစ် ၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းက စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းမှ စားသုံးသူအခွင့်အရေး(၈)ချက်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ လိုက်နာရမည့်အချက်များ၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရမည့် အသိပညာဗဟုသုတများအား ဟောပြောဆွေးနွေးခဲ့ပြီး ကန့်ဘလူဘူတာမှ မီးရထားဝန်ထမ်း (၁၅)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။ ထို့နောက် တက်ရောက်လာကြသော မီးရထားဝန်ထမ်းများက သိလိုသည်များကို မေးမြန်းကြရာ  မြို့နယ်တာဝန်ခံမှ ပြန်လည်ဖြေကြား၍ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ