Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးရေးအတွက် အသင်းအဖွဲ့၊ အစုအဖွဲ့များ၏ အခန်းကဏ္ဍ

       ပုဂ္ဂလိကကဏ္ဍသည် နိုင်ငံတော်၏စီးပွားရေးတွင် များစွာအရေးပါလျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍမှ ပါဝင်မှုသည် ၉၀ ရာခိုင်နှုန်းခန့်ရှိပါသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦီးစီးဌာနအနေဖြင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းကဏ္ဍအလိုက် တိုင်းဒေသကြီး/ပြည်နယ်များတွင် အသင်းအဖွဲ့များ၊ အစုအဖွဲ့များ၊ သီးနှံစိုက်ပျိုး ထုတ်လုပ်သည့် ဇုန်များ တိုးချဲ့ဖွဲ့စည်း တည်ထောင်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ ဗဟို အသင်းအဖွဲ့ချုပ်များနှင့် ချိတ်ဆက်ဆောင်ရွက်နေသကဲ့သို့ ဖွဲ့စည်းပြီးသည့် အသင်းအဖွဲ့များ၊ အစု အဖွဲ့များ၊ ဇုန်များ ဆက်လက်ရှင်သန်ခိုင်မာအားကောင်းစေရေးအတွက်လည်း စည်းရုံးအားပေး ဆောင်ရွက်လျှက်ရှိပါသည်။

          ၎င်းအပြင် ဒေသအသီးသီးမှ ထွက်ရှိသော လယ်ယာထွက်ကုန်များ ဈေးကွက်မှာ ဖြစ်ပေါ်နေတဲ့ ပေါက်ဈေးနှုန်းများအတိုင်း ရရှိခံစားနိုင်ရေး၊ ကုန်ပစ္စည်းများကို ရောင်းသူနှင့် ဝယ်သူ တိုက်ရိုက်ရောင်းချနိုင်ခြင်းဖြင့် မလိုလားအပ်တဲ့ စရိတ်စကများ လျော့နည်းသက်သာမှု ဖြစ်ပေါ်စေရေး၊ ကုန်စည်များရဲ့ စံချိန်စံညွှန်းနှင့် အလေး၊ တင်းတောင်း၊ အချိန်အတွယ် တစ်ပြေးညီဖြစ်ပေါ်စေရေး တို့ကိုရည်ရွယ်ပြီး ကုန်စည်ဒိုင်များတိုးချဲ့ဖွင့်လှစ်ခြင်းနဲ့ ဖွင့်လှစ်ပြီးကုန်စည်ဒိုင်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာကုန်သည် အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျှက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် (၁--၂၀၂၀)ရက်နေ့မှ (၃၁-၁၂-၂၀၂၀) ရက်နေ့အထိ တစ်နှစ်အတွင်း အသင်းအဖွဲ့(၁၇)သင်း၊ အစုအဖွဲ့(၃၅)ဖွဲ့၊ကုန်စည်ဒိုင်(၁)ခု ထပ်မံ တိုးချဲ့ ဖွဲ့စည်းနိုင်ခဲ့ပါသည်။

          တိုင်းဒေသကြီး/ပြည်နယ်များတွင် အသင်းအဖွဲ့၊ အစုအဖွဲ့၊ သီးနှံဇုန်များ ဖွဲ့စည်းရခြင်းမှာ သီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ (လုပ်ကွက်ငယ်များအပါအဝင်) အားပွဲစား၊ ကုန်သည် များ၏ ဈေးနှုန်းထိန်းချုပ်မှုမခံရစေဘဲ ထိုက်သင့်သည့်ဈေးနှုန်းများရရှိရေး၊ စိုက်ပျိုးထုတ်လုပ်ရာ တွင်ဖြစ်ပေါ်လာသည့်အခက်အခဲများ၊ လိုအပ်ချက်များကို သက်ဆိုင်သည့် အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးခြင်း၊ ဈေးနှုန်းဈေးကွက်၊ ကုန်သွယ်မှုအတားအဆီး၊ နည်းပညာ၊ ချေးငွေများရရှိရေး ကို ကူညီပံ့ပိုးဆောင်ရွက်ပေးနိုင်ရန် ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ရေမြေသဘာဝရာသီဥတု အခြေခံများအရ သီးနှံအမယ်စုံ စိုက်ပျိုးဖြစ် ထွန်းသော နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံ၏ ကွဲပြားခြားနားသော ရေမြေသဘာဝအရ သီးနှံတစ်မျိုး ကို ရာသီကာလအမျိုးမျိုးတွင် စိုက်ပျိုးဖြစ်ထွန်းသောကြောင့် စျေးကွက်များ၌ သီးနှံမျိုးစုံကို တစ်နှစ်ပတ်လုံးရောင်းဝယ်ဖောက်ကားမှုများရှိပါသည်။ မိမိစိုက်ပျိုးထုတ်လုပ်သောသီးနှံများသည် စျေးကွက်လိုအပ်ချက်နှင့်အညီကိုက်ညီသော အရည်အသွေးရှိသည့်သီးနှံများ အမျိုးအစားများ ဖြစ်ရန် လိုအပ်သကဲ့သို့ စျေးနှုန်းမှန်မှန်ကန်ကန်ဖြင့် ရောင်းချနိုင်မည့်စျေးကွက်လည်းရှိရန် လိုအပ်ပါသည်။ ကုန်ဝယ်သူများအနေဖြင့် ပစ္စည်းမှန်၊ စျေးမှန်ရရှိရန် လိုအပ်သလို ရောင်းဝယ်ဖောက်ကားသူများသည်လည်း ပြည်တွင်း/ပြည်ပစျေးကွက်နှင့် စျေးကွက်သတင်းအချက်အလက်များ အပေါ်အခြေခံ၍ ရောင်းဝယ်ဖောက်ကားခြင်းဖြင့် စျေးနှုန်းကိစ္စ စိတ်ချရမည်ဖြစ်ပါသည်။ ကုန်စည် စီးဆင်းမှုနှင့်နီးစပ်သော အချက်အခြာကျသည့် ဒေသများ၌ ကုန်စည်ဒိုင်များ ဖွင့်လှစ်ပေး၍  အရောင်းအဝယ်ကိစ္စရပ်များဆောင်ရွက်ကြခြင်းဖြင့် အကျိုးကျေးဇူးပိုမိုဖြစ်ထွန်းလာစေရန် ဖြစ်ပါသည်။

အသင်းအဖွဲ့၊ အစုအဖွဲ့နှင့်ဇုန်များ ဖွဲ့စည်းခြင်း

အသင်းအဖွဲ့များ ဖွဲ့စည်းရာတွင် ပန်းတိုင်တူ၊ ရည်ရွယ်ချက်တူ၊ လုပ်ငန်းတူ၊ စိတ်ဝင်စားသူ၊ ကျေးရွာအုပ်စုအတွင်း စိုက်ဧကအပေါ် မူတည်၍ အဖွဲ့ခေါင်းဆောင်(၁) ဦး အပါအဝင် အဖွဲ့ဝင်(၅) ဦး မှ (၁၀) ဦးထိ ပါဝင်သည့်သီးနှံအမျိုးအစားအလိုက် စုဖွဲ့ပြီး အစုအဖွဲ့ခေါင်းဆောင်များကို မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့် အဖွဲ့ဝင်များအဖြစ် အဆင့်ဆင့်ရွေးချယ်ပြီး ဥက္ကဌ၊ အတွင်းရေးမှူး၊ အလုပ်အမှုဆောင်များ ပါဝင်ဖွဲ့စည်းဆောင်ရွက်ထားခြင်းဖြစ်ပါသည်။

အစုအဖွဲ့များ ဖွဲ့စည်းရာတွင်လည်း ပန်းတိုင်တူ၊ ရည်ရွယ်ချက်တူ၊ လုပ်ငန်းတူ၊ စိတ်ဝင်စားသူ၊ ကျေးရွာအုပ်စုအတွင်း စိုက်ဧက အပေါ်မူတည်၍ အဖွဲ့ခေါင်းဆောင်(၁)ဦး အပါအဝင် အဖွဲ့ဝင် (၅) ဦးမှ (၁၀) ဦးထိ ပါဝင်သည့် သီးနှံအမျိုးအစားအလိုက် အစုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ထားခြင်း ဖြစ်ပါသည်။

အလားတူ သီးနှံဇုန်များအား ဒေသတွင်း သီးနှံတစ်မျိုးတည်းကို တဆက်တစပ်တည်းရှိပြီး ဧကများစွာ တစ်အုပ်တစ်မ စိုက်ပျိုးထားသည့် သီးနှံအလိုက် သီးနှံဇုန်အဖြစ် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ဇုန်ဥက္ကဌ၊ အတွင်းရေးမှူး၊ အလုပ်အမှုဆောင်ကော်မတီများဖြင့် ဖွဲ့စည်းထားခြင်းပင် ဖြစ်ပါသည်။

ရရှိလာမည့် အကျိုးကျေးဇူးများ

          အသင်းအဖွဲ့၊ အစုအဖွဲ့ ဖွဲ့စည်းခြင်းကြောင့် ကျေးရွာဒေသများရှိ သီးနှံအလိုက် စိုက်ပျိုး၊ ထွက်ရှိမှုအခြေအနေများ၊ ဈေးနှုန်းများကို အဖွဲ့ခေါင်းဆောင်၊ အဖွဲ့ဝင်များနှင့် အလွယ်တကူ ချိတ်ဆက်နိုင်ပြီး စိုက်ပျိုးထုတ်လုပ်မှု၊ ဈေးကွက်၊ ဈေးနှုန်း၊ သတင်းအချက်အလက်များအား အချိန်တိုအတွင်း ရရှိနိုင်ခြင်း၊ ကုန်သွယ်မှုဆိုင်ရာ အဟန့်အတားများ၊ အခက်အခဲများကို စုပေါင်း ဖြေရှင်းနိုင်ခြင်း၊ စိုက်ပျိုးထုတ်လုပ်သူများအတွက် အကျိုးအမြတ် ပိုမိုရရှိနိုင်ခြင်း၊ ပြည်တွင်း/ ပြည်ပ အဖွဲ့အစည်းများနှင့်တွေ့ဆုံခြင်း၊ သင်တန်းများတက်ရောက်ခြင်း၊ စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များ ဖြန့်ဝေခြင်းတို့တွင် အချိန်တိုအတွင်း စုစည်းနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။

          သီးနှံအမျိုးအစားအလိုက် ဇုန်များဖွဲ့စည်းခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအနေဖြင့် တောင်သူများ စိုက်ပျိုးထုတ်လုပ်သည့်သီးနှံများ အရည်အသွေးနှင့်အရေအတွက် တိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် ဈေးကွက်ဝေစုပိုမိုရရှိရေး၊ အရည်အသွေးချင်းတူလျင် ဈေးနှုန်းယှဉ်ပြိုင်နိုင်ရေးနှင့် နာမည်ကောင်းရပြီး သီးနှံများကို တွင်တွင်ကျယ်ကျယ် တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်သူတောင်သူများ ပြည်တွင်း/ပြည်ပ ရောင်းဝယ်ဖောက်ကားသူများ Supply Chain ၊ Value Chain ပိုမိုမှန်ကန်လာစေရန် ဖြစ်ပါသည်။

အသင်းအဖွဲ့၊ အစုအဖွဲ့၊ သီးနှံဇုန်များ ဖွဲ့စည်းရာတွင် ဂရုပြုရမည့်အချက်များ

          အသင်းအဖွဲ့၊ အစုအဖွဲ့၊ သီးနှံဇုန်များ ဖွဲ့စည်းရာတွင် ချေးငွေမက်လုံးပေးစည်းရုံးခြင်းမျိုး မပြုရန်၊ အာမခံပေးခြင်း၊ ကတိကဝတ်ပြုခြင်းများမပြုရန်နှင့် ယုံကြည်မှုလျော့နည်းစေသည့် အပြုအမူများ မပြုလုပ်မိစေရန်လိုအပ်ပြီး အသင်းသားအချင်းချင်းအငြင်းပွားမှု၊ ပဋိပက္ခများ ဖြစ်ပေါ်လာပါက ဖြစ်စဉ်အပေါ် လေ့လာစုံစမ်း၍ သမာသမတ်ကျစွာ ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးရမည်ဖြစ်ပါသည်။  အသင်းတွင် ဖြစ်ပေါ်လာသည့် အခက်အခဲများကိုလည်း အသင်းသားများ ပူးပေါင်းဖြေရှင်းနိုင်မှသာ အောင်မြင်မည်ဖြစ်ပါသည်။ ကျေးရွာအုပ်ချုပ်ရေးမှူးမှအစ မြို့နယ်၊ ခရိုင်၊ တိုင်း/ပြည်နယ်ဒေသ အာဏာပိုင်အဖွဲ့အစည်းများ၊ လုပ်ငန်းနှင့်ပတ်သက်သည့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ရင်းနှီးကျွမ်းဝင်စွာ ဆက်ဆံတတ်စေရန်လည်း လိုအပ်ပါသည်။ သို့မှသာ သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍ၏ ဖွံ့ဖြိုးတိုးတက်ရေးကို အစုအဖွဲ့၊ အသင်းအဖွဲ့၏ စုပေါင်းအင်အားဖြင့် စွမ်းဆောင်နိုင်မည်ဖြစ်ပါသည်။

          ထို့အပြင် လုပ်ငန်းကဏ္ဍတစ်ခုတွင် ဖြစ်ပေါ်လာသည့်အခက်အခဲပြဿာနာများကို တစ်ဦး တစ်ယောက်ချင်းဖြင့် ဆောင်ရွက်ခြင်းထက် အသင်းအဖွဲ့၏ စုပေါင်းအင်အားဖြင့် ကျော်လွှား ဖြေရှင်းမှသာ ထိရောက်အောင်မြင်နိုင်မည်ဖြစ်ပါသည်။ အသင်းအဖွဲ့၊ အစုအဖွဲ့များတွင် ပါဝင်သူတိုင်းကလည်း မိမိတို့ကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေးကို ရှေ့ရှု၍ စည်းလုံးညီညွတ်စွာ တိုင်ပင်ဆွေးနွေးခြင်းဖြင့် အချိန်တိုတွင်းအောင်မြင်မှုအရွေ့များ ရရှိခံစားနိုင်မည်ဖြစ်ပါသည်။ မိမိတို့၏ လုပ်ငန်းကဏ္ဍနှင့်ပတ်သက်သည့် စီမံခန့်ခွဲမှုများကိုလည်း စနစ်တကျစီမံဆောင်ရွက်ကြရန် လိုအပ်သကဲ့သို့ စုပေါင်းဆောင်ရွက်လိုသည့် စိတ်ဆန္ဒဖြင့် စဉ်ဆက်မပြတ် တိုးတက်ရေးဟူသော ရည်မှန်းချက်ကို အားလုံးတူညီစွာ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်လည်း ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်းအဖွဲ့များ၊ အစုအဖွဲ့များ၊ ဇုန်များ၊ ကုန်စည်ဒိုင်များ ရှင်သန်ခိုင်မာအားကောင်းစေရေးနှင့် တိုးချဲ့ဖွဲ့စည်းနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ ဗဟိုအသင်းအဖွဲ့ချုပ်များနှင့် ပူးပေါင်းချိတ် ဆက် ဆောင်ရွက် ပေးလျက်ရှိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

တင်မိုးအောင်

မြစ်ကြီးနားမြို့နယ်ရှိ နောင်နန်းကျေးရွာ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခြင်း

       ၁၂-၁-၂၀၂၁ ရက်နေ့တွင် ကချင်ပြည်နယ် ၊ မြစ်ကြီးနားခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြစ်ကြီးနားမြို့နယ် ၊ နောင်နန်းကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံး၌ လက်လီ/လက်ကား‌ရောင်းချနေသော ကုန်စုံဆိုင်လုပ်ငန်းပိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်များရှင်းလင်းဆွေးနွေးခြင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော  Covid-19  လမ်းညွှန်ချက်များနှင့်အညီဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါ ရှင်းလင်းဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါအချက်များဖြစ်သော စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကုန်စည်များတွင်မြန်မာဘာသာနှင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာ တစ်ခုသို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့်အချက်များ ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၂၃)ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖျောက်ဖျက်ကျူးလွန်ပါက အခန်း(၂၆)ပါ  ပြစ်မှုပြစ်ဒဏ်များချမှတ်အရေးယူခံမည့်အကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးအသိပညာပေးခဲ့ပါသည်။ ထို့အပြင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ COVID-19ကာကွယ်၊ထိန်းချုပ်၊ ကုသရေးဆိုင်ရာကျန်းမာရေးအထောက်အကူပစ္စည်းများ၊ ဆေးဝါးများနှင့် စားသောက်ကုန်ပစ္စည်းများ ကို အရေးကြီးကုန်စည်(၃)မျိုးအဖြစ် သတ်မှတ်သည့် အမိန့်ကြော်ငြာစာအမှတ်၊ ၂၁/၂၀၂၀အရ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်းနှင့် ဈေးကစားရန်သိုလှောင်ခြင်းတို့ကို ပြုလုပ်ပါက အရေးကြီးကုန်စည်ပုဒ်မ(၅)အရ အရေးယူခံရမည်ဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော doca.gov.mm သို့ ဝင်ရောက်ကြည့်ရှု၍ တိုင်ကြားမှုများ ပြုလုပ်နိုင်ကြောင်းနှင့် မိမိတို့ဌာနအနေဖြင့် စားသုံးသူပြည်သူများ၏ နစ်နာဆုံးရှုံးမှုများအား ဖြေရှင်းဆောင်ရွက်လျက်ပေးခဲ့သော တိုင်ကြားမှုများ၏ အခြေအနေများကိုလည်းရှင်းလင်းဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ကချင်ပြည်နယ်

ကချင်ပြည်နယ်၊မိုးညှင်းခရိုင်အတွင်း စားသုံးသူရေးရာအသိပညာပေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်

      စားသုံးသူရေးရာဦးစီးဌာန၊မိုးညှင်းခရိုင် ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ၆-၁၀၂၀၂၁ ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ နန့်ဆော်လော်ကျေးရွာအုပ်စုတွင်လည်းကောင်း၊ ၇.၁.၂၀၂၁ ရက်နေ့တွင် နန်းမားမြို့နယ်၊ ကျွန်းပင်သာကျေးရွာတွင်လည်းကောင်း  စားသုံးသူရေးရာနှင့်ပတ်သက်သည့် ဆွေးနွေးဟောပြောမှုများ ဆောင်ရွက်ခဲ့ရာ စားသုံးသူကာကွယ်ရေး ပေါ်ပေါက်လာပုံ၊ စားသုံးသူရေးရာဦးစီးဌာန၏သမိုင်း ၊ စားသုံးသူရေးကာကွယ်ရေးဥပဒေ(၂၀၁၉)ပြဌာန်းချက်ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားနိုင်သည့် နည်းလမ်းများနှင့် ဖြေရှင်းဆောင်ရွက်ပေးနေမှုတို့ကို ဆွေးနွေးခဲ့ပြီး စားသုံးသူ ကာကွယ်ရေးဥပဒေပါ အခန်း(၁၈)ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သိကောင်းစရာများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်တို့ကို အသေးစိပ်ဆွေးနွေးခဲ့ပြီး စားသုံးသူများအနေဖြင့် နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက နစ်နာဆုံးရှုံးမှု များကို လူကိုယ်ဖြစ်စေ Phone၊ Mail၊ Fax၊ Website နှင့် mobile application တို့မှဖြစ်စေ တိုင်ကြားနိုင်သည့်အခြေအနေများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်ကြသူများက မေးမြန်းမှုများအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြကြောင်း သတင်းရရှိပါသည်။

ကချင်ပြည်နယ်(DOCA)

မြစ်ကြီးနားမြို့နယ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      ၅.၁.၂၀၂၁ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးဆောင်သောအဖွဲ့သည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်အတွင်းရှိ လျှပ်စစ်ပစ္စည်းနှင့် အိမ်သုံးပစ္စည်းများ ဖြန့်ဖြူးရောင်းချသည့် လက်လီလက်ကားအရောင်းဆိုင်များသို့ သွားရောက်ပြီး ပြည်ပမှ တရားတင်သွင်းလာသော ရောင်းချရန်နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်အညီ ဆောင်ရွက်ထားသော ကုန်စည်များအား ရောင်းချနေမှု ရှိ/မရှိအခြေအနေအား ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ တရားဝင်တင်သွင်းထားသော လျှပ်စစ်ပစ္စည်းများသာ ရောင်းချလျက်ရှိကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားနှင့်ညီသော ပစ္စည်းများကိုသာရောင်းချလျက်ရှိကြောင်း သိရှိခဲ့ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ကချင်ပြည်နယ်

ဝန်းသိုမြို့နယ်တွင် ဖရဲစိုက်တောင်သူများ (GAP)စိုက်စနစ်နှင့်အညီ စိုက်ပျိုးနိုင်ရေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်

     စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနတွင် ဖရဲစိုက်တောင်သူများ GAP စနစ်နှင့်အညီ စိုက်ပျိုးနိုင်ရေးဆွေးနွေးဟောပြောပွဲကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၇)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင့်ဆွေနှင့်အတူ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန်းပိုနှင့်အဖွဲ့၊ မြို့နယ် သီးနှံကာကွယ်ရေးတာဝန်ခံနှင့် ဖရဲစိုက်တောင်သူ (၁၇)ဦး တက်ရောက်ခဲ့ပါသည်။

          အဆိုပါ ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး က ဖရဲစိုက်တောင်သူများအနေဖြင့် အစုအဖွဲ့ ဖွဲ့စည်းရန် လိုအပ်ကြောင်းနှင့် ဖရဲစိုက်ပျိုးရာတွင် နိုင်ငံတော်မှ တရားဝင်ခွင့်ပြုထားသော ဓါတ်မြေဩဇာ / ပိုးသတ်ဆေးများကိုသာ အသုံးပြုရန် လိုအပ်ကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။

    ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေးများကို ရောင်းချခွင့်လိုင်စင် ပြုလုပ်ထားသော ဆိုင်များမှ ဝယ်ယူသုံးစွဲရန်၊ စိုက်ပျိုးရာသီတစ်လျှောက် အစားအစာဘေးအန္တရာယ် ကင်းရှင်းရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်၊ သီးနှံအရည်အသွေးကောင်းမွန်ရေးနှင့် ကိုဗစ်-၁၉ ကာလဖြစ်၍ လုပ်သားများ၏ ကျန်းမာရေး၊ လူမှုဘဝသာယာရေးတို့ကို ရှေးရှု၍ GAP စနစ်နှင့်အညီ စိုက်ပျိုးကြရန်၊ ရေရယူသုံးစွဲရန်အတွက် ကြိုတင်၍ ရေယူမည့်အစီအစဉ်များအား တင်ပြတောင်းခံ သွားရန် ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသော တောင်သူများမှလည်း လုပ်ငန်းအခက်အခဲ များ၊ လိုအပ်သည်များ ဆွေးနွေးတင်ပြခဲ့ကြကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ကသာခရိုင်

စစ်ကိုင်းတိုင်းဒေသကြီးတွင် ဆန်စပါးဒေသကော်မတီ(၁)ဖွဲ့စည်း

       ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကန့်ဘလူခရိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ခန်းမ ၌ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီး ဒေသကော်မတီ (၁) အလုပ်မှုဆောင်ရွေးချယ်ပွဲကို Zoom Application မှတဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

      အဆိုပါ အလုပ်အမှုဆောင်ရွေးချယ်ပွဲတွင် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကန့်ဘလူမြို့နယ် အလုပ်အမှုဆောင်(၁၀)ဦးနှင့် ကျွန်းလှမြို့နယ်အလုပ် အမှုဆောင်(၁၀)ဦး စုစုပေါင်း အလုပ်အမှုဆောင် (၂၅)ဦး တက်ရောက်ခဲ့ပါသည်။ ပထမဦးစွာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဌ ဦးရဲမင်းအောင် က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး ဒေသကော်မတီ(၁)တွင် ပါဝင်သောမြို့နယ်(၈)မြို့နယ် မှ အလုပ်အမှုဆောင်(၈၀)ဦးအနက်မှ ဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ တွဲဖက်ဘဏ္ဍာရေးမှူး၊ စာရင်းစစ်၊ တွဲဖက်စာရင်းစစ်နှင့် ပြန်ကြားရေးမှူးများကို ရွှေးချယ်ခဲ့ရာ တက်ရောက်လာသူများမှ အဆိုပြု၊ ထောက်ခံစနစ်ဖြင့် ရွေးချယ်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဌမှ နိဂုံးချုပ်အမှာ စကားပြောကြားကာ အောင်မြင်စွာဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိပါသည်။ 

စစ်ကိုင်းတိုင်းဒေသကြီး(DOCA)

ကောလင်းမြို့ရှိ စားသောက်ကုန်လုပ်ငန်းရှင်နှင့်တွေ့ဆုံ

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ(၈)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ကောလင်းမြို့ပေါ်ရှိ ရေသန့်စက်များနှင့် ခေါက်ဆွဲလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသောက်ကုန်လုပ်ငန်းများအား (FDA) ထောက်ခံချက်ရရှိမှု ရှိ/မရှိ စစ်ဆေးခြင်းများနှင့် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသား ဖော်ပြမှု ရှိ/မရှိ စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် လျှောက်ထားခြင်းများနှင့်ပတ်သက်၍လည်း အကြံပြု ရှင်းလင်းဆွေးနွေးပြောကြားကာ ကုန်စည် အမျိုးအစားအလိုက် ထည့်သွင်းရမည့် ကုန်အညွှန်း သတ်မှတ်ချက် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန
ကသာခရိုင်

ဝန်းသိုမြို့ စည်ပင်သာယာဈေးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

      စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ကောလင်းခရိုင် မှ တာဝန်ရှိသူများက ဦးဆောင်၍ ဝန်းသိုမြို့နယ် စည်ပင်သာယာဈေးအတွင်း ရောင်းချနေသော ဈေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၇)ရက်နေ့ တွင် ကုန်စုံဆိုင်များ၌ တားမြစ်ကုန်စည်များရောင်းချမှု ရှိ၊ မရှိ စစ်ဆေးခြင်း၊ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ၊ ဆေးဝါးများနှင့် စားသောက်ကုန်ပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ၊မရှိ စစ်ဆေးခြင်း နှင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြခြင်း ရှိ၊ မရှိ စစ်ဆေးခြင်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ် ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ စစ်ဆေးခဲ့ပြီး ရောင်းချသူဆိုင်ရှင်များအား သက်တမ်းလွန် စားသောက်များ ရောင်းချခြင်း မပြုရန်၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြပြီးမှသာ ရောင်းချကြရန် ဆွေးနွေးပြောကြားခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန
ကသာခရိုင်

ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုမှ အမျိုးသားအကျိုးစီးပွားဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆီသို့ …

ပြည်တွင်းကုန်သွယ်ရေးဆိုသည်မှာ

          ပြည်တွင်းကုန်သွယ်ရေး(Domestic Trade) ဟုဆိုရာ၌ ပြည်တွင်း၌ထွက်ရှိသည့် ထွက်ကုန်များ၊ ပြည်တွင်း၌ ထုတ်လုပ်သည့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို နိုင်ငံ၏ နယ်နိမိတ်ဧရိယာအတွင်း ဒေသ တွင်း၌ လည်းကောင်း၊ ဒေသတစ်ခုမှ အခြားဒေသတစ်ခုသို့လည်းကောင်း ရောင်းဝယ်ခြင်း၊ ဖလှယ်ခြင်း ပြုလုပ်ခြင်းပင် ဖြစ်ပါသည်။ ထိုသို့ ကုန်သွယ်ရောင်းဝယ်မှုပြုရာတွင် လက်ကားရောင်းဝယ်ခြင်း (Wholesale trade) နှင့် လက်လီရောင်းဝယ်ခြင်း (Retail trade) ဟူ၍ (၂) ပိုင်း ပါဝင်ပါသည်။ လက် ကားကုန်သွယ်ရောင်းဝယ်ခြင်းသည် ကုန်ပစ္စည်းများကို ကုန်ထုတ်လုပ်သူများ၊ ကုန်သည်များထံမှ ပမာဏများများ ဝယ်ယူ၍ လက်လီရောင်းသူများ၊ စားသုံးသူများထံသို့ ပမာဏအနည်းငယ်စီဖြင့် ပြန်လည်ရောင်းချခြင်းဖြစ်ပြီး လက်ကားကုန်သည်များ၊ လက်ကားကိုယ်စားလှယ်အဖွဲ့များက လုပ် ကိုင်ဆောင်ရွက်လေ့ရှိကြပါသည်။ လက်လီရောင်းဝယ်ခြင်းမှာ လက်လီရောင်းဝယ်သူများက ပမာဏ အနည်းငယ်စီဖြင့် စားသုံးသူများထံ တိုက်ရိုက်ရောင်းချမှုပြုလုပ်ကြခြင်း ဖြစ်ပါသည်။

          ပြည်တွင်းကုန်သွယ်ရေးသည် နိုင်ငံတစ်နိုင်ငံအတွက် များစွာအရေးပါသော ကဏ္ဍတစ်ခုဖြစ်ပြီး ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးခြင်းဖြင့် နိုင်ငံအတွင်းရှိ ထွက်ကုန်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်း များ စီးဆင်းခြင်းကို လွယ်ကူချောမွေ့စေမည့်အပြင် ပြည်တွင်းထုတ်လုပ်မှုနှင့် နိုင်ငံ့စီးပွားရေးကိုပါ တိုးတက်စေမည် ဖြစ်ပါသည်။ ထိုသို့ ကုန်စည်နှင့်ဝန်ဆောင်မှုများ နိုင်ငံအတွင်း ဒေသအနှံ့အပြားသို့ ဖြန့်ကျက်စီးဆင်းစေခြင်းဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ခြင်း၊ လူနေမှုအဆင့် အတန်း မြင့်မားခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများကိုပါ တိုးတက်စေနိုင်မည်ဖြစ်ပေသည်။ ထို့ပြင် ပြည်တွင်း၌ ကုန်ကြမ်းထွက်ကုန်များ ပေါများစွာရရှိခြင်းဖြင့်လည်း စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးခြင်း အတွက်ပါ အထောက်အပံ့ဖြစ်စေနိုင်မည် ဖြစ်ပါသည်။ ပြည်ပကုန်သည်များအနေဖြင့်လည်း လိုအပ် သည့်ကုန်ပစ္စည်းများ ရရှိရန်နှင့် ပြည်တွင်းသို့ လာရောက်ရန် မလွယ်ကူခြင်းတို့ကြောင့် ပြည်တွင်း ကုန်သည်များနှင့်ချိတ်ဆက်ကာ ကုန်သွယ်မှုပြုလုပ်ကြလေ့ရှိပါသည်။ ထို့ကြောင့် ပြည်တွင်းကုန်သွယ် ရေးသည် ပြည်တွင်းထုတ်လုပ်မှု၊ ကုန်သွယ်ရောင်းဝယ်မှုနှင့် စက်မှုလုပ်ငန်းများ တိုးတက်ရန်အတွက် အကျိုးဖြစ်ထွန်းစေရုံသာမက ပြည်ပကုန်သွယ်ရေးအတွက်ပါ အထောက်အပံ့ဖြစ်စေသည့် ကြီးမားသော ကဏ္ဍတစ်ရပ်ပင် ဖြစ်ပါသည်။

ကုန်သွယ်မှုဆိုရာတွင် ထုတ်လုပ်မှုသည်အဓိကနှင့် ပြည်တွင်းထုတ်လုပ်မှု တိုးတက်စေရေး

          ကုန်သွယ်မှုဟုဆိုရာတွင် ထုတ်လုပ်မှု (Production) သည် အဓိကအကျဆုံးသော ကဏ္ဍတစ်ခု ဖြစ်ပါသည်။ ထုတ်လုပ်မှုမရှိပါက ကုန်သွယ်ရောင်းဝယ်မှုကို မည်သို့မျှ ပြုလုပ်နိုင်မည်မဟုတ်ပေ။ ထုတ် လုပ်မှုဟုဆိုရာတွင် Mass Production ကို အခြေခံသည့် Quantity-base-Production (အရေအတွက် အခြေခံထုတ်လုပ်ခြင်း) ဖြစ်ရန် လိုအပ်သကဲ့သို့ အရည်အသွေးကို အခြေခံသည့် Quality-base-Production (အရည်အသွေးအခြေခံထုတ်လုပ်ခြင်း) ဖြစ်ရန်လည်း လိုအပ်ပါသည်။ အထူးသဖြင့် ဈေးကွက်၏ ဝယ်လိုအား၊ ဈေးကွက်၏ လိုအပ်ချက်ပေါ်မူတည်၍ စနစ်တကျထုတ်လုပ်ကြရမည် ဖြစ်ပါ သည်။ တစ်နည်းဆိုရလျှင် ပြည်တွင်းကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာ၌ အရေ အတွက်နှင့် အရည်အသွေးတို့ကို အခြေခံသည့် ထုတ်လုပ်ခြင်းအား အားပေးဆောင်ရွက်ကြရန် လိုအပ် လျက်ရှိပါသည်။

          ထုတ်လုပ်မှုတွင် တစ်ဦးတစ်ယောက်ချင်းဖြင့် ဆောင်ရွက်ပါက လိုအပ်သောပမာဏ၊ လိုအပ် သော အရည်အသွေးများကို ရရှိရန်ခက်ခဲမည် ဖြစ်ပါသည်။ အစုအဖွဲ့၊ အသင်းအဖွဲ့များဖြင့် ဇုန်များ တည်ထောင်၍ ထုတ်လုပ်ခြင်း၊ Contract farming စနစ်များဖြင့် အကောင်အထည်ဖော်ဆောင်ရွက် ခြင်းများသည်သာ များစွာထိရောက်နိုင်မည် ဖြစ်ပါသည်။ ထိုသို့​ ဆောင်ရွက်နိုင်ရန် စိုက်ပျိုးထုတ် လုပ်သူများ၊ သက်ဆိုင်ရာအသင်းအဖွဲ့များ၊ ကုန်သည်လုပ်ငန်းရှင်များက စနစ်တကျ ပူးပေါင်းအကောင် အထည်ဖော်ရန် လိုအပ်ပြီး သက်ဆိုင်ရာအစိုးရဌာနများ၊ ဒေသဆိုင်ရာ အစိုးရအဖွဲ့များက ပေါင်းစပ် ညှိနှိုင်းကာ အားပေးကူညီရန် လိုအပ်ပါသည်။ ထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်  လိုအပ် သောအရင်းအမြစ်များ ကူညီထောက်ပံ့ခြင်းအပြင် စိုက်ပျိုးထုတ်လုပ်မှုအတွက် အရေးပါသော သတင်း အချက်အလက်များကိုလည်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ကူညီပံ့ပိုးပေးရန်လည်း လိုအပ်ပါသည်။ ဈေးကွက်၏ ဝယ်လိုအားနှင့် အရည်အသွေးလိုအပ်ချက် ကဲ့သို့သော အရေးကြီးသည့် သတင်းအချက် အလက်များကို စိုက်ပျိုးထုတ်လုပ်သူများ အချိန်နှင့်တပြေးညီသိရှိ၍ စနစ်တကျထုတ်လုပ်နိုင်ရေး အတွက် ဆောင်ရွက်ပေးကြရမည်ဖြစ်ပါသည်။

အထူးသဖြင့် ပြည်တွင်းကုန်သွယ်မှုသည် ထုတ်လုပ်သည်မှ တင်ပို့ရောင်းချသည်အထိ Supply Chain တစ်လျှောက်လုံးတွင် ပါဝင်ပတ်သက်လျှက်ရှိသည့်အတွက် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ထုတ်လုပ်မှုကဏ္ဍကို အထူးအလေးထားကာ ဆောင်ရွက်သွားကြရန် လိုအပ်ပေသည်။ ထုတ်လုပ်မှုကို ပုဂ္ဂလိကကဏ္ဍမှ အဓိကဆောင်ရွက်ကြသည်ဆိုသော်လည်း နိုင်ငံတော် အနေဖြင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာ အစိုးရ ဌာနများကလည်း ထုတ်လုပ်မှုတိုးတက်ရေးအတွက် ပါဝင်ပေါင်းစပ်ဆောင်ရွက်သွားရန် လိုအပ်ပါသည်။ ထို့ကြောင့် " ထုတ်လုပ်မှုနှင့် ပတ်သက်၍ ဒေသအလိုက်၊ ထွက်ကုန်များအလိုက် ထုတ်လုပ်မှုဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များကို စနစ်တကျလေ့လာပြုစုခြင်း၊ အရည်အသွေးနှင့်အရေအတွက်တို့ကို အခြေခံ၍ ဟန်ချက်ညီစွာ ထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးထုတ်လုပ်သူများ၊ ကုန်သည်လုပ်ငန်းရှင် များနှင့် အစိုးရဌာနများ အချင်းချင်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်း၊ ဒေသတွင်း ကုန်သွယ်မှုအခြေ အနေများကို လေ့လာဆန်းစစ်ခြင်းနှင့် သတင်းအချက်အလက်များ ပံ့ပိုးဆောင်ရွက်ခြင်း" စသည့် ပြည်တွင်းကုန်သွယ်ရေး ဖွံ့ဖြိုးမှုအတွက် အရေးပါသည့် လုပ်ငန်းများကို အစီအမံများချမှတ်၍ ဆောင် ရွက်သွားရန် အထူးလိုအပ်ပါသည်။

ယခုဆောင်းပါးတွင်ပါရှိသည့် အချို့သော အကြောင်းအရာများသည် စာရေးသူ၏ အာဘော်မျှသာ ဖြစ်ပါသည်။)ဆက်လက်ဖော်ပြပါအုံးမည် … ။
  အောင်ဆန်းလင်း(DOCA)

ကျောက်မဲမြို့တွင် ဈေးကွက်စောင့်ကြည့်လေ့လာစစ်ဆေးခြင်း

         ကျောက်မဲခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ၂၀၂၀ခုနှစ် ဒီဇင်ဘာလ ( စတုတ္ထအပတ် ) အတွင်း ကျောက်မဲမြို့ပေါ်ရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင် ၅ ဆိုင် အား ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။ ယင်းသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဂတ်(စ်) မီးဖို၊ ရေပူချိုးစက်၊ အကင်စက်၊ ထမင်းပေါင်းအိုး ၊ လျှပ်စစ်မီးဖိုနှင့် အခြား အိမ်သုံးလျှပ်စစ်ပစ္စည်းများ ရောင်းချနေမှုအခြေအနေနှင့် ရောင်းချသည့် ကုန်ပစ္စည်းများ တရားဝင်တင်သွင်းဖြန့်ဖြူးရောင်းချရန် ၊ ရောင်းချသည့် ကုန်ပစ္စည်းများသည် သက်ဆိုင်ရာဌာနများ၏ ဥပဒေ ၊ ညွှန်ကြားချက်များနှင့်ကိုက်ညီသည့် ကုန်ပစ္စည်းများကို ရောင်းချရန်၊ ကုန်ပစ္စည်းများတွင် မြန်မာစာသားဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရန်တို့ကို လုပ်ငန်းရှင်များအားအသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်(DOCA)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ