Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တောင်ငူမြို့နယ် မူလွန်၊ တောင်ကွေ့ဈေးတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

             စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် တောင်ငူမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံး/ထုတ်လုံ တာဝန်ခံ ဦးမင်းဇော်နှင့်အတူ ဩဂုတ်လ ၈ ရက်နေ့ နေ့လယ်ပိုင်းက တောင်ငူမြို့ တောင်ကွေ့ဈေး အခြေခံပညာမူလတန်းလွန် ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

              ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးမြင့်သူက စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် ဌာနမှ ဆောင်ရွက်နေမှုများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက တိုင်ကြားနိုင်မှုများ၊ ဈေးကွက်အတွင်း ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ ဦးစားပေးဖတ်ရှုသင့်သည့်အကြောင်းများကို ရှင်းလင်းဟောပြောခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ ၈၇ ဦး တက်ရောက်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ဘီးလင်းမြို့နယ် အခြေခံပညာကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း

               ၈.၈.၂၀၂၂ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ဘီးလင်းမြို့နယ် ရေဖြူကန်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

       အဆိုပါဟောပြောပွဲတွင် ဘီးလင်းမြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအားလည်းကောင်း၊ ဒု-ဦးစီးမှူး ဦးစည်သူက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်းအညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ စားသုံးသူထိခိုက်နစ်နာမှုအတွက် တိုင်ကြားခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

                အဆိုပါဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၂၅) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

 

ဘီးလင်းမြို့နယ်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ဆောင်ရွက်ခြင်း

            ၉.၈.၂၀၂၂ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဘီးလင်းမြို့နယ်၊ နှင်းပုလဲရပ်ကွက်ရှိ လမ်းဘေး ဝဲ/ယာ ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဆိုင်းခန်း (၇) ခန်း၌ ရောင်းချနေသော ပစ္စည်းများမှာ တားမြစ်ထားသော ကုန်ပစ္စည်းများ၊ ရက်လွန်ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

အ.ထ.က (၁) မော်လမြိုင်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

       မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မော်လမြိုင်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်နှင့် ဝန်ထမ်းများသည် မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် မော်လမြိုင်မြို့ အ.ထ.က (၁) ကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပါသည်။

        အဆိုပါဟောပြောပွဲတွင် အထက (၁)  မော်လမြိုင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ဦးစီးမှူးက စားသုံးသူ အခွင့်အရေး (၈) ချက် နှင့် တာဝန်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကို အသုံးပြုခြင်းကြောင့် အမှန်တကယ်နစ်နာဆုံးရှုံးမှုများကိုလည်း တိုင်ကြားနိုင်ပါကြောင်း၊ တိုင်း/ပြည်နယ်/ခရိုင်များ တွင်လည်း စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးများကိုလည်း ဖွင့်လှစ်ထားရှိပါကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

         ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က လူငယ်နှင့်ဘဝရည်မှန်းချက်ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပါသည်။

        ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ဦးစီးမှူးမှ ကျောင်းအုပ်ဆရာမကြီးထံသို့ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ပေးအပ်ခဲ့ပြီး အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၁၇၉) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

စီးပွားရေးလုပ်ငန်းရှင်၏ အခန်းကဏ္ဍ သိမှတ်စရာ

            စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ထောက်ပံ့ပေးခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်း ကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်း နှင့်သော်လည်းကောင်း ဆောင်ရွက်သူကိုဆိုပါသည်။ စီးပွားရေးလုပ်ငန်းများတွင် အသေးစား၊ အငယ်စား၊ အလတ်စား။ အကြီးစားလုပ်ငန်း စသည့်ဖြင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများ ရှိကြ ပါသည်။

          စားသုံးသူကာကွယ်ရေးဥပဒေအရ စီးပွားရေးလုပ်ငန်းရှင်များနှင့်ပတ်သက်သော စားသုံးသူ ကာကွယ်ရေးလုပ်ဆောင်မှုတို့ကို ဖော်ပြထားပါသည်။ စီးပွားရေးလုပ်ငန်းရှင်များက ကုန်စည်နှင့် ဝန်ဆောင်မှုကို စားသုံးသူတွေဆီသို့ နည်းလမ်းမျိုးစုံဖြင့် ရောင်းချခြင်း၊ ဝန်ဆောင်မှုပေးခြင်းတို့ လုပ်ဆောင်ရပါသည်။ ကုန်စည်ဆိုသည်မှာ စားသုံးသူကိုယ်တိုင်အတွက်သော်လည်းကောင်း၊ အခြားသူများအတွက်သော်လည်းကောင်း၊ ရည်ရွယ်၍ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ သို့မဟုတ် စားသုံးခြင်းပြုသော အရာဝတ္ထုကိုဆိုလိုပါသည်။ ယင်းစကားရပ်တွင် ငွေရေးကြေးရေးဆိုင်ရာ လွှဲပြောင်းနိုင်သော စာချုပ်စာတမ်း၊ အစုရှယ်ယာ၊ ငွေချေးလက်မှတ်၊ ငွေကြေးစသည့်ကိစ္စရပ်များ လည်းပါဝင်ပါသည်။ ဝန်ဆောင်မှုဆိုသည်မှာ လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှုအသွင်ဖြင့် စားသုံးသူ၏လိုအပ်ချက်ကို တန်ဖိုးဖြင့်ဖြစ်စေ၊ တန်ဖိုးမပါဘဲဖြစ်စေ၊ ဖြည့်ဆည်းပေးသည့် ဆောင်ရွက်မှုကိုဆိုပါသည်။ ကုန်သွယ်မှုဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တန်ဖိုး သတ်မှတ်၍ အကျိုးအမြတ်ရရှိစေရန် ရည်ရွယ်ဆောင်ရွက်သော ပြုလုပ်မှုဖြစ်ပါသည်။

          စီးပွားရေးလုပ်ငန်းရှင်များသိရှိစေရန် စားသုံးသူကာကွယ်ရေးဥပဒေတွင် အခန်း(၁၀)၌ ဖော်ပြထားသော စီးပွားရေးလုပ်ငန်းရှင်တာဝန် (၁၁)ချက်ကို သိရှိထားပါမည်။ ထိုအချက်အလက် များမှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူကိုခွဲခြားမှုမရှိဘဲ ဖြောင့်မတ် မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ် မှန်ကန်စွာဆောင်ရွက်ခြင်း၊ ကုန်သွယ်မှုပြုရန်နှင့် ထုတ်လုပ်မှုပြုရန်အလို့ငှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်ပတ်သက်၍      သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်း များက သတ်မှတ်ထားသည့်အရည်အသွေး စံသတ်မှတ်ချက်များအပေါ်အခြေခံ၍ အာမခံချက် ပေးခြင်း၊ အရည်အသွေးစမ်းသပ်ရန်လိုအပ်သော ကုန်စည်နှင့်စပ်လျဉ်း၍ ဝယ်ယူခြင်း မပြုမီ စားသုံးသူများကို စမ်းသပ်နိုင်သည့် အခွင့်အရေးပေးခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍ ထပ်မံပေးချေရမည့်တန်ဖိုးကို စားသုံးသူကဝယ်ယူအသုံးမပြုမီ သိရှိစေရန်အတိ အလင်း ဖော်ပြပေးခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပွားမည့်ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း၊ သွယ်ဝိုက်ရောင်းချခြင်းကို ရှောင်ကြဉ်ခြင်း၊ ကတိပြုထားသော အာမခံချက်နှင့်ကိုက်ညီမှုမရှိပါက ကတိပြုထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးခြင်း၊ အငြင်းပွားမှုကိုညှိနှိုင်းဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေးနည်းလမ်း များဖြင့်ဖြစ်စေ၊ အခြား နည်းလမ်းဖြင့်ဖြစ်စေ၊ စားသုံးသူအပေါ်ထိခိုက်နစ်နာစေရန် ခြိမ်းခြောက်ခြင်း၊ မဟုတ်မမှန် ပြောဆိုခြင်း၊ ရေးသားခြင်းနှင့်ပြုမှုခြင်းတို့ကို ရှောင်ကြဉ်ခြင်း၊ ထုတ်လုပ်သည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုတွင်ဘေးအန္တရာယ်ရှိကြောင်းကို မိမိကိုယ်တိုင်သော်လည်း ကောင်း၊ အခြားနည်းလမ်း တစ်ခုခုအရသော်လည်းကောင်းသိရှိလျှင် အဆိုပါအကြောင်းအရာအား ဦးစီးဌာနနှင့်စားသုံးသူများ ထံ အချိန်မီသိရှိနိုင်စေရန် လူထုဆက်သွယ်ရေးနည်းလမ်းဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းများ ဖြင့်ဖြစ်စေ အသိပေးခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အငြင်းပွားမှုကိစ္စရပ်များ ဖြစ်ပေါ်ခဲ့ပါက သက်ဆိုင်ရာကော်မတီ၏ ဖြေရှင်းဆောင်ရွက်ပေးမှုနှင့်ဆုံးဖြတ်ချက်ကို အလေး ထား လိုက်နာဆောင်ရွက်ရန်တို့ကို စီးပွားရေးလုပ်ငန်းရှင်များက တာဝန် ဆောင်ရွက်ရ မည်ဖြစ် ပါသည်။

          အချို့သောစီးပွားရေးလုပ်ကိုင်သူများမှာရည်ရွယ်ချက်နှင့်(Target)ပြည့်မီရေး၊ စွန့်ဦးတီထွင်  လုပ်ကိုင်ရေး၊ဈေးကွက်သို့စတင်ထိုးဖောက်လုပ်ကိုင်ရေး၊ ဈေးကွက်တင်ရောင်းချခြင်း (Marketing) ဆောင်ရွက်လုပ်ကိုင်ရေး၊ စားသုံးသူများလက်ခံအားပေးစေချင်သော စိတ်ဆန္ဒဖြင့်လုပ်ကိုင်ရေး မည်သည့်အကြောင်းအရာဖြင့် လုပ်ကိုင်သည့်စီးပွားရေးလုပ်ငန်းရှင်မည်သူမဆို စားသုံးသူ ကာကွယ်ရေးဥပဒေကို အဓိကထားပြီး လေ့လာသိရှိရမည်ဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းရှင်များ က စားသုံးသူများအပေါ် လိမ်လည်လှည့်ဖြားခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ ကြော်ငြာခြင်း၊ အရောင်းမြှင့်တင်ခြင်းကိစ္စရပ်များကို သတိမပျက်ရှောင်ကြဉ်ရန် အရေးကြီးလှပါသည်။

လိမ်လည်လှည့်ဖြားခြင်း

          လိမ်လည်လှည့်ဖြားခြင်းဆိုသည်က ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ မှားယွင်းသောဖော်ပြခြင်းဖြင့်ဖြစ်စေ၊ မမှန်ကန်သောကြော်ငြာခြင်းဖြင့်ဖြစ်စေ၊ မရိုးမဖြောင့်သော သဘောဖြင့်ဖြစ်စေ စားသုံးသူက လွဲမှားစွာလက်ခံစေရန် ရည်ရွယ်၍ဆောင်ရွက်မှုဖြစ်ပါသည်။

ထင်ယောင်ထင်မှားဖြစ်ခြင်း

          ထင်ယောင်ထင်မှားဖြစ်ခြင်း ဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် သဘာဝအရည်အသွေးကိုဖြစ်စေ၊ သတ်မှတ်ထားသော စံချိန်စံညွှန်းကိုဖြစ်စေ၊ ရည်ရွယ်ချက်ကို ဖြစ်စေ၊ အရေအတွက်ကိုဖြစ်စေ၊ စားသုံးသူကိုလွဲမှားယူဆမှုဖြစ်စေသောပြုလုပ်မှုကိုဆိုပါသည်။

ကြော်ငြာခြင်း

          ကြော်ငြာခြင်းဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စာဖြင့်ဖြစ်စေ၊ အမူအယာဖြင့်ဖြစ်စေ၊ အသံဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းဖြင့်ဖြစ်စေ စားသုံးသူသိရှိစေရန် ရည်ရွယ် ၍ဆောင်ရွက်မှုကိုဆိုပါသည်။

အရောင်းမြှင့်တင်ခြင်း

          အရောင်းမြှင့်တင်ခြင်းဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ များ ပိုမိုသိရှိနားလည်၍ အသုံးပြုမှုတိုးပွားလာစေရန်အလို့ငှာ နည်းလမ်းတစ်မျိုးမျိုးဖြင့်ဖြစ်စေ၊ တစ်မျိုးထက်ပိုသောနည်းလမ်းဖြင့်ဖြစ်စေ ပြုလုပ်သည့်ဆောင်ရွက်မှုကိုဆိုပါသည်။

ကုန်အညွှန်းအမှတ်အသား

          ကုန်အညွှန်းအမှတ်အသားဆိုသည်မှာ ကုန်စည် သို့မဟုတ် ကုန်စည်ထုပ်ပိုးမှုအပြင် အဆင်ပေါ်တွင် စာဖြင့်ရေးသား၍ဖြစ်စေ၊ ပုံနှိပ်၍ဖြစ်စေ၊ အခြားနည်းတစ်ရပ်ရပ်ဖြင့်ဖြစ်စေ၊ ဖော်ပြ ထားသည့် ကုန်စည်နှင့်သက်ဆိုင်သည့်အချက်အလက် သို့မဟုတ် အမှတ်အသားကို ဆိုလိုခြင်း ဖြစ် ပါသည်။

          စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် အသေးစိတ်အချက်အလက်တို့မှာ (က)ကုန်စည်၏တံဆိပ် အမှတ်အသား၊ (ခ)ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊  ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ (ဂ) ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံး      

သည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ (ဃ) ပြည်တွင်းသို့တင်သွင်းလာသည့်ကုန်စည်ဖြစ်ပါက တင်သွင်းသူ၏အမည်နှင့်လိပ်စာ၊ ထုတ်လုပ်သည့်လုပ်ငန်းအမည်နှင့်လိပ်စာ၊ (င) ထုတ်လုပ်သည့် နေရာ သို့မဟုတ် ပြည်ပမှ ကုန်စည်များတင်သွင်းပြီး ပြန်လည်ထုပ်ပိုးသည့်နေရာ၊ (စ) ကုန်စည် တွင်ပါဝင်သော ကုန်ကြမ်းပစ္စည်းအမျိုးအမည်နှင့် ပစ္စည်းများ၏ပမာဏပါဝင်မှုအချိုးအစား၊           (ဆ) ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ (ဇ) သက်ဆိုင်ရာအစိုးရဌာနများက ဖော်ပြရန်သတ်မှတ်ထားသော အချက် အလက်များဖြစ်ပါသည်။

          ဆက်လက်၍ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေတွင် အခန်း(၂၃) တားမြစ်ချက်များအကြောင်းကို လေ့လာမှတ်သားသိရှိထားရန် ဖော်ပြပေးစေချင်ပါ သည်။

ပုဒ်မ ၆၃ တွင် စီးပွားရေးလုပ်ငန်းရှင် မည်သူမျှကြော်ငြာခြင်းမပြုရ-

          ပုဒ်မ ၆၃ တွင် စီးပွားရေးလုပ်ငန်းရှင် မည်သူမျှကြော်ငြာခြင်းမပြုရန် ကြော်ငြာအမျိုးအစား (၆)မျိုးကိုဖော်ပြပါမည်။ (က)ကုန်စည်အရည်အသွေး၊အရေအတွက် ပါဝင်သောပစ္စည်းများ၊ အသုံး ပြုပုံ၊ ဈေးနှုန်း၊ ဝန်ဆောင်မှုနှုန်းထားနှင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ပေးအပ်နိုင်သည့် အချိန်တို့နှင့်စပ်လျဉ်း၍လိမ်လည်လှည့်ဖြားခြင်း ပြုထားသောကြော်ငြာများ၊ (ခ)ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏အာမခံပေးထားမှုနှင့်စပ်လျဉ်း၍ လိမ်လည်လှည့်ဖြားခြင်းပြုထားသော ကြော်ငြာများ၊ (ဂ)ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ မဟုတ်မမှန်သော သတင်း အချက်အလက်များပါဝင်သည့်ကြော်ငြာများ၊ (ဃ)ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို အသုံးပြု ခြင်းဖြင့် အန္တရာယ်ရှိမှုကို အသိပေးခြင်းမရှိသော ကြော်ငြာများ (င) သက်ဆိုင်သူ၏ခွင့်ပြုချက်    မရရှိဘဲ တစ်စုံတစ်ဦး သို့မဟုတ် အဖြစ်အပျက်တစ်ခုအပေါ် အသုံးပြုထားသော ကြော်ငြာများ၊      (စ) တည်ဆဲဥပဒေများ၊ လူမှုကျင့်ဝတ်များနှင့် ကိုက်ညီမှုမရှိသည့်ကြော်ငြာများတို့ဖြစ်ကြပါသည်။

ပုဒ်မ ၆၄ ပါဖော်ပြချက်တွင် စီးပွားရေးလုပ်ငန်းရှင်မည်သူမျှ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်းအခြေအနေတစ်ခုခုဖြင့် အရောင်းမြှင့်တင်ရန်မပြုရ-

          ပုဒ်မ၆၄ပါဖော်ပြချက်တွင် စီးပွားရေးလုပ်ငန်းရှင်မည်သူမျှ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု

နှင့်စပ်လျဉ်းအခြေအနေတစ်ခုခုဖြင့် အရောင်းမြှင့်တင်ရန် မပြုရသည့်အချက်များမှာ (က) သတ်မှတ်ထားသောကာလအတွင်းကြော်ငြာထားသောပမာဏ၊ အရေအတွက်အတိုင်းရောင်းချရန် အစီအစဉ်မရှိဘဲ ကုန်စည်ကို အချိန်ကာလတစ်ခုအတွင်း အထူးဈေးနှုန်းဖြင့်ရောင်းချရန်ကမ်းလှမ်း ခြင်း၊ (ခ)ကုန်စည်တစ်ခုကို ဆုကြေးအနေဖြင့်ပေးရန် သို့မဟုတ် အခမဲ့ဝန်ဆောင်မှုပေးရန် ကတိပြု ထားသော်လည်း အမှန်တကယ်ပေးအပ်နိုင်ခြင်းမရှိဘဲ၊ ရောင်းချရန်ကမ်းလှမ်းခြင်း၊ (ဂ) စားသုံးသူ ၏ရုပ်ပိုင်းဆိုင်ရာဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာကိုဖြစ်စေ အနှောက်အယှက်ဖြစ်စေမည့်နည်းလမ်းတစ်ခု ခုဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရောင်းချရန်ကမ်းလှမ်းခြင်းအား အရောင်းမြှင့်တင်ခြင်း မပြုရန်ဖြစ်ပါသည်။

ပုဒ်မ ၆၅ ဖော်ပြချက်တွင် စီးပွားရေးလုပ်ငန်းရှင် မည်သူမျှ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်းအခြေအနေတစ်ခုခုဖြင့် ထင်ယောင်ထင်မှားဖြစ်စေခြင်းမပြုရ-

          ပုဒ်မ ၆၅ ဖော်ပြချက်တွင် စီးပွားရေးလုပ်ငန်းရှင် မည်သူမျှ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု နှင့်စပ်လျဉ်း အခြေအနေတစ်ခုခုဖြင့် ထင်ယောင်ထင်မှားဖြစ်စေခြင်းမပြုရန်မှာ (က) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ပြုပြင်မွမ်းမံပြီး သို့မဟုတ် ပြုပြင်ပြောင်းလဲပြီးမှ ရောင်းချခြင်း  (ခ) သတ်မှတ် စံချိန်စံညွှန်း၊ အရည်အသွေးတို့နှင့် ကိုက်ညီသည်ဟု မမှန်မကန်ဖော်ပြခြင်း၊        (ဂ) နောက်ဆုံးသုံးစွဲရမည့် ရက်စွဲကျော်လွန်နေသော ကုန်စည်ကို ပြုပြင်မွမ်းမံ၍ရောင်းချခြင်း၊ (ဃ) အမျိုးအစားအရည်အသွေးနိမ့်ကုန်စည်ကို ရောနှောရောင်းချခြင်းနှင့်အမျိုးအစားမတူ စားသုံး ရန်မသင့်သောကုန်စည်ကို ရောနှောရောင်းချခြင်းဖြစ်ပါသည်။

ပုဒ်မ ၆၆ တွင် စီးပွားရေးလုပ်ငန်းရှင် မည်သူမျှ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်းအခြေအနေတစ်ခုခုဖြင့် လိမ်လည်လှည့်ဖြားမှုမပြုရ-

          ပုဒ်မ ၆၆ တွင် စီးပွားရေးလုပ်ငန်းရှင် မည်သူမျှ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်းအခြေအနေတစ်ခုခုဖြင့် လိမ်လည်လှည့်ဖြားမှုမပြုရပါ၊ (က)အသုံးမပြုနိုင်သော သို့မဟုတ် မရရှိနိုင်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုဖြစ်ခြင်း၊ (ခ) အပြစ်အနာအဆာ၊ ချို့ယွင်းချက်များ ကို ဖုံးကွယ်ထားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုဖြစ်ခြင်း၊ (ဂ) အခြားသောကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ချိုးနှိမ်ဖော်ပြခြင်း၊       (ဃ) ကုန်စည် 

သို့မဟုတ် ဝန်ဆောင်မှုတွင် ပါဝင်ရမည့် သတင်းအချက်အလက်များကို ပြည့်စုံခိုင်မာမှုမရှိဘဲ ချဲ့ကားဖော်ပြမှုများကို အသုံးပြုခြင်း (င) ကမ်းလှမ်းထားသော ကုန်စည်မဟုတ်ဘဲ အခြားကုန်စည် ကိုအစားထိုးရောင်းချခြင်း၊ (စ) အရောင်းမြှင့်တင်ရောင်းချခြင်းမပြုမီ ဈေးနှုန်းများကိုတိုးမြှင့်ခြင်း၊ (ဆ) အသုံးပြုလိုသော ကုန်စည်တစ်ခုကို ဝယ်ယူရာတွင် ခိုင်လုံသောအကြောင်းပြချက်တစ်ခု တစ်ရာမရှိဘဲ စားသုံးသူမလိုအပ်သော အခြားကုန်စည်တစ်ခုနှင့်တွဲဖက်ရောင်းချခြင်းစသည့် အချက်အလက်များဖြစ်ပါသည်။

          အထက်ဖော်ပြပါ တားမြစ်ချက်များ ပုဒ်မတစ်ခုချင်းစီတွင် အချက်အလက်အသေးစိတ်များ လေ့လာမှတ်သားစရာများဖြစ်ပါသည်။ မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် အဆင် ပြေချောမွေ့စေရန်နှင့် ရေရှည်အောင်မြင်မှုများရရှိစေရန် စီးပွားရေးလုပ်ငန်းရှင်ပညာရှင်များ    ဗဟုသုတ ရရှိပါစေကြောင်းဆန္ဒပြုလျက် စားသုံးသူကာကွယ်ရေးမှ စီးပွားရေးလုပ်ငန်းရှင်များ၏ အခန်းကဏ္ဍအား ကောက်နုတ်တင်ပြလိုက်ပါသည်။

DOCA(မွန်)

 

ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုအခြေခံသင်တန်းတွင် စားသုံးသူအသိပညာပေးဟောပြောဆွေးနွေးမှု ပြုလုပ်ခဲ့

           စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယ ပြည်နယ်ဦးစီးမှူး ဦးဇော်မင်းသန်းနှင့် ဝန်ထမ်းများသည် ဩဂုတ်လ(၄)ရက်၊ နေ့လည်(1) နာရီအချိန်၌ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းရှင်များအသင်း(ရှမ်း/မြောက်ဇုန်)မှ ကြီးမှူးကျင်းပဖွင့်လှစ်လျက်ရှိ သော “ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုအခြေခံသင်တန်း တွင် စားသုံးသူကာကွယ်ရေးနှင့် ပါတ်သက်၍ အသိပညာပေး ဟောပြောဆွေးနွေးပို့ချခဲ့ကြောင်း သိရှိရပါသည်။

       ဒုတိယပြည်နယ်ဦးစီးမှူးဦးဇော်မင်းသန်းမှ “ ကုန်အညွှန်းအမှတ်အသားနှင့်ဝန်ဆောင်မှုအကြောင်း ”ကို အဓိကဆွေးနွေးပို့ချခဲ့ပြီး ကုန်စည်ထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချပါက ကုန်ပစ္စည်းပေါ်တွင် ဖော်ပြရန်လိုအပ်မည့်အချက်များ၊ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့် အချက်များကိုလည်း အသေးစိတ်ဆွေးနွေးခဲ့ကာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သိရှိရပါသည်။ သင်တန်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ (လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မူဆယ်၊ လောက်ကိုင်၊ ကွတ်ခိုင်၊ ဟိုပန်၊ တန့်ယန်းမြို့)မှ ဟိုတယ်ဝန်ထမ်း (၁၇၀)ဦး တက်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

            စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးသည် စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းပြီး ထုန်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြုဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားမှုအခြေအနေနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၉.၈.၂၀၂၂ရက်နေ့တွင် မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်(ဌာနခွဲစာရေး)သည် မိုးညှင်းမြို၊ နားခါရပ်ကွက်၊ မြို့မရပ်ကွက်ရှိ လက်လီ၊လက်ကားကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်စည်အုပ်စု(၈)ခုအနက် အသင့်စားမုန့် အမျိုးမျိုးတွင်ပါဝင်သည့် ပြည့်ကမ္ဘာအမှတ်တံဆိပ်(နို့ကိတ်)၊ Cartoon အမှတ်တံဆိပ်(နို့စိမ်းရှယ်ကိတ်ခြောက်) နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုးပါဝင်သည့် မြဘုရင်အမှတ်တံဆိပ်(နို့ဆီမလိုင်ပြည့်)တို့အား ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)အရ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများဖြစ်သည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို ပြည့်စုံစွာဖော်ပြထားရှိခြင်း ရှိမရှိအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

DOCA(ကချင်)

 

မိဘများက ရင်သွေးငယ်တွေကို လုံခြုံစွာစောင့်ရှောက်နိုင်ရေးအစီအစဉ်တစ်ခု သြစ​တေးလျ ယှဉ်ပြိုင်မှုနှင့် စားသုံးသူရေးရာကော်မရှင်(ACCC) စတင်ဆောင်ရွက်

             သြစတေးလျယှဉ်ပြိုင်မှုနှင့် စားသုံးသူရေးရာကော်မရှင်အနေဖြင့် မိဘများက ၎င်းတို့၏ရင်သွေးငယ် များကို ဘေးကင်းလုံခြုံစွာ စောင့်ရှောက်မှုပေးနိုင်ရေးအစီအစဉ်အဖြစ် Your First Steps အမည်ဖြင့် www.babyproductsafety.gov.au Website ကို ၂၀၂၂ ခုနှစ် သြဂုတ်လ ၁ ရက်နေ့က စတင်မိတ်ဆက် ခဲ့ကြောင်းသိရပါသည်။ အဆိုပါ Website တွင် ရင်သွေးငယ်များအတွက် ရည်ရွယ်ထုတ်လုပ်သည့် ကုန်စည်များနဲ့ပတ်သက်ပြီး ဘေးကင်းလုံခြုံးရေးဆိုင်ရာ နောက်ဆုံးရ သတင်းအချက်အလက်များ၊ အကြံပြုချက်များကို ဖော်ပြထားပါသည်။ ကလေးကစားစရာများ၊ ကလေးသယ်ပိုးပစ္စည်းများ၊ ကလေး အိပ်စက်ရာတွင်အသုံးပြုသောပစ္စည်းများ၊ ကလေးရေချိုးရာတွင် အသုံးပြုသော ပစ္စည်းများနှင့် ပတ်သက်၍ လုံခြုံစိတ်ချရမှုရှိစေရေး စမ်းသပ်စစ်ဆေးခြင်းများနှင့်အကြုံပြချက်များကို လေ့လာနိုင်သကဲ့သို့ လုံခြုံ စိတ်ချရခြင်းမရှိသည့်အတွက် ပိတ်ပင်တားမြစ်ထားသော ကုန်စည်များအားအသိပေးခြင်းများကို အဆိုပါ Website တွင်လေ့လာနိုင်ကြောင်း သိရှိရသည်။

           "မိဘများအနေနဲ့ ကိုယ့်ဘဝထဲကိုရောက်ရှိလာမယ့်ရင်သွေးငယ်အတွက် ကြိုတင်ပြင်ဆင်ရတာ စိတ်လှုပ်ရှားပျော်ရွှင်စရာကောင်းပါတယ်။ ဒါပေမယ့်မိဘတွေအနေနဲ့ ရင်သွေးလေးတွေအတွက် ဘယ်လို ပစ္စည်းမျိုးကိုရွေးချယ်ဝယ်ယူသင့်တယ်ဆိုတာကတော့ ခေါင်းရှုပ်စရာဖြစ်နေတာကိုတွေ့ရတယ်။ မိဘတွေ အနေနဲ့ ဘေးကင်းစိတ်ချရတဲ့ထုတ်ကုန်တွေကိုရွေးချယ်ဖို့နဲ့ ဒီထုတ်ကုန်တွေကို ဘေးကင်းလုံခြုံစွာ သုံးစွဲနည်းကိုသေချာသိနိုင်ဖို့ ခက်ခဲနိုင်ပါတယ်။ ရင်သွေးငယ်လေးတွေဟာ ကျွပ်တို့လူ့အသိုင်းအဝိုင်းမှာ အားနွဲ့သူလေးတွေဖြစ်ပါတယ်။ ဒါကြောင့် ဒီအစီအစဉ်ရဲ့အစိတ်အပိုင်းတစ်ရပ်အနေနဲ့   သူတို့ရဲ့ ရင်သွေးလေးတွေ ဘေးကင်းလုံခြုံစေရေး မိဘတွေကို အကူအညီပေးတာ ဖြစ်တယ်" လို့ ကော်မရှင်ရဲ့ ဒုတိယဥက္ကဌ Delia Rickard က​ဆိုပါသည်။

         နူးညံ့တဲ့အရုပ်ကလေးတွေ၊ ချိုလိမ်လေးတွေက ကလေးငယ်အတွက် ဘေးကင်းတယ်လို့ ဆိုကြသော်လည်း ကလေးငယ်ရဲ့ ပါးစပ်နဲ့ နှာခေါင်းကို ပိတ်ထားနိုင်တဲ့အတွက် အသက်ရှူရခက်စေတတ်ကြောင်း၊ ဒီလိုပဲ ကလေးအိပ်ကုတင်များ၊ကလေးကားထိုင်ခုံများ၊ ရေချိုးရာမှာအသုံးပြုတဲ့ ပစ္စည်းများကလည်း သတိထားရမယ့်ထဲမှာပါကြောင်း၊ ကလေးငယ်တွေကို ညီညာပြန့်ပြူးတဲ့ အိပ်ယာမှာ သာအိပ်စက်သင့်ကြောင်း၊ ကလေးအိပ်ယာနားမှာ နူးညံ့ပျော့ပျောင်းတဲ့ အရာဝတ္တု တွေထားရှိခြင်း၊ အလှ ဆင်ခြင်းသည် အန္တရာယ်မကင်းကြောင်း၊ ထုတ်ကုန်ဒီဇိုင်းအရဖြစ်စေ၊ တခြားအခြေ အနေကြောင့်ဖြစ်စေ၊ သုံးစွဲပုံစနစ်မကျ၍ဖြစ်စေ ကလေးငယ်အတွက် အန္တရာယ်ရှိနိုင်ကြောင်း၊ အန္တရာယ်မကင်းတဲ့ ထုတ်ကုန်တွေ တွေ့ရင် ACCC ကို သတင်းပို့ပေးရန် Ms Rickard က​ အသိပေးထားကြောင်း သိရှိရပါသည်။

       အဆိုပါ Your First Steps Website သည် မိဘများနှင့် ရင်သွေးငယ်ပြုစုစောင့်ရှောက်သူများအတွက် လိုအပ်သောသတင်းအချက်အလက်များကို ပြည့်စုံစွာရရှိနိုင်မည့် ယုံကြည်စိတ်ချရသော အရင်းအမြစ်တစ်ခုဖြစ်သောကြောင့် ရင်သွေးငယ်များဘေးကင်းလုံခြုံစေရန် babyproductsafety.gov.au ကို ဝင်ရောက်ကြည့်ရှုလေ့လာကြဖို့ ACCC က တိုက်တွန်းထားကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

စားအုန်းဆီလုပ်ငန်းရှင်နှင့် တွေ့ဆုံ

       စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် မြို့နယ် တာဝန်ခံများသည် (၉.၈.၂၀၂၂)ရက်နေ့တွင် မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်ရှိ ဦးအောင်ချစ် စားအုန်းဆီ ရောင်းဝယ်ရေး လုပ်ငန်းသို့သွားရောက်၍ လုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခဲ့ ပါသည်။

    ထို့သို့တွေ့ဆုံရာတွင် ခရိုင်ဦးစီးမှူးက လုပ်ငန်းရှင်အား စားအုန်းဆီလက်ကားဖြန့်ဖြူးရောင်းချသူများအနေဖြင့် စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အပတ်စဉ် ထုတ်ပြန်ကြေညာလျက်ရှိသည့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအပေါ် ဒေသအလိုက်သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ထပ်ပေါင်း၍ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့်သာ ရောင်းချသွားရန်၊ နယ်စပ်လမ်းကြောင်းများမှ ပုဇွန်နှစ်ကောင်တံဆိပ်ပါ စားသုံးဆီအပါအဝင် စားသုံးဆီပုံးများ တရားမဝင် ဝင်ရောက်မှုများရှိနေသဖြင့် ထိုလမ်းကြောင်းများမှ ဝင်ရောက်သည့်ပစ္စည်းများအား ဝယ်ယူရောင်းချခြင်း မပြုရန်နှင့် ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအား ရှင်းလင်းဆွေးနွေးအသိပညာပေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ ၂၀၂၂ခုနှစ်၊ ဇွန်လ နှင့် ဇူလိုင်လအတွင်း ဖမ်းဆီးရရှိမှုအခြေအနေ

        တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးစီမံချက်၏ ရည်ရွယ်ချက်များဖြစ်သော တရားမဝင်ကုန်သွယ်စီးဆင်းမှုများ လျော့နည်းပပျောက်ရန်၊ တရားဝင်ကုန်သွယ်မှုလမ်းကြောင်းပေါ်သို့ ရောက်ရှိစေ ရေးဆောင်ရွက်ရန်၊ နိုင်ငံတော်မှရသင့်ရထိုက်သည့် အခွန်အခများရရှိရန် ရည်ရွယ်၍ တမူးမြို့ရှိ(၄)မိုင် စစ်ဆေးရေးဂိတ်၊ စစ်ကိုင်းမြို့ရတနာပုံစစ်ဆေးရေးဂိတ်၊ မုံရွာမြို့ရှိ ကျွဲရဲစစ်ဆေးရေးဂိတ်၊ ရွှေဘိုမြို့ရှိ အမှတ်(၈)စစ်အခြေခံလေ့ကျင့်ရေးတပ်ထိပ်ဂိတ်နှင့် မုံရွာမြို့အထွက်ရှိ မအူကျေးရွာတွင် မအူပူးပေါင်း စစ်ဆေးရေးဂိတ်အား ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများအား တာဝန်ပေး စေလွှတ်ခဲ့ပါတယ်။

          တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ဆုံးဖြတ်ချက်နှင့် စစ်ကိုင်းတိုင်း‌ဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဆင့်ပွားသင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ဥက္ကဌ လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဦးစီးပြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၌ (၂၇.၅.၂၀၂၂) ရက်နေ့တွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဆင့်ပွားသင်တန်းကို ကျင်းပခဲ့ပါတယ်။

   ၂၀၂၂ခုနှစ်၊ ဇွန်လအတွင်း စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးစစ်ဆေးရေးဂိတ်များတွင် တရားမဝင်ကုန်စည်များဖမ်းဆီးရရှိမှုအခြေအနေမှာ ဘိန်းဖြူ (၁၇၀၀.၈၈၁)ဂရမ် ခန့်မှန်းတန်ဖိုး(ကျပ်)၁၁၅၉၂၁၉၀၄၀၊ စိတ်ကြွဆေးပြား(၆၂၂၉၀)ပြားခန့်မှန်းတန်ဖိုး(ကျပ်)၂၆၄၇၄၂၅၀၀၊ ဘိန်းစိမ်း(၁၀၂၆၀)ဂရမ် ခန့်မှန်းတန်ဖိုး (ကျပ်) ၁၀၂၆၀၀၀၀၊ ဒီဇယ်ဆီ (၂၀၈၄၁) ဂါလံ ခန့်မှန်းတန်ဖိုး (ကျပ်) ၁၉၃၃၁၁၆၀၀၊ ဓါတ်ဆီ (၈၅၀)ဂါလံ ခန့်မှန်းတန်ဖိုး(ကျပ်) ၁၆၂၅၂၀၀၀၊ မီးသွေး (၁၃၈.၈၀၀)တန် ခန့်မှန်းတန်ဖိုး(ကျပ်)၂၄၉၈၄၀၊ ဆိုင်ကယ်(၆)စီး ခန့်မှန်းတန်ဖိုး(ကျပ်) ၁၅၀၀၀၀၀၊ ‌မော်တော်ကား(၁၉)စီး ခန့်မှန်းတန်ဖိုး(ကျပ်) ၇၁၇၀၀၀၀၀၊ လူသုံးကုန်ပစ္စည်း(၅၉)မျိုး ခန့်မှန်းတန်ဖိုး(ကျပ်) ၁၄၅၃၂၇၀၀၀၊ တရားမဝင်သစ်(၁၀.၃၈၁၆)တန် ခန့်မှန်း တန်ဖိုး(ကျပ်) ၂၁၇၃၈၀၀၊ ဓါတ်မြေဩဇာ (၃၈၀)အိတ် ခန့်မှန်း တန်ဖိုး(ကျပ်) ၁၃၃၀၀၀၀၀၊ ရေနံစိမ်း (၅၄၅၀)ဂါလံ ခန့်မှန်းတန်ဖိုး (ကျပ်) ၄၃၀၅၅၀၀၀၊ ရေနံချက်ဆီ (၂၅၀)ဂါလံ ၂၀၅၀၀၀၀ စုစုပေါင်း(၈၀)မှု၊ ခန့်မှန်းတန်ဖိုး(ကျပ်) ၁၉၂၃၁၄၀၇၈၀ ဖမ်းဆီးရရှိခဲ့ပါတယ်။

   ၂၀၂၂ခုနှစ်၊ ဇူလိုင်လအတွင်း စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး စစ်ဆေးရေးဂိတ်များတွင် တရားမဝင်ကုန်စည်များဖမ်းဆီးရရှိမှုအခြေအနေမှာ ဘိန်းဖြူ (၁၅၄၄.၀၇)ဂရမ် ခန့်မှန်းတန်ဖိုး(ကျပ်)၇၇၆၁၆၅၀၀၊ စိတ်ကြွဆေးပြား(၇၀၂၀)ပြား ခန့်မှန်းတန်ဖိုး(ကျပ်)၁၇၄၈၃၅၀၀၊ ဆေး ခြောက်(၈၁၅.၃၅)ခန့်မှန်းတန်ဖိုး(၂၁၇၄၂၅၀)၊ဒီဇယ်ဆီ(၂၉၀၀၀)ဂါလံခန့်မှန်းတန်ဖိုး(ကျပ်)၂၉၀၀၀၀၀၀၀၊ ဓါတ်ဆီ(၂၈.၃)ဂါလံ ခန့်မှန်းတန်ဖိုး(ကျပ်)၃၅၉၂၀၀၊ ဆိုင်ကယ်(၁၅)စီး ခန့်မှန်းတန်ဖိုး(ကျပ်) ၃၉၄၀၀၀၀၊ ‌မော်တော်ကား(၆)စီး ခန့်မှန်းတန်ဖိုး(ကျပ်) ၂၂၅၀၀၀၀၀၊ လူသုံးကုန်ပစ္စည်း(၂၀)မျိုးခန့်မှန်းတန်ဖိုး(ကျပ်) ၁၉၄၅၈၆၀၀၊ တရားမဝင်သစ်(၁၇၆.၀၀၉၆)တန် ခန့်မှန်း တန်ဖိုး(ကျပ်) ၆၅၂၀၁၆၃၂ စုစုပေါင်း (၆၄)မှု၊ ခန့်မှန်းတန်ဖိုး(ကျပ်)၄၉၈၇၃၃၆၈၂ ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရပါတယ်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ