Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ခရမ်းမြို့နယ် အခြေခံမူလတန်းကျောင်း ပြင်ပမုန့်ဈေးတန်းရောင်းချနေမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း ”

            ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် အမှတ်(၁၁)ရပ်ကွက် မြို့လှအခြေခံပညာမူလတန်းသို့ ဒီဇင်ဘာလ(၅)ရက်နေ့၊ နံနက်(၁၁း၃၀)အချိန်တွင် ကျောင်းပြင်ပ မုန့်ဈေးတန်းတွင် မုန့်မျိုးစုံဖြန့်ဖြူးရောင်းချပေးလျက်ရှိသော မုန့်ဆိုင်များတွင် မုန့်ရောင်းချနေမှုအခြေအနေအား စားသုံးသူအသိပညာပေး ဆွေးနွေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

              ထိုသို့ကျောင်းပြင်ပမုန့်ဈေးတန်းကွင်းဆင်းစစ်ဆေးခဲ့ရာတွင် အမှတ်(၁၁)ရပ်ကွက်၊ မြို့လှအခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ မများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ကျောင်းမုန့်ဈေးတန်းတွင် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော မုန့်ဆိုင်ပိုင်ရှင်များအနေဖြင့် မိမိတို့ဝယ်ယူဖြန့်ဖြူးရောင်းချပေးလျက်ရှိသော စားသောက်ကုန်ပစ္စည်းအမျိုးမျိုးတို့အား ကျောင်းသား/ သူများ ဘေးဥပဒ်အန္တရာယ် ကင်းရှင်းစေနိုင်သော စားသောက်ကုန်မုန့်အမျိုးမျိုးနှင့် အအေးတို့ကိုသာ ဖြန့်ဖြူးရောင်းချပေးကြရန်နှင့် သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသော စားသောက်ကုန်မုန့်များနှင့် အအေးပစ္စည်းများ၊ ဆိုးဆေးများ အလွန်အကျွံအသုံးပြုထားသော စားသောက်ကုန်ပစ္စည်းများ စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသော စားသောက်ကုန်ပစ္စည်းအမျိုးမျိုးတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ် အသားဖော်ပြပါရှိရမည့်အချက်များဖြစ်သော အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်စသည့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိခြင်း မရှိသော စားသောက်ကုန်ပစ္စည်းများအား မိမိတို့၏မုန့်ဆိုင်များတွင် ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး ကျောင်းပြင်ပမုန့်ဈေးတန်းတွင် ဖြန့်ဖြူးရောင်းချပေးနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဖြူးမြို့နယ် ပညာမြင့်မိုရ်ကိုယ်ပိုင်ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး

 တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး အခြေခံပညာကျောင်းသားကျောင်းသူများ သိသင့်သိထိုက် သည့် အသိပညာဗဟုသုတများ ရရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ဖြူးမြို့နယ် ဇေယျဝတီမြို့ ပညာမြင့်မိုရ် ကိုယ်ပိုင်အထက်တန်းကျောင်း တွင် ကျောင်းသား/ကျောင်းသူများအား သက်ဆိုင်ရာဌာနများအလိုက် အသိပညာပေးဟောပြောခဲ့ပါသည်။

     ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် တာဝန်ခံ ဒေါ်သန္တာစိုးသည် စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများကို ဦးစားပေးဖတ်ရှုသင့်ပုံများ၊ အွန်လိုင်းမှတစ်ဆင့် ဈေးဝယ်ယူရာ တွင် သတိပြုရမည့်အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါ တိုင်ကြားနိုင်ခြင်းများကို ဟောပြောပါ သည်။

     ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက ကျောင်းသား/ကျောင်းသူများနှင့် လူငယ်စကားဝိုင်းကို ကျင်းပခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ ၁၀၀ ဦးတက်ရောက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

“ ခရမ်းမြို့နယ် အခြေခံမူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပခြင်း ”

            ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ရှိ ကျောင်းသား/ သူများအနေဖြင့် လူသုံးကုန်နှင့်စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသောက်သုံးစွဲတတ်စေရန် ရည်ရွယ်၍ ဒီဇင်ဘာလ(၆)ရက်နေ့၊ နံနက်(၁၀း၃၀)အချိန်တွင် အမှတ်(၁၁)ရပ်ကွက်၊ မြို့လှအခြေခံပညာမူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

            အဆိုပါဟောပြောပွဲအခမ်းအနားတွင် မြို့လှအခြေခံပညာမူလတန်းကျောင်းမှာ ကျောင်းအုပ်ဆရာမကြီးက ကျောင်းသား/ သူများအနေဖြင့် အသိပညာပေးဟောပြောပွဲတွင် ရရှိ လာမည့်အသိပညာ ဗဟုသုတများအား လေ့လာမှတ်သားထားကြရန် သို့မှသာ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲရာ၌ စဉ်းစားတွေးခေါ်မှုမြင့်မားလာပြီး အလေ့ကျင့်ကောင်းများ ရရှိလာမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်မှ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူအများပြည်သူတို့၏ စားသုံးသူအခွင့်အရေးများ၊ ဆုံးရှုံးမှုမရှိစေရန်အတွက် စားသုံးသူအကာအကွယ်ရေးဥပဒေတစ်ရပ်ကို ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်(၉/၂၀၁၉)ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် အတည်ပြုပြဌာန်းလိုက်ကြောင်း ၎င်းဥပဒေတွင် ဦးစီးဌာန၏လုပ်ပိုင်ခွင့်နှင့်လုပ်ငန်းတာဝန်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်(သို့) ဝန်ဆောင်မှုလုပ်ငန်းများ၏အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များမှ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရမည့်အချက်များအား အသေးစိတ်ရှင်းလင်းပြောကြားပေးခဲ့ပြီး ကျောင်းသား/ သူမျာအနေဖြင့် စားသောက်ကုန် ပစ္စည်းအမျိုးမျိုးတို့အား ဝယ်ယူစားသောက်သုံးစွဲရာတွင် ထုတ်လုပ်သည့်ရက်စွဲ၊ ကုန်ဆုံးသည့်ရက်စွဲ မှိုတက်နေခြင်းရှိ/ မရှိစသည့်တို့ကို သေချာစွာကြည့်ရှုစစ်ဆေးပြီးမှ ဝယ်ယူသုံးစွဲကြရန်နှင့် သက်ဆိုင်ရာမှ ခွင့်ပြုထားခြင်းမရှိသော ဆိုးဆေးအများအပြားသုံးစွဲထားသော ဘေးဥပဒ်ဖြစ်စေနိုင်သည့် စားသောက်ကုန်ပစ္စည်းများအား ဝယ်ယူသုံးစွဲခြင်းမပြုကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပြီး အဆိုပါဟောပြောပွဲသို့ ဆရာ/မ(၆)ဦးနှင့်ကျောင်းသား/သူ (၁၅၅)ဦး စုစုပေါင်း(၁၆၁)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ဆန်ဆိုင်များအား ဆန်အမျိုးအစားအလိုက် ဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း ”

           ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ ဆန်ဆိုင်များအား ဆန်အမျိုးအစားအလိုက် ဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား ဒီဇင်ဘာလ(၅)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့သည် ခရမ်းမြို့နယ် (၂)ရပ်ကွက်ရှိ ဒေါ်သောင်းသောင်းဆန်ဆိုင်တွင် ရောင်းချလျက်ရှိသော ဆန်အမျိုးအစားအလိုက် ဆန်အခြေအနေများအား စာရင်းကောက်ယူခြင်းနှင့် ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများထဲမှ စားသုံးသူပြည်သူများ၏ အဓိကစားကုန်ဆန် ဈေးနှုန်းများသည် အောက်တိုဘာလအစောပိုင်းတွင် တည်ငြိမ်လျက်ရှိပြီး လက်ရှိအချိန်တွင် ဈေးနှုန်းမြှင့်တင်ရောင်းချနေကြောင်း အချို့ဒေသများတွင်ဖြစ်ပေါ်နေသည်ဟု သတင်းရရှိလာမှုအပေါ် ခရမ်းမြို့နယ်ဆန်ဆိုင်ပိုင်ရှင်များအနေဖြင့် ဆန်အမျိုးအစားအလိုက် သတ်မှတ်ထား သော သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းများထက်မပိုသော ဈေးနှုန်းများဖြင့်သာ ဖြန့်ဖြူးရောင်းချပေးကြရန် အသိပညာပေးဆွေးနွေးပြောကြားပေးခဲ့ပြီး ၎င်းတို့အနေဖြင့် ဝယ်ယူ သည့်နေရာ၊ ကုမ္ပဏီ၊ လုပ်ငန်း၊ သိုလှောင်သည့်နေရာ ဆန်အမျိုးအစားအလိုက် ယခင်လ ဈေးနှုန်း၊ ယခုလဈေးနှုန်းများအား စာရင်းကောက်ယူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

  DOCA(ရန်ကုန်)

“ဆေးဆိုင်များတွင်ဆေးဝါးများ ပြတ်လပ်မှုမရှိစေရေးနှင့်ဈေးနှုန်းများ မှန်ကန်စွာရောင်းချနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်း”

              ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ခရမ်းမြို့နယ်အတွင်း၌ရောင်းချလျက်ရှိသည့် ဆေးဆိုင်များတွင် ဆေးဝါးများပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမှန်ကန်စွာရောင်းချနိုင်ရေး  စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် ဒီဇင်ဘာ(၄)ရက်နေ့၊ နံနက် (၁၀:၃၀)အချိန်တွင် ဈေးကွက်အတွင်းကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

             ထိုသို့ဈေးကွက်အတွင်းကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ခရမ်းမြို့နယ်အတွင်းရှိ ရွှေဇင်ယော်ဆေးဆိုင်၊ သီတဂူဆေးဆိုင်များတွင် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော ဆေးဝါးများအနက် ကာလကြာရှည်စွာ သုံးစွဲနေရသည့်ဆေးဝါးများဖြစ်သော သွေးတိုးကျဆေး၊ သွေးကျဲဆေး၊ အကိုက်အခဲ ပျောက်ဆေး၊ ဆီးချိုဆေး၊ နှလုံးဆေး၊ လေဆေး၊ အာရုံကြောဆေးစသည့် စားသုံးသူပြည်သူများ ပုံမှန်သောက်သုံးနေရသည့်ဆေးဝါးများ ပြတ်လပ်မှုမရှိစေရေး ဈေးနှုန်းမြှင့်တင် ရောင်းချ နေခြင်းများ မဖြစ်စေရေးနှင့် ဈေးနှုန်းမှန်ကန်စွာရောင်းချနိုင်ရေးတို့အား ကွင်းဆင်းစစ်ဆေးပြီး ဈေးကစားရန်ရည်ရွယ်ချက်ရှိရှိဖြင့် သိုလှောင်ထားခြင်းများမပြုလုပ်ကြရန်နှင့် ဈေးနှုန်းများ အဆမတန်မြှင့်တင်ဖြန့်ဖြူးရောင်းချခြင်းများမပြုလုပ်ကြရန် အသိပညာပေးဆွေးနွေး ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

 

DOCA(ရန်ကုန်)

                            

တိုက်ကြီးမြို့တွင် ဆေးဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် ဆေးဝါးပြတ်လပ်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

             တိုက်ကြီးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ခွဲတာဝန်ခံသည် သက်ဆိုင်ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာနှင့် ပူးပေါင်း၍ တိုက်ကြီးမြို့ပေါ်ရှိ ဆေးဝါးမျိုးစုံရောင်းချသော ဆိုင်များသို့ (၇.၁၂.၂၀၂၄)ရက်နေ့ နံနက် (၀၉:၃၀)နာရီအချိန်တွင် ကွင်းဆင်းရာ ဆေးနှင့်ဆေးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဆေးနှင့်ဆေးပစ္စည်းများ ဈေးကွက်အတွင်း ပြတ်လပ်မှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ဈေးနှုန်းကြီးမြင့်ရောင်းချမှုမရှိကြောင်းနှင့် ဆေးဝါးအမှတ်တံဆိပ်အချို့ပြတ်လပ်မှုရှိသော်လည်း အာနိသင်တူဆေးဝါးတံဆိပ်များ ရောင်းချထားသည့်အတွက် ဈေးကွက်အတွင်း ဆေးဝါးပြတ်လပ်မှုမရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

တိုက်ကြီးမြို့နယ်၊ မြို့မဈေးတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ဆန်ရောင်းချရေး ကွင်းဆင်းဆောင်ရွက်

             တိုက်ကြီးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ခွဲတာဝန်ခံသည် တိုက်ကြီးမြို့မဈေးတွင် ဈေးတာဝန်ခံနှင့်တာဝန်ရှိ ဝန်ထမ်းများပူးပေါင်းပါဝင်၍ (၈.၁၂.၂၀၂၄)ရက်နေ့ နေ့လယ် (၁၃:၀၀)အချိန်တွင် ဈေးအတွင်းရှိ ဆန်ရောင်းချသောဆိုင်များသို့ ကွင်းဆင်းကာ ဆန်ဈေးနှုန်းတည်ငြိမ်စေရေး၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချစေရေး၊ ဆန်ဈေးကွက်စီးဆင်းမှုမှန်ကန်စေရေး၊ ရောင်းချသောဆန်အမျိုးအစားအလိုက် ဈေးနှုန်းအားပွင့်လင်းမြင်သာစွာ ချိတ်ဆွဲထားရှိစေရေး ကွင်းဆင်းခဲ့ပါသည်။ တိုက်ကြီးမြို့နယ်တွင် ဒေသထွက်ဆန်များဖြစ်သော မနောသုခ၊ ဆင်းသုခ၊ သုခရှယ်၊ ပခန်း တို့အား ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ပခုက္ကူမြို့၊ အမှတ်(၉၈)အခြေခံပညာမူလတန်းကျောင်းရှိ မုန့်ဈေးတန်းဆိုင်များသို့ စားသုံးရန်မသင့် အစားအစာများရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

    မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးရှိ ဒုတိယခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ဘေးန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရန်နှင့် ကျောင်းမုန့်ဈေးတန်းဆိုင်များတွင် စားသုံးရန်မသင့်အစား အစာများ ရောင်းချမှုမရှိစေရေး ရည်ရွယ်၍ (၉.၁၂.၂၀၂၄)ရက်နေ့၊ နံနက် (၁၁:၃၀)အချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၉၈)အခြေခံပညာမူလတန်းကျောင်းရှိ မုန့်ဈေးတန်းဆိုင်များသို့ သွားရောက်၍ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

    အသင့်စားမုန့်အမျိုးမျိုးအား ရောင်းချနေသည့် ဆိုင်ရှင်များအား ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းရှိ/မရှိ၊ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာ ဖော်ထားရှိသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် သက်တမ်းလွန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော ဆိုင်ရှင်များအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ဝယ်ယူစားသောက်နေသော မြန်မာ့ရိုးရာအစား အစာများ၊ အသုပ်များတွင် ခြင်၊ ယင်မနားစေရေန် သေချာစွာဖုံးအုပ်၍ ရောင်းချစေလိုကြောင်း၊ စားသုံးသူအခွင့်အရေးများနှင့် လုပ်ငန်းရှင်များ၏ တာဝန်များကိုလည်းသိရှိစေရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ မုန့်ဈေးတန်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

   မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးရှိ ဒုတိယခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ဦးစားပေး ကုန်စည်(၁၀)မျိုးမှ အသင့်စားမုန့်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြီးပြည့်စုံပြီး ဘေးန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ (၆.၁၂.၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ  မုန့်မျိုးစုံရောင်းချသည့်ဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

    အသင့်စားမုန့်အမျိုးမျိုးအား ရောင်းချနေသည့် လုပ်ငန်းရှင်များအား ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းရှိ/မရှိ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ် ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ထားရှိသော ကုန်စည်များကိုသာရောင်းချရန်နှင့် သက်တမ်းလွန်ပစ္စည်းများကိုရောင်းချခြင်းမပြုရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

တိုက်ကြီးမြို့နယ်တွင် စားအုန်းဆီဖြန်ဖြူးပေးမှုအား ကြီးကြပ်ဆောင်ရွက်

             တိုက်ကြီးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ခွဲတာဝန်ခံသည် ၉.၁၂.၂၀၂၄ ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် တိုက်ကြီးမြို့မဈေးနှင့်တိုက်ကြီးမြို့နယ်တွင် စားအုန်းဆီ ဖြန့်ဖြူးခွင့်ရ ကိုယ်စားလှယ်များသို့ ကွင်းဆင်းကာ စားအုန်းဆီလက်လီ/ လက်ကားရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချရန်နှင့် မြို့နယ်အတွက်ရရှိသော စားအုန်းဆီခွဲတမ်းအား ပြည်သူများသို့ အပြည့်အဝပြန်လည်ရောင်းချမှုရှိစေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးတို့အတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။ စားအုန်းဆီ တစ်ပိဿာ ရည်ညွှန်းဈေးနှုန်းမှာ ဒီဇင်ဘာလ (၉)ရက်နေ့မှ (၁၄)ရက်နေ့အထိ (၇၂၅၅)ဈေးနှုန်း ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)        

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ